Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၂၀) ထူးဆန်းတဲ့အကြောရှုံ့အကြောဆွဲရောဂါ

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

မလေးရှားနိုင်ငံ အမျိုးသားတက္ကသိုလ်၊ ဆေးသိပ္ပံရှိ စိတ်ကျန်းမာရေးဌာနမှာ အထက်တန်းကထိကအဖြစ် စာရေးသူတာဝန်ထမ်းဆောင်စဉ်က ဖြစ်ပါတယ်။ တစ်နေ့မှာ မြန်မာမိတ်ဆွေတစ်ဦး စာရေးသူရဲ့အိမ်ကို အလည်ရောက်လာတယ်။ သူနဲ့အတူ “မလေးလူမျိုး”မိတ်ဆွေတစ်ဦးလည်း ပါလာတယ်။

“ကိုအုန်းကျော်ရေ . . အကြောင်းမကြားဘဲ ရောက်လာတာကိုတော့ ခွင့်ပြုဗျာ။ ဒီမိတ်ဆွေက သူ့သားရဲ့ရောဂါကို ခင်ဗျားနဲ့ တိုင်ပင်ချင်တယ်လို့အပူကပ်လာလို့ပါ”
“ရပါတယ်။ လာကြပါ။ ဘာတိုင်ပင်ချင်လို့လဲ”
စာရေးသူနဲ့ မိတ်ဆက်စကားပြောပြီးတော့ ကိုအာဇစ်က သူ့သားရဲ့ကိစ္စကို ပြောပြပါတယ်။

“ကျွန်တော့်သားက အခုအသက် ၁၀ နှစ်ပြည့်ပါပြီ။ သူ့အသက် ၆နှစ်အရွယ်လောက်စပြီး အကြောရှုံ့အကြောဆွဲတဲ့အကျင့် ပေါ်လာပါတယ်ဒေါက်တာ”
“ဟုတ်ကဲ့ . . ဘယ်လိုစဖြစ်တာလဲ”

“အစပိုင်းမှာတော့ မျက်လုံးပေကလပ် ပေကလပ်နဲ့ မျက်တောင်ခတ်တဲ့အကျင့် စဖြစ်တာပါ။ တဖြည်းဖြည်း အလိုအလျောက် ဦးခေါင်းရမ်းတာ၊ ပခုံး တွန့်တာတွေ ပါလာပါတယ်။ အကြောင်းမဲ့ ပါးစပ်က အသံထွက်လာတာလည်း ရှိတယ်။ ဗြုန်းကနဲ ညည်းညူသံ၊ ချောင်းဟန့်သံ၊ လည်ချောင်းရှင်းသလို အသံ ထွက်တာက စတယ်။ အခုတော့ ညစ်ညမ်းတဲ့ စကားလုံးတွေကို သုံးပြီး ဗြုန်းကနဲ အော်ဟစ်ပြောဆိုလာတယ်။

ဒါကြောင့် ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ပြဿနာဖြစ်ရတယ်။ ဆရာ၊ ဆရာမတွေက ရိုင်းတယ် လို့ အပြစ်တင်တာ ခံရပါတယ်။ အိမ်လည်သွားရင်လည်း ကျွန်တော်တို့အတွက် မျက်နှာပူစရာ ဖြစ်လာပါတယ်”
စာရေးသူက ကြားဖြတ်မေးပါတယ်။

“အရင်က စမ်းသပ်ကုသမှု ခံယူဖူးသလား”
ကိုအာဇစ်က စိတ်ပျက်တဲ့လေသံနဲ့ ဖြေဆိုတယ်။
“ရိုးရာဆေးဆရာတွေနဲ့ ကုသဖူးပါတယ်။ မကောင်းဆိုးဝါးကပ်တာ၊ ‘အပမှီ’တာဆိုလို့ အထက်လမ်းအောက်လမ်း ပယောဂဆရာတွေနဲ့လည်း စမ်းသပ်ကုသဖူးပါတယ်။ ဒါပေမဲ့ အကြောင်းမထူးပါဘူးဒေါက်တာ”
စာရေးသူရဲ့မိတ်ဆွေက ဖြည့်စွက်ပြောပါတယ်။

