Healthy Life Ad
Health Tips

အရွတ်များကို ထိခိုက်စေနိုင်သည့် အမူအကျင့်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အရွတ်ဆိုတာ ကြွက်သားနဲ့ အရိုးတွေ တွယ်ဆတ်ပေးတဲ့ တစ်သျှူးမျှင်ပါ။ ခန္ဓာကိုယ်မှာ အရွတ်ပေါင်း လေးထောင်ကျော်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အရွတ်တွေကို အလွန်အမင်း အသုံးပြုတဲ့အခါ ရောင်ရမ်းတတ်ပါတယ်။ တစ်ခါတလေနာကျင်မှုကိုလည်း ဖြစ်စေနိုင်တဲ့အတွက် အရွတ် ထိခိုက်နာကျင်မှု မဖြစ်အောင် ရှောင်သင့်တဲ့ အမူအကျင့်တွေကို အကြံပြုလိုက်ပါတယ်။

သွေးပူလေ့ကျင့်ခန်း မလုပ်ခြင်း
သွေးပူလေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ဖို့ အဆင်သင့်ဖြစ်စေရုံသာမက ထိခိုက်ဒဏ်ရာရနိုင်ခြေ လျော့ကျစေပါတယ်။ သွေးပူလေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အဆစ်နဲ့အရွတ်တွေကိုလည်း ဒဏ်သက်ရောက်မှု လျော့နည်းစေပါတယ်။

စီးကရက်သောက်ခြင်း
စီးကရက်သောက်တာက အဆုတ်နဲ့ နှလုံး ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ လူတိုင်း သိပါတယ်။ ဒါက အရွတ်တွေမှာ လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ အလုံအလောက်ရရှိမှသာ အရွတ်ကျန်းမာသန်စွမ်းမှာပါ။ စီးကရက်သောက်တဲ့အခါ အရွတ်တွေဆီ အောက်ဆီဂျင်နဲ့ အာဟာရ ရောက်ရှိမှု လျော့ကျပြီး သွေးလှည့်ပတ်စီးဆင်းမှုကိုလည်း အဟန့်အတားဖြစ်စေပါတယ်။

အနားပေးခြင်း
လေ့ကျင့်ခန်းလုပ်ရင်း အရွတ်တွေ ရောင်ရမ်းကိုက်ခဲနေရင် အနားပေးဖို့ အရေးကြီးပါတယ်။

အထိုင်များသည့် နေထိုင်မှုပုံစံရှိခြင်း
အထိုင်များလွန်းတာက အရွတ်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထိုင်များတဲ့ နေထိုင်မှု ပုံစံရှိရင် အရွတ်ရောင်နိုင်ခြေ သိသိသာသာ မြင့်မားစေလို့ပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်တာက အရွတ်တွေအတွက်သာမက အဆစ်တွေကိုလည်း ကျန်းမာစေပြီး စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာစေပါတယ်။

ကျန်းမာရေးနှင့် မညီညွတ်စွာ စားသောက်ခြင်း
အရွတ်ဆိုတာ အများအားဖြင့် ကော်လာဂျင်တွေနဲ့ ပြုလုပ်ဖွဲ့စည်းထားတာကြောင့် အရွတ်ကျန်းမာရေးအတွက် ဗီတာမင်စီပါဝင်မှုများတဲ့ အစားအသောက်တွေကို စားသောက်ပေးဖို့လိုပါတယ်။ ဗီတာမင်စီပါဝင်မှုများတဲ့အစာကို နေ့စဉ် မှန်မှန်စားပေးရင် အရွတ်တွေ ထိခိုက်ရောင်ရမ်းမှု လျော့ကျစေပါတယ်။ ဗီတာမင်စီပါတဲ့လိမ္မော်သီး၊ သံပရာသီး၊ ပန်းဂေါ်ဖီစိမ်းစတာတွေအပြင် မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်(သွပ်) ဓာတ်နဲ့ ဗီတာမင်ဘီအုပ်စုပါတဲ့ အစားအသောက်တွေကိုလည်း စားသုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top