Healthy Life Ad
Life Style

လူ့ကိုယ်ခန္ဓာတွင် ပေါက်တတ်သည့် အဖုအကျိတ်များ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. လူ့ခန္ဓာကိုယ်မှာ ပေါက်လေ့ရှိတဲ့ အဖုအကျိတ်တွေအကြောင်း သိပါရစေ ဆရာ။

ဖြေ. လူ့ခန္ဓာကိုယ်ကို ဆဲလ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆဲလ်တွေက တစ်နေရာမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်ပြီး ပုံမှန်ရှိသင့်တဲ့ ပမာဏထက် ပွားလာတယ်ဆိုရင် တစ်သျှူးလို့ခေါ်တဲ့ အစိုင်အခဲဖြစ်ချင်ဖြစ်လာမယ်၊ ဒါမှမဟုတ် အရည်တွေ ပြည့်နှက်နေတဲ့ အကျိတ်ဖြစ်ချင်ဖြစ်လာမယ် . . ဒါကို အဖုအကျိတ်လို့ ယေဘုယျအားဖြင့် ပြောလိုက်ပါတယ်။

တချို့လူတွေက ကျောပြင်မှာ အဖုအကျိတ်လေးထွက်တတ်တယ်၊ တချို့ကျတော့ ခြေထောက်မှာ အဖုအကျိတ်ထွက်တတ်တယ်။ တချို့လူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေကျတော့ ရင်သားမှာ အကျိတ်လေးတွေထွက်တာရှိတယ်။ အဲဒီလို အဖုအကျိတ်ထွက်တိုင်း ကင်ဆာလို့တိုက်ရိုက်ပြောလို့ မရပါဘူး။ ဒါပေမဲ့ ကင်ဆာကို မေ့ထားလို့လည်း မဖြစ်ပါဘူး။

မေး. လူအများဟာ တစ်ချိန်မဟုတ်တစ်ချိန် အဖုအကျိတ်လေးတွေထွက်တတ်ကြပါတယ်။ အဲဒီလိုထွက်တဲ့အခါ ကင်ဆာဖြစ်မှာလားလို့ စိုးရိမ်တတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။

ဖြေ. ဟုတ်ပါတယ်။ တချို့လူတွေက ကျောပြင်မှာ အဖုအကျိတ်လေး ထွက်တတ်တယ်၊ တချို့ကျတော့ ခြေထောက်မှာ အဖုအကျိတ်ထွက်တတ်တယ်။ တချို့လူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေကျတော့ ရင်သားမှာ အကျိတ်လေးတွေ ထွက်တာရှိတယ်။ အဲဒီလို အဖုအကျိတ်ထွက်တိုင်း ကင်ဆာလို့ တိုက်ရိုက်ပြောလို့မရပါဘူး။ ဒါပေမဲ့ ကင်ဆာကို မေ့ထားလို့လည်း မဖြစ်ပါဘူး။ ဘာအကျိတ်ပေါ်ပေါ် ရိုးရိုးအကျိတ်ပါကွာဆိုပြီး ပေါ့နေလို့လည်း မရပါဘူး။

အကျိတ်မှာ အပိုင်းသုံးပိုင်း စဉ်းစားလို့ရပါတယ်။ ပထမဆုံးတစ်ပိုင်းကတော့ Benign အဆင့်လို့ ခေါ်ပါတယ်။ ဒီအဆင့်က ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းတော်တော်နည်းပါတယ်။ ကြိုပြီးသိထားရင် တချို့လူတွေက ကြိုပြီး ခွဲထုတ်ပစ်လိုက်ကြတယ်။ ဒါကလည်း ကောင်းပါတယ်။ ဒုတိယတစ်ပိုင်းကတော့ Precancer Stage လို့ ခေါ်တဲ့ ကင်ဆာအကြိုအဆင့်(ကင်ဆာမရောက် ခင်အဆင့်)ဖြစ်ပါတယ်။ ဒါက ကင်ဆာတော့ မဖြစ်သေးဘူး၊ ဒါပေမဲ့ ပေါ့လို့လည်းမရဘူး။ ပေါ့ဆပြီး ဒီအတိုင်းထားရင် ကင်ဆာဖြစ်လာနိုင်ပါတယ်။ ဒါက ကြိုတင်ကုသသင့်တဲ့ အခြေအနေပါ။