“ဒါကြောင့် သူ့သားလေးမှာ စိတ်ရောဂါရှိနေသလားလို့ ကိုအာဇစ်က သိချင်တာပါ”
စာရေးသူက ကလေးငယ်ရဲ့ နောက်ကြောင်းရာဇဝင်ကို မေးကြည့်ပါတယ်။
“ကလေးမှာ ငယ်စဉ်က ဦးခေါင်းဒဏ်ရာရဖူးသလား၊ ဉာဏ်ထိုင်းသလား”
ကိုအာဇစ်က အလျင်အမြန်ဖြေဆိုပါတယ်။

“အပြင်းအထန် ဦးခေါင်းဒဏ်ရာရဖူးတာ မရှိပါဘူး။ ကျွန်တော့်သားကလေးက ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပါ”
စာရေးသူက အနည်းငယ် အချိန်ယူစဉ်းစားပြီး ဖြစ်နိုင်ခြေရှိတဲ့ရောဂါကို ရှင်းပြပါတယ်။
“ဦးနှောက်နဲ့ အာရုံကြောရောဂါမက စိတ်ရောဂါမကျတဲ့ အကြောရှုံ့အကြောဆွဲရောဂါတစ်ခု ရှိပါတယ်။ “တိုရက်တ်အကြောရှုံ့အကြောဆွဲရောဂါ” (Tourette Syndrome) လို့ ခေါ်ပါတယ်။ အဲဒီရောဂါက အသက် ၂ နှစ်မှ ၁၅ နှစ်မှာ စတင် ဖြစ်ပွားတတ်တယ်။ ကလေး တစ်ရာမှာ တစ်ယောက်နှုန်း ရောဂါရရှိနိုင်တယ်။ ယောကျာ်းလေးတွေမှာ မိန်းကလေးတွေထက် ၃-၄ ဆ ပိုပြီး ရောဂါ ဖြစ်ပွားတတ်ပါတယ်။

ကိုအာဇစ်ရဲ့ သားလေးမှာ ဒီလိုရောဂါရှိ၊ မရှိ ချင့်ချိန်ကြည့်နိုင်ဖို့ တိုရက်တ်အကြောရှုံ့အကြောဆွဲ ရောဂါလက္ခဏာတွေကို ပြောပြပါမယ်။
ဒီရောဂါမှာ ရောဂါလက္ခဏာ အုပ်စုနှစ်မျိုး ရှိပါတယ်။ (က) လှုပ်ရှားမှု အကြောရှုံ့အကြောဆွဲခြင်း (Motor Tics)နဲ့ (ခ) စကားအသံထွက် အကြောရှုံ့အကြောဆွဲခြင်း (Vocal Tics) တို့ ဖြစ်တယ်။

(က) လှုပ်ရှားမှု အကြောရှုံ့အကြောဆွဲလက္ခဏာတွေကတော့ ရောဂါနုစမှာ မျက်လုံးမှိတ်တုပ် မှိတ်တုပ်လုပ်ခြင်း၊ ပြာကလပ်ပြာကလပ် မျက်တောင်ခတ်ခြင်း၊ ဦးခေါင်းရမ်းခြင်း၊ ပခုံးတွန့်ခြင်း၊ မျက်စိ စွေစောင်းပြီး ဖျတ်ခနဲ ဖျတ်ခနဲ ကြည့်တတ်ခြင်း၊ နှာခေါင်းရှုံ့ခြင်း၊ နှုတ်ခမ်းတွန့်လိမ်ခြင်းတို့ ဖြစ်ပါတယ်။
ရောဂါအခြေကျလာရင် အကြောဆွဲအပြုအမူတွေက ပိုပြီး ရှုပ်ထွေးလာတာ တွေ့ရမယ်။ ဥပမာ ဗြုန်းကနဲ ပစ္စည်းတစ်ခုခု ကိုင်တွယ်ကြည့်ခြင်း၊ တစ်ခုခုနမ်းရှုပ်ကြည့်ခြင်း၊ တစ်စုံတစ်ခုကို လှမ်းမျှော်ကြည့်သလိုပြုမူခြင်း၊ သိုင်းကွက်နင်းပြီး လမ်းလျှောက်ခြင်း၊ ညစ်ညမ်းတဲ့ ခြေဟန်လက်ဟန်အပြုအမူလုပ်ပြခြင်၊ ခါးကိုင်းညွတ်ခြင်း၊ ခါးတွန့်လိမ်ခြင်း၊ ခုန်ဆွခုန်ဆွသွားခြင်းတို့ ဖြစ်ပါတယ်”
ကိုအာဇစ်က မှတ်ချက်ချပါတယ်။

