Healthy Life Ad
Life Style

ကိုယ်ရောင်ခြင်း (Edema)

ဒေါက်တာတင့်ဆွေ

ဆရာရှင့် အသက် ၂၅ အိမ်ထောင်မရှိ၊ – – -မှာနေတဲ့ ညီမတယောက်မှာ ၆ လတခါလောက် မျက်နှာရောင်နေလို့ပါရှင့်။ ဝနေတာမဟုတ်ဘဲ မျက်နှာက ဖောသွပ်ကြီးဖြစ်နေတာပါ။ ဟိုက ဆရာဝန်ပြကြည့်တော့လည်း သေချာအဖြေထွက်မလာပါရှင့်။ အိမ်ကစိုးရိမ်နေကြလို့ပါ ဆရာရှင်။ ဆရာ ကျန်းမာချမ်းသာပါစေ။ လေးစားကြည်ညိုစွာဖြင့်။

ကိုယ်ရောင်တာကို အမေရိကန်စာလုံး Edema နဲ့ အင်္ဂလိပ်စာလုံး Oedema လို့ခေါ်တယ်။ ရိုးရိုး အင်္ဂလိပ်စာနဲ့ Swelling ဖြစ်တယ်။ အရင်က Dropsy or Hydropsy လို့ခေါ်ခဲ့တယ်။ တကိုယ်လုံးမှာ ဖြစ်နိုင်တယ်။ ရေ-အရည်တွေက မလိုအပ်ဘဲ အောင်း-ဖောင်းနေတာဖြစ်တယ်။ အရေပြားမှာရောင်နေရင် အရိုးနေရာပေါ်မှာ ခဏလေးဖိထားပြီး ပြန်လွှတ်လိုက်ရင် ခွက်နေတာကိုတွေ့ရမယ်။ Pitting edema ခေါ်တယ်။ Non-pitting edema နှိပ်ကြည့်တဲ့အခါ ခွက်ဝင်မသွားတဲ့ရောင်ခြင်းကို Lymphedema, Lipedema, Myxedema တွေမှာတွေ့ရမယ်။ ဥပမာ ဆင်ခြေထောက်ရောဂါ။ ခြေထောက်ရောင်တာက သွေးခဲပိတ်တာ၊ သွေးပြန်ကြောဖောင်းတာ၊ အကျိတ်-ကင်ဆာ၊ မလှုပ်မရှား အကြာကြီးရပ်နေတာ၊ ပူတဲ့ရာသီဥတု၊ အမြင့်တက်တာ၊ အပူလောင်ခြင်းတွေကနေ ဖြစ်နိုင်တယ်။ လက်ခုပ်တီးရင် လက်ဝါးတွေရောင်တယ်။

ဖြစ်စေနိုင်တာတွေကတော့ –

– အာဟာရ (ပရိုတင်း)မပြည့်ဝလို့ဖြစ်တာကို Kwashiorkor ခေါ်တယ်။

– နှလုံးရောဂါဆိုလာရင် Pulmonary edema အဆုတ်ရောင်တာ၊ Pleural effusions အဆုတ်ထဲ အရည်အောင်းတာ၊ Ascites ရေဖျင်း၊ Peripheral edema အဖျားနေရာ (ခြေ-လက်) ရောင်တာတွေဆက်ဖြစ်နိုင်တယ်။

– Parvovirus B19 infection ဗိုင်းရပ်စ်ပိုးဝင်တာကနေလည်း တကိုယ်လုံးရောင်တာ ဖြစ်စေနိုင်တယ်။

– Nephrotic syndrome ကျောက်ကပ်ရောဂါမှာလည်း ကိုယ်ရောင်တယ်။ ဆီးစစ်ရင် Proteinuria ဆီးထဲမှာ အနည်ပါနေမယ်။ သွေးစစ်ရင် Plasma protein နည်းနေမယ်။

– ကိုယ်ဝန်ဆောင်ရင်လည်း အနည်းနဲ့အများ ရောင်မယ်။ ခြေထောက်မှာသာရောင်တယ်။ ရောင်တာ + ဆီးအနည်ပါတာ + သွေးဖိအားတက်တာဖြစ်နေရင် ကိုယ်ဝန်သွေးဆိပ်တက်တာလို့ခေါ်တယ်။

– Tendinitis အရွတ်ရောင်တာနဲ့ Pancreatitis သရက်ရွက်ရောင်တာကနေလည်း ရောင်တယ်။

– မျက်စိရေတိမ်ဖြစ်လို့၊ မျက်စိနာလို့၊ ခွဲစိတ်လို့ကနေ မျက်ကြည်လွှာရောင်မယ်။

– မျက်လုံးတဝိုက်ရောင်တာလည်းရှိတယ်။ မျက်နှာမှောက်အိပ်နေတာကြာလို့ဖြစ်တာမျိုး။

– အင်းဆက်ကောင်တွေ ကိုက်တာကနေရောင်မယ်။

– မတည့်တာနဲ့ထိရာကနေ အရေပြားရောင်မယ်။

– နာတာရှည်အဆုတ်ရောဂါ၊

– လည်ပင်းကြီးရောဂါ၊

– အသည်းရောဂါ၊

– Corticosteroids စတီးရွိုက်ဆေး၊ သွေးတိုးကျဆေး၊ ကိုယ်ဝန်တားဆေး၊

– ဘာလို့ရောင်တာမသိတဲ့ အမျိုးအစားလဲရှိသေးပါတယ်။

– Cerebral edema ဦးနှောက်ရောင်တာ အရေးကြီးတယ်။ ထိခိုက်မိလို့ဖြစ်ဖြစ် ဦးနှောက်ရောဂါကြောင့်ဖြစ်ဖြစ် ဦးနှောက်ရောင်နိုင်တယ်။

