Healthy Life Ad
Health Tips

ခေါင်းကိုက်ခြင်း

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ဆေးဝါးမလိုဘဲ သဘာဝနည်းတွေနဲ့ ခေါင်းကိုက်ဝေဒနာကို ကုသနိုင်မယ့်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

သဘာဝဆေး (၁) နှိပ်နယ်ခြင်း

လက်ညှိုးနဲ့ လက်မအရင်းကြား အသားစိုင်နေရာကို စက်ဝိုင်းပုံသဏ္ဌာန်လှည့်ပြီး နှိပ်ပေးပါ။ မိနစ်အနည်းငယ်ကြာ နှိပ်နယ်ပေးပြီးရင် တခြားလက်တစ်ဖက်ကို ပြောင်းနှိပ်ပါ။ နာကျင်မှုသက်သာတဲ့အထိ နှိပ်နယ်ပေးသင့်ပါတယ်။ အပ်စိုက်ကုထုံးကျွမ်းကျင်သူတွေက ဒီနေရာဟာ ခေါင်းကိုက်ဝေဒနာ စတင်ဖြစ်ပေါ်စေတဲ့ ဦးနှောက်နေရာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

သဘာဝဆေး (၂) ခြေထောက်စိမ်ခြင်း

ကြက်သီးနွေးရေထဲမှာ ခြေထောက်စိမ်တာကလည်း ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ ခြေထောက်ဆီကို သွေးစီးဆင်းရောက်ရှိမှုများစေတဲ့အတွက် ကြက်သီးနွေးရေထဲ ခြေထောက်စိမ်တာကြောင့် ဦးနှောက်သွေးကြောတွေမှာ ဖိအားပြေလျော့သွားပါတယ်။ ဆိုးဆိုးရွားရွားခေါင်းကိုက်နေရင် မုန်ညင်းရွက်အမှုန့်ကို ကြက်သီးနွေးရေထဲထည့်ပြီး ခြေထောက်ကိုစိမ်ပေးပါ။

သဘာဝဆေး (၃) အပူကုထုံးသုံးခြင်း

စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါ နဖူးပေါ် ဒါမှမဟုတ် လည်ကုပ်ပေါ်မှာ ရေနွေးဝတ်ကပ်ပေးတာကို လုပ်ဆောင်ပေးပါ။ အပူကုထုံးကြောင့် အဲဒီနေရာက တင်းကျပ်နေတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။

သဘာဝဆေး (၄) အအေးကုထုံးသုံးခြင်း

နဖူးပေါ်ကို အအေးဝတ်ကပ်ပေးရင်လည်း ခေါင်းကိုက်သက်သာစေပါတယ်။ ပြုလုပ်ရမယ့်နည်းကတော့ ပိတ်စတစ်စထဲ ရေခဲတုံးနှစ်တုံးခန့်ထည့်ပြီး နဖူးပေါ်တင်ပါ။ ဒါဆိုရင် သွေးကြောတွေကို ကျုံ့သွားစေပြီး ထိရှလွယ်တဲ့ နာ့ဗ်ကြောတွေပေါ် ဖိအားသက်ရောက်မှုကို လျော့ကျစေပါတယ်။ ခေါင်းကိုက်ဝေဒနာကြောင့် နာကျင်ကိုက်ခဲမှုဟာ တစ်ခါတစ်ရံ လည်ပင်းအနောက်ဘက်ရှိ နာ့ဗ်ကြောတွေက စတင်ဖြစ်ပေါ်တတ်တာကြောင့် ဦးခေါင်းခွံအခြေရှိ ကြွက်သားတွေပေါ်ဖိနှိပ်ပေးပါ။

သဘာဝဆေး (၅) ရနံ့မွှေးသော အဆီများသုံးခြင်း

ရနံ့မွှေးတဲ့ အဆီ၊ အထူးသဖြင့် လာဗန်ဒါဆီကိုသုံးပြီး နှိပ်နယ်တာကြောင့် တင်းအားနဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ နဖူးနဲ့ နားထင်ပေါ်ကို လာဗန်ဒါဆီ သုတ်လိမ်းပြီး ညင်ညင်သာသာနှိပ်နယ်ပေးပါ။ ပြီးရင် လှဲလျောင်းရင်း သင်းပျံ့တဲ့ရနံ့ကို ရှူရှိုက်ပါ။ အမြင့်ဆုံးအာနိသင်ရရှိချင်ရင် အေးမြတိတ်ဆိတ်ကာ မှောင်မည်းတဲ့ အခန်းထဲမှာ လှဲလျောင်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top