Healthy Life Ad
Health Tips

အသည်းကျန်းမာရေး ထိခိုက်နေကြောင်း သတိပေးလက္ခဏာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အသည်းက ခန္ဓာကိုယ်မှာ အလုပ်လုပ်ဆုံးအင်္ဂါ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်ငန်းဆောင်တာပေါင်း ၅၀ဝ လောက်ကို လုပ်ဆောင်တယ်လို့ ဆိုပါတယ်။ အသည်းက အကြောင်းတစ်မျိုးမျိုးကြောင့် ထိခိုက်နေပြီဆိုရင်တော့ အောက်ပါသတိပေးလက္ခဏာတွေ ပြသတတ်ပါတယ်။

(၁) အသည်းနေရာ နာကျင်ခြင်း

ဝမ်းဗိုက်အပေါ်ပိုင်း ကိုက်ခဲတာက အသည်းထိခိုက်နေကြောင်းပြသတဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ခြေရှိပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေအနက် ခန္ဓာကိုယ်က စွန့်ပစ်ပစ္စည်းတွေ စွန့်ထုတ်ရာမှာကူညီပြီး အဆိပ်အတောက်ကင်းစေရေးမှာ တစ်ခုအပါအဝင်ဖြစ်တာကြောင့် ဝမ်းဗိုက်တစ်ဝိုက်ကိုက်ခဲတာက အသည်းထိခိုက်နေတာ ဖြစ်နိုင်ကြောင်း သတိထားသင့်ပါတယ်။

(၂) ခြေထောက်နှင့် ခြေကျင်းဝတ်ရောင်ရမ်းခြင်း

ခြေထောက်နဲ့ ခြေကျင်းဝတ်နေရာမှာ အရည်စုပြီး ရောင်ရမ်းတာက အသည်းလုပ်ငန်းဆောင်တာ ထိခိုက်မှုနဲ့ ဆက်စပ်နေတတ်လို့ အသည်းကျန်းမာရေးကို စစ်ဆေးကြည့်သင့်ပါတယ်။

(၃) ကိုယ်အလေးချိန် မြင့်တက်ခြင်း

ဒီဘက်ခေတ်မှာ ကိုယ်အလေးချိန်မြင့်တက်ပြီး အဝလွန်တဲ့ပြဿနာကို လူအများ ရင်ဆိုင်နေရပါတယ်။ အစာကို အလွန်အကြူးစားတာ၊ ဟော်မုန်းလုပ်ငန်းဆောင်တာမမှန်တာကြောင့်မဟုတ်ဘဲ ကိုယ်အလေးချိန်မြင့်တက်နေရင် အသည်းလုပ်ငန်းဆောင်တာကောင်း၊ မကောင်းစစ်ဆေးသင့်ပါတယ်။ အသည်းက ကိုယ်ထဲဝင်လာတဲ့ အဆိပ်အတောက် (ဥပမာ-အရက်၊ အချိုတု၊ အဆီအအိမ့်စာ၊ တချို့ ဆေးဝါးစတာတွေ)ကို မချေဖျက်မသန့်စင်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။

(၄) ဓာတ်မတည့်မှုဖြစ်ခြင်း

ဓာတ်မတည့်မှုဖြစ်တာက အသည်းဝန်ပိတဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ သွေးကြောထဲကို ဒြပ်ပေါင်းများစွာ ရောက်လာတဲ့အခါ ဦးနှောက်က ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာမှန်သမျှ သတိထားပြီး ပဋိပစ္စည်းနဲ့ ဟစ္စတာမင်းလိုဓာတ်တွေ ထုတ်လွှတ်ပေးပါတယ်။ အဲဒီအခါ ယားယံတဲ့ အနီပြင်၊ အနီကွက်တွေ ပေါ်တတ်ပါတယ်။ အသည်းကျန်းမာနေရင် သွေးထဲက အန္တရာယ်ရှိတဲ့ မော်လီကျူးတွေကိုသန့်စင်ပြီး ဓာတ်မတည့်မှုဖြစ်နိုင်တဲ့ အရာတွေကို ခန္ဓာကိုယ်က ဖယ်ထုတ်ပေးပါတယ်။

(၅) အသားအရေနှင့် မျက်လုံးဝါခြင်း

လူတစ်ယောက်ရဲ့မျက်လုံး ဒါမှမဟုတ် အသားအရေက အဝါရောင်သမ်းနေရင် အသည်းရောင်အသားဝါ ဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါက ဘီလီရူဘင် ဓာတ်များလို့ ဖြစ်တတ်ပါတယ်။ ပြောရရင် အသည်းက ဘီလီရူဘင်ဓာတ်စွန့်ပစ်နိုင်စွမ်း လျော့ကျလို့ အသားအရေဝါတာနဲ့ မျက်လုံးဝါတာတို့ ဖြစ်ရတာပါ။

(၆) နာတာရှည်နုံးချည့်ညောင်းညာခြင်း

နာတာရှည်နုံးချည့်ညောင်းညာတာက တုပ်ကွေးလက္ခဏာနဲ့ ဆင်တူပါတယ်။ နာတာရှည်နုံးချည့် ညောင်းညာတာကို အနည်းဆုံး ခြောက်လလောက်ခံစားရပြီဆိုရင် အသည်းမှာ အဆိပ်အတောက်ရှိနေလို့ ဖြစ်နိုင်ပါတယ်။ အသည်းလုပ်ငန်းဆောင်တာကို စစ်ဆေးကြည့်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top