Healthy Life Ad
Life Style

ယနေ့ခေတ် လူငယ်နှင့်စိန်ခေါ်မှုများ

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး ။ ဒီနေ့ခေတ် လူငယ်တွေအတွက် စိန်ခေါ်မှုတွေ ဘာတွေ ဖြစ်မလဲ ဆရာ။
ဖြေ ။ ဒီနေ့ခေတ် လူငယ်တွေအတွက် စိန်ခေါ်မှုတွေကတော့ မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာတာ၊ အရက် (ဘီယာ) အလွန်အကျွံ သောက်သုံးမှုများလာတာ၊ ကူးစက်ရောဂါပိုးတွေ ကူးစက်ခံရတာ၊ ဆေးဝါးတွေကို အလွဲသုံးစွဲမှုများလာတာ၊ ကွန်ပျူတာဂိမ်း၊ အင်တာနက်ဂိမ်း၊ အင်တာနက်စွဲလမ်းမှုများလာတာ၊ ယာဉ်မတော်တဆ ဖြစ်မှုများလာတာ၊ လိင်မှုဆိုင်ရာ သဘောသဘာဝနဲ့ ပတ်သက်တဲ့ အယူအဆပြောင်းလဲပြီး မျိုးဆက်ပွားကျန်းမာရေးဗဟုသုတအားနည်းတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် လူငယ်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ခေတ်ကာလ တိုးတက်မှုနဲ့အတူ ပိုပြင်းထန်လာပါတယ်။

မေး ။ ဒီနေ့ခေတ် လူငယ်တွေရဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာတဲ့အကြောင်းကို သိပါရစေ ဆရာ။
ဖြေ ။ မူးယစ်ဆေးဝါးတွေက တချို့နေရာတွေမှာ အလွယ်တကူ ရရှိတာနဲ့ တချို့နေရာတွေမှာ ဈေးသက်သာတာတွေအပြင် သက်တူရွယ်တူ သူငယ်ချင်းတွေရဲ့ ဖိအားနဲ့ သုံးစွဲကြည့်ဖို့ တွန်းပို့တဲ့အချက်တွေကြောင့် များပြားလာတယ်လို့ ထင်ရပါတယ်။

မေး ။ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ ဆရာ။
ဖြေ ။ ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွရူးသွပ်ဆေးပြား (ရာဘ) ၊ ဆေးခြောက်စတဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေက စဉ်းစားဝေဖန်နိုင်စွမ်း၊ တီထွင်ကြံဆနိုင်စွမ်း စတာတွေကို ကောင်းကောင်း ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် စိတ်နဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုကိုပါ ခံစားလာရပါတယ်။ ဒါ့အပြင် လူမှုရေးပြဿနာတွေ ရင်ဆိုင်လာရပြီး ရာဇဝတ်မှု ကျူးလွန်တဲ့အထိ အကျိုးဆက်တွေကို ခံစားလာရပါတယ်။ မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းသူတွေမှာ HIV ပိုးအပြင် အသည်းရောင် အသားဝါ ဘီ၊ စီ စတဲ့ ပိုးတွေကူးစက်တာကို ခံရတတ်ပါတယ်။ တချို့ဆိုရင် အသက်သေဆုံးတာ၊ ရူးသွပ်တာတွေ ဖြစ်တာကိုပါ တွေ့ရှိရပါတယ်။

မေး ။ ဒီနေ့ခေတ်လူငယ်တွေ အရက်၊ ဘီယာစတာတွေကို အလွန်အကျွံ သောက်သုံးတာလည်း မြင့်မားလာတာကို တွေ့ရပါတယ် ဆရာ။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ ။ ဒီနေ့အချိန်အခါမှာ လူငယ်တွေက အရက်ကို စွဲစွဲမြဲမြဲ သောက်လာကြပါတယ်။ ငယ်ရွယ်သူတွေတောင် သောက်သုံးလာကြတာကို တွေ့ရသလို မိန်းကလေးတွေပါ သောက်သုံးလာတာကို တွေ့ရပါတယ်။ အရက်သောက်တာကြောင့် တချို့မှာ အရက်နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေ ခံစားလာရပါတယ်။ (ဥပမာ- အသည်းရောင်တာ၊ အသည်းခြောက်တာ။) ဒါ့အပြင် အရက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ခံစားလာရပါတယ်။ (ဥပမာ-စိတ်ကြွစိတ်ကျရောဂါ)။ အရက်သောက်တာကြောင့် လူမှုရေးပြဿနာတွေ၊ ရာဇဝတ်မှုတွေ ပိုမိုများပြားလာတာကို တွေ့ရှိရပါတယ်။

