Healthy Life Ad
Life Style

တချို့တွေလေလည်ရင် ဘာကြောင့် ပိုနံရတာလဲ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လူတိုင်းဟာ တစ်နေ့မှာ ၁၀ ကြိမ်နဲ့ အကြိမ် ၂၀ကြားလေလည်ကြပါတယ်။ လေလည်တယ်ဆိုတာ အစာခြေလမ်းကြောင်းစနစ် ကျန်းမာတဲ့ လက္ခဏာတစ်ရပ်ပါ။ တစ်ခါတလေ လေလည်သံကကျယ်ပြီး တစ်ခါတစ်ရံ တိုးပါတယ်။ တချို့က အနံ့မနံပေမယ့် တချို့လေလည်နံ့က နံပါတယ်။ တကယ်ကို အနံ့ပြင်းပါတယ်။ တချို့ဆိုရင် ကြက်ဥပုပ်နံ့လို အနံ့မျိုးထွက်တတ်ပါတယ်။ အဲဒီအခါ လူတွေရဲ့ စိတ်ထဲ ကျန်းမာရေးအခြေအနေပုံမှန်မှ ဟုတ်ရဲ့လားဆိုပြီး စိတ်ပူတတ်ကြပါတယ်။

လေလည်တယ်ဆိုတာ ဘာလဲ

လေလည်တဲ့အထဲမှာ အဓိက ပါဝင်မှုအများဆုံးကတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်ပြီး သူက အနံ့မပါပါဘူး။ တစ်ရာခိုင်နှုန်းက ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ်ဖြစ်ပြီး ဆာလဖာပါတဲ့ အစာတွေကနေ အဓိကထုတ်ပေးပါတယ်။ အူထဲမှာ ဘက်တီးရီးယားပိုးတွေရှိတဲ့အခါ ဒါမှမဟုတ် အူထဲမှာ ဓာတ်တုံ့ပြန်မှုဖြစ်တဲ့အခါ လေပွလေထတာ ဖြစ်တတ်ပါတယ်။

ဘယ်အရာက လေလည်နံ့ကို ပိုဆိုးစေတာလဲ

ကာဗိုဟိုက်ဒရိတ်အစာတွေကို ကောင်းကောင်းမချေဖျက်နိုင်တဲ့အခါ လေလည်နံ့ခပ်ပြင်းပြင်း ထွက်တတ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်တွေကို အူထဲမှာ အလုံအလောက် မစုပ်ယူနိုင်တဲ့အခါ အချဉ် ပေါက်လာပါတယ်။ ဒါကြောင့် လေလည်နံ့ပြင်းရတာပါ။

တချို့လူတွေ လေလည်ရင် ဘာကြောင့် ပိုအနံ့နံရတာလဲ

တချို့လူတွေက မီသိန်းဓာတ်ငွေ့လေလည်ပြီး တချို့က ဟိုက်ဒရိုဂျင်ဆာလဖိုဒ်ဓာတ်ငွေ့ လေလည်ပါတယ်။ အဲဒီအတွက် ကြက်ဥပုပ်နံ့လို အနံ့မျိုး ထွက်ရတာပါ။ ဒါက သင်စားသမျှအစာတွေနဲ့ ဆက်စပ်နေပါတယ်။

ဘယ်အစာတွေက လေလည်နံ့ကို ပိုဆိုးစေတာလဲ

အောက်ပါအစားအသောက်တွေ များများစားသောက်ရင် လေလည်နံ့ကို ပိုဆိုးစေပါတယ်။

– အရက်

ဘီယာနဲ့ တချို့ဝိုင်အမျိုးအစားတွေပါ။

– ဖရက်တို့စ်၊ ပိုလီရောနှင့် ဆာလဖာပါဝင်မှုမြင့်မားသော အစာများ

ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီး၊ ဂေါ်ဖီထုပ်၊ ကညွတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ထောပတ်သီး၊ မှို၊ ပန်းဂေါ်ဖီစိမ်းတို့ ဖြစ်ကြပါတယ်။

– ကာဗိုဟိုက်ဒရိတ်

ပေါင်မုန့်ဖြူ၊ ခေါက်ဆွဲ၊ ကိတ်မုန့်။

– နို့နှင့် နို့ထွက်ပစ္စည်း

နွားနို့၊ ဒိန်ချဉ်၊ ရေခဲမုန့်၊ ထောပတ်။

ဘယ်အစာတွေကို ရွေးစားသင့်သလဲ

– ကာဗိုဟိုက်ဒရိတ်

ထမင်း၊ ပြောင်း၊ အာလူး စတဲ့ ကာဗိုဟိုက်ဒရိတ်စာတွေ စားသင့်ပါတယ်။

– ပရိုတင်းပါဝင်မှုများသည့် အစာများ

ပရိုတင်းဓာတ်က လေလည်နံ့ကို မပြင်းစေပါဘူး။ အရေခွံမပါတဲ့ ကြက်သား၊ ငါးတွေလို အဖြူရောင်အသားတွေ စားပါ။

ဘယ်အရာက လေလည်နံ့ကို ပိုကျယ်စေတာလဲ

ဒါက သင်ရဲ့စအိုဝရှုံ့ကြွက်သား အနေအထားပေါ် မူတည်ပါတယ်။ အဲဒီကြွက်သားက ပျော့ပျောင်းနေရင် လေလည်သံ မကျယ်ပါဘူး။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်သလဲ

အရင်ဆုံး သင့်နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲကြည့်လိုက်ပါ။ လေလည်တာ များလွန်းနေရင် (ဥပမာ တစ်နေ့ ၂၂ ကြိမ်ထက် ပိုလေလည်နေရင်)နေထိုင်စားသောက်မှုပုံစံပြောင်းလိုက်ပါ။ တစ်ခါတစ်ရံ လေလည်တာများပြီး လေလည်နံ့ပြင်းတာက အစာခြေလမ်းကြောင်း ပိုးဝင်တာနဲ့လည်း ဆက်စပ်မှုရှိတတ်ပါတယ်။ နေထိုင်စားသောက်မှု ပုံစံပြောင်းလိုက်ပေမယ့် အဆင်မပြေရင် အစာအိမ်အူလမ်းကြောင်း ဆရာဝန်ကြီးနဲ့ တိုင်ပင်ပြသပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top