Healthy Life Ad
Life Style

အဖြစ်များသည့် အစာအိမ်ဝေဒနာများ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. အစာအိမ်မှာ သတိထားသင့်တဲ့ ဝေဒနာတွေကို သိပါရစေဆရာ။

ဖြေ. အစာအိမ်မှာ သတိထားရမယ့် ဝေဒနာသုံးမျိုးရှိပါတယ်။ ပထမဆုံး တစ်မျိုးကတော့ အစာအိမ်အနာ (Peptic Ulcer) ဖြစ်တာပါ။ အစာအိမ်အနာ (Peptic Ulcer) ဆိုတာမှာလည်း အစာအိမ်နာ (Gastric Ulcer)နဲ့ အူသိမ်နာ (Duodenal Ulcer)ဆိုပြီး နှစ်မျိုးရှိပါတယ်။ အစာအိမ်နာ (Gastric Ulcer)က အစာစားလိုက်ရင် အောင့်တတ်တာမျိုးပါ။ အူသိမ်နာ (Duodenal Ulcer)က ဗိုက်ဆာတဲ့အခါမှာ အောင့်တတ်တာပါ။ အစာအိမ်နာ (Gastric Ulcer) ဖြစ်တဲ့ လူတွေက ပိန်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အစာစားလိုက်လို့ အောင့်တယ်ဆိုတော့ သိပ်မစားဖြစ်တော့ပါဘူး၊ များသောအားဖြင့် အဲဒီလူတွေက ပိန်တတ်ပါတယ်။ ဗိုက်ဆာရင် အောင့်တဲ့ Duodenal Ulcer ဖြစ်တဲ့သူတွေကျတော့ မကြာမကြာ စားဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့က ဝတတ်ပါတယ်။

မေး. အစာအိမ်နာနဲ့ အူသိမ်နာနှစ်မျိုးမှာ ဘယ်ဝေဒနာက ပိုကြောက်ရပါသလဲ ဆရာ။

ဖြေ. အဲဒီနှစ်ခုမှာ အစာအိမ်နာ (Gastric Ulcer)ကပိုကြောက်ရပါတယ်။ အစာအိမ်နာဖြစ်ရင် ၅ ရာခိုင်နှုန်းက ကင်ဆာဖြစ်တတ်ပါတယ်။ အစာအိမ်နာတယ်ဆိုရင် အကောင်းဆုံးနည်းက အစာအိမ်မှန်ပြောင်း (Scope)နဲ့ ကြည့်ပြီး စစ်ဆေးတာပဲဖြစ်ပါတယ်။ ဗိုက်အောင့်တယ်ဆိုရင် အစာအိမ်နာတာလား၊ အူသိမ်နာတာလားဆိုတာကိုသိဖို့ အစာအိမ်မှန်ပြောင်း (Scope) ကြည့်ခိုင်းပါတယ်။ အစာအိမ်မှန်ပြောင်း (Scope)ကြည့်လို့ အစာအိမ်နာဖြစ်တယ်ဆိုတာတွေ့ရှိရင် ၅ ရာခိုင်နှုန်း ကင်ဆာဖြစ်နိုင်တဲ့အတွက်ကြောင့် နောက်တစ်နှစ်-နှစ်နှစ်ကြာရင် တစ်ခါ Scope ပြန်ကြည့်ခိုင်းရပါတယ်။ အူသိမ်နာဆိုရင်တော့ အဲဒီလိုလုပ်ဖို့မလိုပါဘူး။