– Pulmonary edema အဆုတ်ရောင်တာ ချက်ချင်းဆေးကုသဖို့လိုတယ်။ အဆုတ်ရောဂါမဟုတ်ဘဲ ဆေးမတည့်လို့၊ (အလာဂျီ)ရလို့ (ရှော့ခ်)ဖြစ်ရာကနေ ဆက်ဖြစ်စေနိုင်တယ်။

မျက်နှာရောင်ခြင်း (Face swelling)

ထိခိုက်နေတာ၊ သာမန်ရောင်ရမ်းဖြစ်စဉ်ကနေ ကင်ဆာအထိစဉ်းစားရမယ်။ အလာဂျီခေါ် တခုခုနဲ့မတည့်တာလည်းပါတယ်။ တခြားအခြေခံရောဂါ ဥပမာ ဆိုင်းနပ်စ်ကနေဆက်ဖြစ်လာနည်း ဖြစ်နေနိုင်တယ်။ ပိုးဝင်တာမှာ ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနဲ့ ဖန်းဂတ်စ်ခေါ် မှိုပိုးတွေကနေဖြစ်နိုင်တယ်။ ပသိရောင်တာ၊ (ဆယ်လူလိုက်တစ်စ)၊ မျက်စိစွန်တာ၊ သွားကိုက်တာ၊ အင်းဆက်ကောင်ကိုက်တာ၊ ဆေးနဲ့မတည့်တာ၊ ပူးတွဲခံစားနေရတာတွေရှိနိုင်တယ်။ နာတာ၊ အားယုတ်တာ၊ ခေါင်းကိုက်တာ၊ ဖျားတာ၊ အနာ၊ မျက်စိယားတာ၊ နှာမွှန်တာ၊ မျက်ရည်ကျတာ၊ ချောင်းဆိုးတာ၊ ဝါးရင်/မျိုချရင်နာတာ၊ တခြားနေရာတွေမှာပါ ရောင်နေတာ၊ အင်ပြင်ထွက်တာ၊ အသက်ရှူခက်တာ၊ ခွဲစိတ်ထားလို့ဆက်ဖြစ်တာ။ ကိုယ်ဝန်၊ အဝလွန်တာ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတိုး၊ အစာအာဟာရချို့တဲ့တာနဲ့ ရှော့ခ်ရတာလည်း သတိထားရမယ်။

ကုသရာမှာဖြစ်စေတဲ့အကြောင်းကို အဓိက ကုသရမယ်။ ကိုယ်တိုင်လုပ်နိုင်တာတွေရှိပါတယ်။ ရောင်တဲ့နေရာကို ဖြစ်နိုင်သလောက် မြှင့်ထားသင့်တယ်။ ဆိုဒီယမ် (ဆား၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ဟင်းချိုမှုန့်) မတည့်ပါ။ ခေတ်ပေါ် အသင့်ဝယ်စားလို့ရတဲ့ သွားရည်စာတွေမှာ ဆားများတယ်။ ကိုယ်အလေးချိန်ချပါ၊ လေ့ကျင့်ခန်းလုပ်ပါ . . .

ကုသမှု

ကုသရာမှာ ဖြစ်စေတဲ့အကြောင်းကို အဓိကကုသရမယ်။ ကိုယ်တိုင်လုပ်နိုင်တာတွေရှိပါတယ်။ ရောင်တဲ့နေရာကို ဖြစ်နိုင်သလောက် မြှင့်ထားသင့်တယ်။ ဆိုဒီယမ်(ဆား၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ဟင်းချိုမှုန့်) မတည့်ပါ။ ခေတ်ပေါ် အသင့်ဝယ်စားလို့ရတဲ့ သွားရည်စာတွေမှာ ဆားများတယ်။ ကိုယ်အလေးချိန်ချပါ၊ လေ့ကျင့်ခန်းလုပ်ပါ။

ဆီးသွားစေတဲ့ဆေး (Diuretics) ကို အများဆုံး သုံးရတယ်။ ဆီးလမ်းပိုးဝင်လို့ ဆီးခဏခဏသွားရပြီး နောက်ပိုင်း ဆီးနည်းလို့မသောက်ရင် ပိုဆိုးမယ်။ ဆီးသွားစေတဲ့ဆေး အမျိုးမျိုးရှိတယ်။ ဆီးသွားရာကနေ (ပိုတက်ဆီယမ်) နည်းပြီး ကြွက်သားတွေ မလှုပ်ချင်ဖြစ်တယ်။ ဒါကြောင့် (ပိုတက်ဆီယမ်) ဆေးပါ ပေးရတတ်တယ်။ အုန်းရည်သောက်ခိုင်းတယ်။ လိမ္မော်သီး၊ ငှက်ပျောသီးစားခိုင်းတယ်။ နောက်ပေါ် ဆီးသွားစေတဲ့ဆေးတွေက (ပိုတက်ဆီယမ်) မနည်းတာမျိုးဖြစ်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top