Healthy Life Ad
Health Tips

၀မ်းဗိုက် အမြဲချပ်ရပ်နေစေရန်အတွက် အကောင်းဆုံးစားသောက်နည်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဝမ်းဗိုက်ချပ်ရပ်လှပနေစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို စားပေးဖို့အရေးကြီးပါတယ်။ ဗိုက်ပူလာပြီဆိုရင် တစ်နေ့မှာ အိပ်ထမတင် အကြိမ်များစွာလုပ်ဖို့လိုအပ်လာပေမယ့် အစားအသောက်ကို ထိန်းချုပ်ပြီး မစားသောက်ရင် ဝမ်းဗိုက်ကြွက်သားတွေ သန်မာဖို့မလွယ်ပါဘူး။ ဝမ်းဗိုက်မှာအဆီတွေ ရှိနေနိုင်ပါတယ်။ ဝမ်းဗိုက်အဆီတွေကျပြီး ကြွက်သားထုထည်အားကောင်းနေစေဖို့ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ ကောင်းတဲ့အဆီတွေကို ရွေးချယ်စားပေးသင့်တာဖြစ်ပါတယ်။

(၁) အရေးကြီးဆုံးအချက်က ဆားနဲ့ သကြားကဲတဲ့ သရေစာတွေကို ရှောင်ဖို့လိုပါတယ်။ ဆာလောင်မှုကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးဆုံးအချက်က နံနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေကို နည်းနည်းနဲ့ အကြိမ်ခြောက်ကြိမ်လောက်ခွဲပြီး စားပေးသင့်ပါတယ်။ ဒီလိုနည်းနည်းနဲ့ မကြာခဏစားပေးတာက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ဆာလောင်မှုကိုလည်း ကောင်းကောင်းထိန်းချုပ်နိုင်ပါလိမ့်မယ်။ အစားအသောက်ကို အချိန်သုံးနာရီကြာတိုင်း တစ်ကြိမ်စားပေးသင့်ပါတယ်။

(၂) အဆီနည်းပရိုတင်းတွေကို ပါဝင်အောင်စားပေးပါ။ အဆီနည်းပရိုတင်းတွေက ထမင်းများများ စားချင်စိတ်ကို ဟန့်တားပေးနိုင်ပါတယ်။ အဆီနည်း ပရိုတင်းဓာတ်ကိုရရှိစေဖို့ ကြက်သား၊ ငါး၊ အဆီနည်းအမဲသား စတာတွေအပြင် ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ တိုဟူး၊ အဆီနည်း ဒိန်ခဲစတာတွေကိုလည်း စားပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ဟာ အဆီတွေကိုလောင်ကျွမ်းပြီး ဗိုက်ချပ်လိုသူတွေအတွက် အကောင်းဆုံးမိတ်ဆွေပါ။ အကြောင်းကတော့ စွမ်းအင်လောင်ကျွမ်း ကုန်ဆုံးမှုနည်းပါးပြီး ဗိုက်ပြည့်ကာ စိတ်ကျေနပ်မှုကိုရရှိစေလို့ပဲ ဖြစ်ပါတယ်။

(၃) ပရိုတင်းနဲ့အတူ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။

(၄) ထမင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲစတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို လျှော့စားပေးပါ။

(၅) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ငါးအဆီ၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကရတဲ့ အဆီတွေကိုစားပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top