မေး. အစာအိမ်မှာဖြစ်တတ်တဲ့ နောက်ဝေဒနာကို သိပါရစေဆရာ။

ဖြေ. ဒုတိယတစ်မျိုးကတော့ အစာအိမ်ရောင်တာပါ။ အစာအိမ်ရောင်တာကတော့ တစ်ခါဖြစ်ပြီး ထပ်ဖြစ်တတ်တာမျိုးလည်း မရှိပါဘူး။ နောက်တစ်ခုကတော့ အစာအိမ်ညှစ်အားနည်းလို့၊ အစာမကြေလို့ ဗိုက်အောင့်တာလည်းရှိပါတယ်။ ထမင်းစားလိုက်ရင် အစာအိမ်ထဲမှာ အစာက ၆ နာရီပဲနေပါတယ်။ ၆ နာရီအတွင်းမှာ အက်ဆစ်ထွက်လာမယ်။ အစာချေမယ်၊ ပြီးရင် အောက်ကို တွန်းချလိုက်ပြီး ဝမ်းအဖြစ် ညှစ်ညှစ်ပြီး တွန်းပို့လိုက်ပါတယ်။ တချို့လူတွေမှာ အကြောင်းကြောင်းကြောင့် အစာအိမ်ညှစ်အားက ကျနေတတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် ထမင်းစားလိုက်ပြီးတဲ့အခါမှာ အစာအိမ်ထဲ အစာက ၆ နာရီနေရမယ့်အစား ပိုကြာကြာရှိနေပါတယ်။ အဲဒီအခါမှာ အစာတွေက ပိုနေနေရတဲ့အတွက် မနက် ၆ နာရီမှာ စားတယ်။ နေ့လယ် ၁၂ နာရီထိ ဗိုက်ကမဆာသေးဘူး။ နည်းနည်းလောက် စားလိုက်ရင်လည်း ဗိုက်ကအင့်ပြီး ပြန်အန်ချင်တာတွေဖြစ်လာပါတယ်။ စားလိုက်ရင် အန်ချင်တာပဲဖြစ်နေတတ်ပါတယ်။ ဒါက (Dyspesia) လို့ခေါ်တဲ့ အစာမကြေရောဂါဖြစ်ပါတယ်။ အဲဒီလိုလူတွေကို ဆေးတွေပေးပြီး ကုသရပါတယ်။

မေး. အစာအိမ်ဝေဒနာနဲ့ ပတ်သက်ပြီး နောက်ဆုံးသတိထားရမယ့်အရာကို သိပါရစေ ဆရာ။

ဖြေ. နောက်ဆုံးတစ်ခုကတော့ အစာအိမ်ကင်ဆာဖြစ်ပါတယ်။ လူတစ်ယောက် အစာအိမ်ကင်ဆာဖြစ်ပြီဆိုရင် အစာမကြေတာ ဖြစ်လာနိုင်ပါတယ်။ အစာအိမ်အောင့်နိုင်ပါတယ်။ အစာအိမ်နေရာမှာ အလုံးကြီးပေါ်လာတတ်ပါတယ်။ သွေးအားနည်းတတ်ပါတယ်။ ဘာမှန်းမသိဘဲ သွေးအားနည်းနေတယ်ဆိုရင် သတိထားသင့်ပါတယ်။ အသက် ၄၀ လောက် အမျိုးသမီး၊ အမျိုးသားတွေ ဘာမှန်းမသိဘဲ သံဓာတ်အားနည်းတဲ့ ရောဂါဖြစ်နေတယ်ဆိုရင် အစာအိမ်ကင်ဆာကို သတိထားသင့်ပါတယ်။

မေး. အစာအိမ်ဝေဒနာဖြစ်နေသူတွေအနေနဲ့ ဘယ်အချက်တွေကို သတိထားသင့်ပါသလဲ ဆရာ။

ဖြေ. အစာအိမ်မှာ ရောဂါဖြစ်တာက အက်ဆစ်များလို့ ဖြစ်တတ်တာနဲ့ ပိုးကြောင့်ဖြစ်တာဆိုပြီး အကြမ်းဖျင်း ခွဲလို့ရနိုင်ပါတယ်။ အဲဒီအပေါ်မူတည်ပြီး ကုသမှုတွေကိုပေးပါတယ်။ အက်ဆစ်များရင် အက်ဆစ်က အစာအိမ်နံရံကို တိုက်ခိုက်တတ်ပါတယ်။ အစာအိမ်နံရံကို အက်ဆစ်မတိုက်ခိုက်နိုင်အောင် Mucosa ကာပေးထားပါတယ်။ အက်ဆစ်များပေမယ့် Mucosa ကောင်းရင် ဘာမှမဖြစ်ပါဘူး။ အက်ဆစ်များပြီး Mucosa မကောင်းတော့ရင်တော့ အစာအိမ်အနာ ဖြစ်နိုင်ခြေများလာပါတယ်။ Mucosa ကို ပျက်စီးစေတာက အရက်၊ ဆေးလိပ်၊ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေကြောင့် ဖြစ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို မလိုအပ်ဘဲ မိမိသဘောနဲ့မိမိ အများကြီးမသောက်သင့်ပါဘူး။ နောက်တစ်ခုက အပူအစပ်လွန်ကဲတဲ့ အစားအသောက်တွေနဲ့ အစာမကြေတဲ့ ကောက်ညှင်းလို အစားအသောက်တွေကို ရှောင်ရပါမယ်။ အဲဒီ အစားအသောက်တွေက အက်ဆစ်တွေကို အများကြီးထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။