“ကျွန်တော့်သားလေးက အဲဒီလို အပြုအမူတွေကို မကြာခဏ ဇိုးကနဲ ဆတ်ကနဲ ပြုလုပ်တတ်ပါတယ်ဒေါက်တာ”
စာရေးသူက တိုရက်တ်အကြောရှုံ့အကြောဆွဲရောဂါရဲ့လက္ခဏာတွေကို ဆက်လက်ရှင်းပြပါတယ်။
“(ခ) စကားသံထွက် အကြောရှုံ့အကြောဆွဲ လက္ခဏာတွေကတော့ ရောဂါနုစမှာ ညည်းတွားသံ၊ ချောင်းဟန့်သံ၊ အာခေါင်ရှင်းသလိုအသံ၊ ချောင်းဆိုးသံ၊ ခွေးဟောင်သလိုအသံမျိုးစတဲ့အသံတွေကို ဗြုန်းကနဲ မကြာခဏဖော်ပြတတ်ပါတယ်။ ရောဂါရင့်လာတဲ့အခါမှာတော့ ညစ်ညမ်းတဲ့ စကားလုံးတွေကို လူရှေ့သူရှေ့မှာ အကြောင်းမဲ့ အော်ဟစ်ပြောတာ တွေ့ရပါတယ်။ မြန်မာလိုဆိုရင် မအေနှမတိုင်းပြီး ရိုင်းရိုင်းပျပျ ‘လ’သံပါတဲ့ စကားမျိုး၊ အင်္ဂလိပ် လိုဆိုရင် ‘F’ သံပါတဲ့ စကားမျိုးတွေ ဖြစ်ပါတယ်။
ရောဂါရှင် ၁၀ ရာခိုင်နှုန်းမှာတော့ သံယောင်လိုက်ပြီး ပြောတတ်တာကို တွေ့ရမယ်။ ကိုယ်ပြောပြီး စကားကို အကြိမ်ကြိမ်ထပ်ပြီး ပြောတာမျိုး၊ တခြားသူ ပြောစကားကို နောက်ကလိုက်ပြီး ထပ်တလဲလဲ ရွတ်ဆိုတာမျိုးတွေ ဖြစ်ပါတယ်”

စာရေးသူ စကားဆုံးတော့ စာရေးသူရဲ့ မိတ်ဆွေက မေးခွန်းထုတ်ပါတယ်။
“အဲဒီလိုအပြုအမူတွေကို လူနာက မထိန်းချုပ်နိုင်ဘူးလား”စာရေးသူက ရောဂါရဲ့သဘောသဘာဝကို ရှင်းပြပါတယ်။
“ဘေးကလူတွေကတော့ အဲဒီလို အပြုအမူတွေကို အကြောင်းမဲ့ ဗြုန်းကနဲ ပေါ်ပေါက်လာသလို တွေ့မြင်ရမယ်။ ဒါပေမဲ့ ကာယကံရှင်ရဲ့ စိတ်ထဲမှာ အချက်ပေးတဲ့ လက္ခဏာတွေကို ရှေးဦးစွာ ခံစားရပါတယ်။ အကြောရှုံ့အကြောဆွဲအပြုအမူ မပေါ်ပေါက်ခင်တဒင်္ဂအချိန်အတွင်းမှာ ခြေလက်ထုံကျဉ်သလို၊ ကိုယ်ထဲမှာ ယားယံသလို၊ စိတ်ထဲမှာ တင်းကျပ်သလို ခံစားရပါတယ်။ အကြောရှုံ့အကြောဆွဲအပြုအမူတွေ လုပ်လိုက်ပြီးရင် အဲဒီမသာယာတဲ့ ခံစားရမှုတွေ ပျောက်ပျက်သွားပါတယ်။ ဒါက လူနာကိုယ်တိုင် ထိန်းချုပ်လို့မရတဲ့ လက္ခဏာတွေပါ”
စာရေးသူ ပြောစကားကို ခဏရပ်လိုက်တော့ စာရေးသူရဲ့ မိတ်ဆွေက သူ့ထင်မြင်ယူဆချက်ကို ပြောပါတယ်။

