Healthy Life Ad
Health Tips

ပဋိဇီဝပိုးသတ်ဆေး မှီဝဲချိန် ဆောင်ရန်၊ ရှောင်ရန်များ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ပဋိဇီဝပိုးသတ်ဆေးတွေကိုမှီဝဲတဲ့အခါ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အရင်ဖျားနာစဉ်က ဆရာဝန်ပေးခဲ့တဲ့ဆေးကိုပဲ အခုဖျားနာစဉ်မှာ ကိုယ့်သဘောနဲ့ ကိုယ်သောက်တာ၊ ဆေးပတ်မလည်ခင် ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်လိုက်တာတို့ မလုပ်သင့်ပါ။ ပဋိဇီဝပိုးသတ်ဆေးတွေကို နည်းမှန်လမ်းမှန် မသုံးစွဲတဲ့အတွက် ဆေးယဉ်ပါးတဲ့ ပြဿနာတွေ အဖြစ်များနေပါတယ်။

ညွှန်သည့်အတိုင်း လိုက်နာပါ
ပဋိဇီဝပိုးသတ်ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း မှန်ကန်တဲ့ပမာဏကို သောက်သုံးဖို့အရေးကြီးပါတယ်။ တချို့ဆေးတွေကအစာစားပြီးမှ သောက်သင့်ပေမယ် တခြားဆေးတွေက ဗိုက်ထဲ အစာမရှိချိန်မှာ သောက်သင့်တာ ဖြစ်ပါတယ်။ ဆရာဝန်ပြောတဲ့အတိုင်း ဆေးတွေကို နည်းလမ်းတကျသောက်မှသာ ဆေးအာနိသင် အပြည့်အဝရရှိမှာပါ။

မှန်ကန်စွာ သိမ်းဆည်းပါ
ဆေးတွေကို မှန်ကန်တဲ့ အပူချိန်မှာ သိမ်းဖို့ လိုပါတယ်။ အထူးသဖြင့် နေပူဒဏ်မကျရောက်တဲ့ နေရာ၊ စိုထိုင်းဆမများတဲ့ နေရာမှာသိမ်းပါ။

အအေးမိခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေး မသုံးစွဲပါနှင့်
ပဋိဇီဝပိုးသတ်ဆေး မှီဝဲတာနဲ့ ပတ်သက်ပြီး အတွေ့ရအများဆုံး အယူအဆမှားတစ်ခုက ဗိုင်းရပ်စ်ပိုးဝင်တဲ့အခြေအနေတွေဖြစ်တဲ့ အအေးမိတာ၊ လည်ချောင်းနာတာ အစရှိတာတွေမှာ ပဋိဇီဝပိုးသတ်ဆေးသုံးတာပဲ ဖြစ်ပါတယ်။

မိမိဘာသာ ဆေးမကုပါနှင့်
ပဋိဇီဝပိုးသတ်ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်သုံးစွဲတာက အလွန်အန္တရာယ်များပါတယ်။ ဘက်တီးရီးယားပိုးဝင်တဲ့အကြောင်းရင်း၊ ပိုးအမျိုးအစား၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်တုံ့ပြန်မှုစတဲ့အခြေအနေတွေကို ချိန်ထိုးစဉ်းစားပြီးမှ သင့်တော်တဲ့ဆေးကို မှီဝဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှ ဆေးသောက်ပါ။

ဆေးပတ်မလည်ခင် ဆေးကို မရပ်ပစ်သင့်ပါ
ပဋိဇီဝပိုးသတ်ဆေးတွေကို ပုံမှန်အချိန်အတိုင်းအတာအတွင်း သောက်သင့်ပါတယ်။ ဥပမာ တစ်နေ့ သုံးကြိမ်သောက်ရမယ့် ဆေးကို အကြိမ်ရေကျော်သောက်တာမျိုး၊ ဆေးပတ်မလည်ခင် ဆေးကိုရပ်ပစ်တာမျိုး မလုပ်သင့်ပါ။ ဒီလိုလုပ်တာကြောင့် ဘက်တီးရီးယားပိုးတွေက ဆေးယဉ်ပါးတဲ့ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ နောက်ပိုင်းမှာ ပိုးဝင်ကူးစက်တဲ့အခြေအနေကို ကုသရခက်ခဲသွားနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးများကို သတိပြုပါ
ပဋိဇီဝပိုးသတ်ဆေးအများစုမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဒါကို သတိပြုပါ။ အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေက ဗိုက်အောင့်တာ၊ ရေလို အရည်ဝမ်းသွားတာ၊ ဗိုက်ရစ်တာ၊ အန်တာ၊ လျှာမှာ အဖြူကွက်ပေါ်တာ၊ မိန်းမကိုယ် ယားယံတာ၊ အဖြူဆင်းတာ၊ နှုတ်ခမ်း၊ မျက်နှာနဲ့ လျှာရောင်တာ၊ အသက်ရှူမဝတာနဲ့ သတိလစ်ချင်သလိုဖြစ်တာတို့ ဖြစ်ပါတယ်။ ဒီလို ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်တာနဲ့ ဆရာဝန်ထံ အမြန်ဆုံး သွားပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top