မေး ။ ဘယ်လိုအခြေအနေတွေကြောင့် ကူးစက်ပိုးတွေ ရရှိနိုင်ခြေများပါသလဲ ဆရာ။
ဖြေ ။ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ(လိင်အပျော်အပါး လိုက်စားတာ)ကြောင့် HIV ပိုး၊ အသည်းရောင် အသားဝါဘီပိုး ကူးစက်ခံရတာကို လူငယ်တွေမှာ တွေ့ရှိရပါတယ်။ အကြောထဲ မူးယစ်ဆေးထိုးသွင်းတဲ့ လူငယ်တွေမှာလည်း အပ်ကို ဝေမျှသုံးစွဲတာကြောင့် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးအပြင် HIV ပိုး ကူးစက်ခံရတာကို တွေ့ရှိရပါတယ်။ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ လုပ်နေပေမယ့် လူငယ်တွေမှာ HIV ပိုး ကူးစက်နှုန်း ရှိနေသေးတာကို တွေ့ရှိရပါတယ်။

မေး ။ လူငယ်တွေမှာ ဆေးဝါးအလွဲသုံးစွဲမှုများလာတယ် ဆိုတဲ့အကြောင်းကိုလည်း သိပါရစေ ဆရာ။
ဖြေ ။ တချို့လူငယ်တွေက ရောဂါဝေဒနာ ပျောက်ကင်းအောင် ကုသဖို့ ထုတ်လုပ်ထားတဲ့ ဆေးဝါးတချို့ကို အလွဲသုံးစွဲမှုတွေ ရှိလာတာကို တွေ့ရှိရပါတယ်။

ဥပမာ-ချောင်းဆိုးပျောက်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ၊ အိပ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေကို မူးယစ်ဆေးအဖြစ် အလွဲသုံးတာ၊ အမျိုးသားတွေမှာ ဖြစ်ပွားတဲ့ ပန်းသေပန်းညှိုးရောဂါမှာ သုံးတဲ့ ဆေးတွေကို လူငယ်တွေတွင်ကျယ်စွာ သုံးလာတာ။ အဲဒီလို အလွဲသုံးတာတွေကြောင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေကို ခံစားရနိုင်ပါတယ်။

မေး ။ ဒီနေ့ခေတ် လူငယ်တွေမှာ ကွန်ပျူတာဂိမ်း၊ အင်တာနက်ဂိမ်း၊ အင်တာနက် စွဲလမ်းမှုများလာတဲ့အကြောင်းကိုလည်း သိပါရစေ ဆရာ။
ဖြေ ။ ဒီနေ့ခေတ်မှာ သတင်းနဲ့ နည်းပညာတိုးတက်လာတာနဲ့အမျှ လူငယ်တွေမှာ ကွန်ပျူတာ၊ အင်တာနက်၊ စမတ်ဖုန်း စတာတွေ သုံးစွဲမှုမြင့်မားလာတာကို တွေ့ရပါတယ်။ ကလေးတွေအတွက် ကစားဖို့ နေရာ၊ ကစားကွင်းဖန်တီးပေးမှုကလည်း အားနည်းလာတာရော၊ စာသင်ခန်းထဲမှာပဲ အချိန်ပေးမှု မြင့်မားလာတာကြောင့်ပါ လူငယ်တွေ ဂိမ်းနဲ့ အင်တာနက် စွဲလမ်းလာတယ်။ အဲဒီအခါ ကျောင်းကို သေချာမတက်တာ၊ ကျောင်းစာကိုစိတ်မဝင်စားတာ၊ အလုပ်ကို စိတ်မဝင်စားတာ၊ အလုပ် ကောင်းစွာ မလုပ်ကိုင်တာတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် ဂိမ်းနဲ့ အင်တာနက် အလွန်အကျွံသုံးတာကြောင့် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။

မေး ။ ဒီနေ့ခေတ် လူငယ်တွေမှာ ယာဉ်မတော်တဆဖြစ်နှုန်း မြင့်မားလာတာကိုလည်း တွေ့ရပါတယ်ဆရာ။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ပြောပြပေးပါဦး။
ဖြေ ။ ဒီနေ့ခေတ်မှာ ယာဉ်တွေ(ကား၊ မော်တော်ဆိုင်ကယ်)တို့ကို ပိုမိုအသုံးပြုလာတာကြောင့် ယာဉ်မတော်တဆမှုတွေကို လူငယ်တွေကြားမှာ ဖြစ်ပွားတာကိုလည်း တွေ့ရှိရပါတယ်။ ယာဉ်မတော်တဆဖြစ်မှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးတာ၊ ကိုယ်လက် မသန်စွမ်းဖြစ်တာ၊ အလုပ်အကိုင်ပျက်တာ၊ ကျောင်းမတက်နိုင်တာတို့ကို ခံစားရသလို တချို့မှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားတာကို လူငယ်တွေမှာ ပိုမို တွေ့ရှိလာရပါတယ်။ တချို့သော ယာဉ်မတော်တဆ ဖြစ်မှု၊ ယာဉ်တိုက်မှုတွေက အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ဆက်စပ်မှုရှိတာကိုလည်း တွေ့ရှိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top