“နေပါဦးဗျ။ မြန်မာနိုင်ငံတောရွာက အမျိုးသမီးကြီးတချို့မှာတွေ့ရတဲ့ ‘ယောင်တတ်တာ’နဲ့မတူဘူးလား။ ကာယကံရှင်ကို လက်နဲ့တို့လိုက်ရင် ဒါမှမဟုတ် ဗြုန်းကနဲ ထိတ်လန့်အောင် ခြိမ်းခြောက်လိုက်ရင် ဖြစ်တတ်တာမျိုးကို ပြောတာပါ။ အဲဒီလို တစ်ယောက်ယောက်က နောက်ပြောင်ကျီစယ်လိုက်ရင် အလန့်တကြားအော်ဟစ်ဆဲဆိုရေရွတ်တာ၊ ကျိန်ဆဲတာ၊ မထိန်းနိုင်အောင် ရယ်မောတာ၊ ကခုန်တာ၊ သူများပြောသလို လိုက်ပြောတာ၊ သူများလုပ်သလို လိုက်လုပ်တာမျိုးတွေကို တွေ့ရတာလေ”
ကိုအာဇစ်က ကြားဝင်ပြီး ပြောပါတယ်။

“အဲဒီလိုဖြစ်တာကို မလေးရှားမှာ ‘လာ့တ’ (Lata)လို့ ခေါ်ပါတယ်။ ကျွန်တော့်သားဖြစ်ပုံနဲ့ မတူပါဘူး”
စာရေးသူက ဆေးပညာအမြင်နဲ့ရှင်းပြပါတယ်။
“ဆေးပညာမှာ ‘ယောင်တတ်တဲ့ရောဂါ’ကို ‘လာ့တာ့ရောဂါ’(Latah)လို့ ခေါ်ပါတယ်။ ရိုးရာယဉ်ကျေးမှုနဲ့ ဆက်နွှယ်တဲ့ စိတ်ရောဂါတစ်မျိုးလို့ သတ်မှတ်ထားပါတယ်။ ကြောက်ရွံ့ထိတ်လန့်ရင်ထူးထူးခြားခြား တုန့်ပြန်တတ်တဲ့လက္ခဏာလို့ ယူဆပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာပဲ တွေ့ရှိရတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတွေမှာ ပိုမို တွေ့ရှိရပါတယ်။ ဒါကြောင့် ယောင်တတ်တဲ့ ရောဂါက တိုရက်တ်အကြောရှုံ့အကြောဆွဲရောဂါမဟုတ်ပါဘူး”
ကိုအာဇစ်က သူသိချင်နေတာကို မေးပါတယ်။

“ဒီလိုဆိုရင် ကျွန်တော့်သားလေးရဲ့ ရောဂါကို ဘယ်လို ကူညီနိုင်ပါသလဲ ဒေါက်တာ”
စာရေးသူက အကြံဉာဏ်ပေးပါတယ်။“တိုရက်တ်အကြောရှုံ့ အကြောဆွဲရောဂါရှိတဲ့ ကလေးမှာ အာရုံစိုက်မှုချို့ယွင်းပြီး လှုပ်ရှားမှုလွန်ကဲရောဂါ (ADHD)၊ အစွဲအလန်းကြီးပြီး ထပ်တလဲလဲ ပြုမူတဲ့ ရောဂါ (Obsessional Disorder)၊ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်လွန်ကဲရောဂါစတဲ့ စိတ်ရောဂါတွေ ပူးတွဲပါရှိနေတတ်ပါတယ်။

အကြောဆွဲလက္ခဏာတွေ ပြင်းထန်ရင် စိတ်ရောဂါကုသဆေးတွေဖြစ်တဲ့ (Haloperidol ၊ Pimozide) ဆေးမျိုးတွေကို အသုံးပြုတဲ့အခါ ရောဂါလက္ခဏာသက်သာနိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ ကိုအာဇစ်ရဲ့ သားလေးကို ကလေးကျန်းမာရေးဆရာဝန်၊ ဦးနှောက်နဲ့ အာရုံကြောရောဂါကုဆရာဝန်တွေနဲ့လည်း စမ်းသပ်စစ်ဆေးသင့်ပါတယ်”
“သားကလေးရဲ့ ရောဂါမျိုးမှာ ရှေ့အလားအလာ ဘယ်လိုရှိပါသလဲ ဒေါက်တာ”
“ဆေးကုသမှုမရှိပေမယ့် အသက် ၂၀ ကျော်လာရင် အလိုအလျောက် ရောဂါသက်သာလာတာကို လူနာအများစုမှာ တွေ့ရှိရပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top