အစာကို အချိန်မှန်မှန်စားဖို့ အရေးကြီးပါတယ်။ နေ့လယ် ၁၂နာရီမှာ အစာအိမ်က အက်ဆစ်ထွက်နေကျမှာ ဘာအစာမှမစားထားရင် အက်ဆစ်က Mucosa ကို တိုက်စားသွားတတ်ပါတယ်။ နည်းနည်းနဲ့ အကြိမ်များများစားပေးတာက အကောင်းဆုံးပါ။ ဗိုက်အောင့်နေတဲ့အခါမှာ အစာကြေလွယ်တဲ့ ဆန်ပြုတ်၊ စွပ်ပြုတ်၊ မြူစွမ်တွေကိုသောက်ပေးပြီး ဗိုက်အောင့်ပျောက်မှ ထမင်းပြန်စားပေးပါ။

မေး. တခြား သတိထားရမယ့်အချက်တွေကိုလည်း သိပါရစေ ဆရာ။

ဖြေ. နောက်ထပ် သတိထားရမယ့်အချက်ကတော့ အစာကိုအချိန်မှန်မှန်စားဖို့ အရေးကြီးပါတယ်။ နေ့လယ် ၁၂နာရီမှာ အစာအိမ်က အက်ဆစ်ထွက်နေကျမှာ ဘာအစာမှမစားထားရင် အက်ဆစ်က Mucosa ကို တိုက်စားသွားတတ်ပါတယ်။ နည်းနည်းနဲ့ အကြိမ်များများစားပေးတာက အကောင်းဆုံးပါ။ ဗိုက်အောင့်နေတဲ့အခါမှာ အစာကြေလွယ်တဲ့ ဆန်ပြုတ်၊ စွပ်ပြုတ်၊ မြူစွမ်တွေကိုသောက်ပေးပြီး ဗိုက်အောင့်ပျောက်မှ ထမင်းပြန်စားပေးပါ။

မေး. အစာစားပြီး ရင်ပူတာမျိုးမဖြစ်အောင်ရော ဘယ်လိုဆင်ခြင်ရမလဲ ဆရာ။

ဖြေ. အစာစားပြီးရင် GERD ဆိုတာ ဖြစ်ပါတယ်။ အဲဒါက အစာတွေက အစာလမ်းကြောင်းအတိုင်းအပေါ်ကို ပြန်တက်တာမျိုးဖြစ်တာပါ။ အစာအိမ်ထဲကို အစာဝင်တဲ့လမ်းကြောင်းမှာ အဆို့ရှင်တစ်ခုရှိပါတယ်။ အဲဒါလေးက ပိတ်ထားပေးတဲ့အတွက် အစာအိမ်ထဲက အက်ဆစ်တွေက အပေါ်ကိုပြန်မတက်လာနိုင်ပါဘူး။ အဲဒီအဆို့လေး လျော့သွားရင် အက်ဆစ်တွေအပေါ်ပြန်တက်ပြီး Acid Burn ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင် အစာစားပြီးတာနဲ့ ရင်ထဲမှာပူနေတတ်ပါတယ်။ အက်ဆစ်ကပူလွန်းရင် နောက်ကျောတွေပါနာတယ်။ ရင်ခေါင်းတစ်ခုလုံးလည်း ပူနေတာတွေက အဲလိုဖြစ်နေလို့ပါ။ အဲလိုမျိုးဖြစ်တာကတော့ ဝတဲ့သူတွေနဲ့ အစာကို အချိန်မှန်မစားတဲ့ သူတွေမှာ အဖြစ်များပါတယ်။ စိတ်ဖိစီးမှုများရင်လည်း အစာအိမ်ရောဂါကို နှစ်ဆပိုဖြစ်စေတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top