တတိယတစ်ပိုင်းကတော့ ကင်ဆာအဆင့်ပေါ့။ ဒါကို အလွယ်တကူ မြစ်ပွားနာလို့ ပြောကြတယ်။ အမြစ်တွေပွားသလို ဘေးနားမှာ ပွားတတ်ပါတယ်။ ဥပမာ ညာဘက်ရင်သားမှာ ကင်ဆာအကျိတ်ဖြစ်တယ်ဆိုရင် ညာဘက်ရင်သားအောက်အထိပြန့်ပြီး ဘယ်ဘက်ကိုပါ ပြန်ကူးတတ်ပါတယ်။ ပွားသွားတဲ့သဘောဖြစ်ပြီး ဆဲလ်တွေကပြန့်သွားတတ်ပါတယ်။ ဒါကိုမှ မကုဘဲထားရင် သားအိမ်ကို ရောက်ချင်ရောက်သွားမယ်၊ အဆုတ်ကို ရောက်ချင်ရောက်သွားမယ်၊ အသည်းကို ရောက်ချင်ရောက်သွားမယ်။ အရိုးထဲရောက်ချင်ရောက်သွားမယ်။ ဒါက အရေးတကြီး ကုသရမယ့် အခြေအနေဖြစ်ပါတယ်။

မေး. အကျိတ်တစ်ခုပေါ်လာရင် ဘယ်လိုစမ်းသပ်သင့်ပါသလဲ ဆရာ။

ဖြေ. လူနာက သူ့ခန္ဓာကိုယ်မှာ အကျိတ်တစ်ခုပေါ်လာလို့ ဆရာဝန်ဆီရောက်လာရင် သူ့ခန္ဓာကိုယ်ဘယ်နေရာမှာ ဖြစ်တာလဲ၊ အရွယ်အစားက ဘယ်လောက်ဖြစ်တာလဲ၊ အဲဒီအကျိတ်က နေရာမှာပဲ မာပြီးခဲနေတာလား၊ မလှုပ်မရှားလား၊ လှုပ်ရှားသလား . .စသဖြင့် စစ်ဆေးရပါတယ်။ လိုအပ်ရင် ဒီအကျိတ်လေးကို ခွဲထုတ်ပြီး အသားစယူစစ်ဆေးမှု (Biopsy)ယူရပါတယ်။ အသားစယူလိုက်တဲ့အခါ Benign အဆင့်လား၊ Precancer အဆင့်လား၊ ကင်ဆာအဆင့်လား စသဖြင့် ရောဂါဗေဒဆရာဝန်ကြီးက အဖြေထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီရလဒ်အဖြေပေါ်မူတည်ပြီး ဆေးကုသမှုကို ဆက်လက်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

မေး. လူ့ခန္ဓာကိုယ်မှာ ဖြစ်တတ်တဲ့ အဖုအကျိတ်တွေနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောကြားပေးပါဦး ဆရာ။

ဖြေ. အဖုအကျိတ်တွေ့တယ်ဆိုရင်တော့ မပေါ့ပါနဲ့။ ဒါပေမဲ့ အဖုအကျိတ်တွေ့တိုင်း ကင်ဆာဖြစ်လားဆိုပြီး စိတ်ဖိစီးမှု၊ သောကတွေများမနေပါနဲ့။ မသင်္ကာရင် ဆရာဝန်နဲ့တိုင်ပင်ပြီး စစ်ဆေးကြည့်လိုက်ပါ။ ဘယ်လိုအဖြေပဲလာလာ ကြိုတင်သိရှိပြီး ကြိုတင်ကာကွယ်ကုသနိုင်တယ်ဆိုရင် တချို့ကင်ဆာရောဂါတွေက ရောဂါတိုးတက်မှုနှုန်းကောင်းပြီး သက်တမ်းကိုအများကြီး ဆွဲဆန့်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top