Healthy Life Ad
Q & A

မတော်တဆ ထိခိုက်မှုကြောင့် ခေါင်းထိသွားတယ် . . .

မေး. ပြီးခဲ့တဲ့ ၁၀ ရက်ကျော်က ကျွန်တော့်သူငယ်ချင်း ဆိုင်ကယ်နဲ့ ကားတိုက်မိပါတယ်။ သူငယ်ချင်းမှာ ဆိုင်ကယ်စီးဦးထုပ်ပါပေမယ့် အံလွဲနေတော့ ခေါင်းနည်းနည်း ထိသွားပါတယ်။ ဖြစ်ကာစမှာ နားရွက်ထဲက သွေးတွေ ထွက်လာပါတယ်။ ဒါနဲ့ မန္တလေးက – – – ဆေးခန်းကို သွားပြပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေလုပ်ပေမယ့် သူငယ်ချင်းက အိမ်ပြန်ချင်တယ်ဆိုပြီး ထမင်းမစားပါဘူး။ ဆရာဝန်က ဘာမှမေးလို့ ပြုလို့ မရပါဘူး။ မေးတိုင်း စိတ်တိုပြီး အော်လွှတ်ပါတယ်တဲ့။ အကြောဆေးသွင်းတာ၊ ဘာညာနဲ့ လိုအပ်တဲ့ ဆေးတွေပေးပါတယ်။ ၁၀ ရက်ကြာတော့ အိမ်ပြန်ချင်တယ်ဆိုတာနဲ့ ဆေးမှတ်တမ်းလည်း မပေးလိုက်၊ ဆေးလည်း မပေးလိုက်ပါဘူး။ အခုနယ်မှာပါ။ သူငယ်ချင်းက သတိရတစ်ချက်၊ မေ့တစ်ချက်ဖြစ်နေပါတယ်။ ထမင်းတော့ ပြန်စားလာပါပြီ။ ဘာလုပ်သင့်ပါသလဲ၊ ဘာဖြစ်နိုင်ပါသလဲဆရာ။ နယ်ကဖြစ်နေလို့ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး။
ကိုလ (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သတိပုံမှန်အတိုင်းမဖြစ်တဲ့ အခြေအနေကို GCS -သတိချို့ယွင်းမှုရှိတယ်လို့ ခေါ်ပါတယ်။ ဒါက ဘာကိုဖော်ပြနေသလဲဆိုတော့ အတွင်းထဲမှာ ဦးနှောက်ထိခိုက်၊ ဦးနှောက်ရောင်ရမ်းမှုဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဦးနှောက်ထဲမှာ ထိခိုက်မှုကြောင့် သွေးခဲလေးဖြစ်နေတယ်လို့ ဖော်ပြနေတာပါ။ ခေါင်းထိခိုက်တဲ့သူတွေကို စီတီစကင်ရိုက်တဲ့အခါ သွေးခဲဆိုရင်တော့ စီတီမှာ တွေ့ရပါတယ်။ ဦးနှောက်ရောင်တယ်၊ နည်းနည်းပါးပါး ရောင်တယ်ဆိုရင် တစ်ခါတလေ မတွေ့နိုင်ပါဘူး။ ဒါပေမဲ့ လူမှာတော့ ပုံမှန်မဖြစ်လာပါဘူး။

သမားရိုးကျ ခေါင်းထိခိုက်ပေမယ့် ဦးနှောက်တွင်း ထိခိုက်မှုမဖြစ်ဘူးဆိုရင် ၂၄ နာရီ ကျော်ပြီဆိုတော့ ပုံမှန်အတိုင်းဖြစ်ဖို့ ကောင်းပြီလို့ ဆိုရမှာပါ။ ပုံမှန်အတိုင်း မဖြစ်ဘူးဆိုတော့ ဦးနှောက်အတွင်း ထိခိုက်မှုရှိနိုင်တယ်၊ ဦးနှောက်အတွင်း ဖိအားတက်တယ်ဆိုရင် ကျစေတဲ့ဆေးတွေကို ဆေးရုံမှာသွင်းခဲ့မယ်လို့ ယူဆရပါတယ်။ တဖြည်းဖြည်းနဲ့ သတိချို့ယွင်းမှု များလာရင်တော့ အတွင်းထဲမှာ ဖိအားများလာပြီး အန္တရာယ်ရှိနိုင်ပါတယ်။ အခု ပြန်လုပ်သင့်တာက ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန်တစ်ဦးဦးနဲ့ပြပြီး စီတီပြန်ရိုက် ကြည့်သင့်ပါတယ်။ အိမ်မှာပဲ ဒီအတိုင်း စောင့်ကြည့်တာထက် ဆရာဝန်နဲ့ပြတာက ပိုသင့်တော်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top