Healthy Life Ad
Health Tips

ထိပ်ကပ်နာဖြစ်ခြင်းနှင့် နှာခေါင်းပိတ်ခြင်း ကင်းဝေးစေမည့် အစာများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

နှာခေါင်းတွင်းရှိ အခန်းငယ်တွေ ရောင်ရမ်းတာ၊ ထိပ်ကပ်နာဖြစ်တာ၊ နှာရည်ယိုတာ၊ နှာခေါင်းပိတ်တာနဲ့ အနံ့ခံအာရုံလျော့ကျတာစတဲ့ ဝေဒနာ တွေဖြစ်လာရင် ဒီသဘာဝအစာတွေက ကူညီပေးနိုင်ပါတယ်။

(၁) နာနတ်သီး
ရောင်ရမ်းမှုလျော့ကျစေတဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် နာနတ်သီးစားရင် နှာခေါင်းတွင်း ရောင်ရမ်းတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

(၂) ကီဝီသီး
ကီဝီသီးမှာ ဗီတာမင်စီပါဝင်မှုများတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကနေ နှာခေါင်းတွင်းရောင်ရမ်းမှုမဖြစ်အောင် အလိုလို ကာကွယ်ပေးနိုင်ပါတယ်။

(၃) မာလကာသီး
ကီဝီသီးလိုပဲ မာလကာသီးမှာလည်း ဗီတာမင်စီပါဝင်မှုများပါတယ်။ မာလကာသီးမှာ အင်တီအောက်ဆီးဒင့်လည်းပါဝင်တာကြောင့် နှာခေါင်းတွင်း ရောင်ရမ်းပြီး နှာရည်ယို၊ နှာပိတ်တဲ့ ဝေဒနာ၊ ထိပ်ကပ်နာတွေကို သက်သာစေပါတယ်။

(၄) လိမ္မော်သီး၊ သံပရာသီး
ကိုယ်ခံအားစနစ် မြင့်တက်ပြီး ရောဂါဝေဒနာတွေကို ကာကွယ်တွန်းလှန်နိုင်ဖို့ ဗီတာမင်စီပါဝင်မှု များတဲ့ လိမ္မော်သီး၊ သံပရာသီးနဲ့ ရှောက်သီးတွေကို စားသင့်ပါတယ်။

(၅) ဘယ်ရီသီး
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ ဘယ်ရီသီးအမျိုးအနွယ်တွေထဲမှာ အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် နှာခေါင်းတွင်း ရောင်ရမ်းတဲ့ ဝေဒနာကို အမြန်သက်သာစေပါတယ်။

(၆) ဆေးဖက်ဝင်ရေနွေးကြမ်း
ဆေးဖက်ဝင် ရေနွေးကြမ်းသောက်တာကြောင့် နှာခေါင်းမြှေးအတွင်း ရောင်ရမ်းတဲ့ဝေဒနာကို သက်သာစေပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့်ရရှိပြီး ရေနွေးငွေက အသက်ရှူလမ်းကြောင်း တွေကို ပွင့်စေဖို့ပဲဖြစ်ပါတယ်။

(၇) နနွင်းမှုန့် (ဆနွန်းမှုန့်)
ချင်းလိုပဲ နနွင်းကလည်း ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဟင်းလျာထဲမှာ နနွင်းထည့်ချက်ပေးပါ။

(၈) ဒိန်ချဉ်
ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားပါဝင်တာကြောင့် အူလမ်းကြောင်း ကျန်းမာစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၉) ကင်မ်ချီ
ကင်မ်ချီမှာ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် မီဆိုဟင်းချိုမှာလည်း အကျိုးပြုဘက်တီးရီးယားပါဝင်ပါတယ်။

(၁၀) ငရုတ်သီး
ငရုတ်သီးမှာပါတဲ့ ကပ်ဆိုက်စင်ဓာတ်က ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ နှာရည်ယို၊ နှာပိတ်ဝေဒနာဖြစ်နေရင် စားနေကျ အစားအသောက်ထဲ ငရုတ်သီးထည့်စားပေးပါ။

(၁၁) ချင်း (ဂျင်း)
ရောင်ရမ်းမှုလျော့ကျစေတဲ့ ချင်းကို စားနေကျ ဟင်းလျာထဲထည့်စားပေးပါ။ ချင်းပြုတ်ရည် သောက်ပေးတာကလည်း ထိပ်ကပ်နာဖြစ်တာ၊ နှာခေါင်းပိတ်တာနဲ့ နှာရည်ယိုတာကို သက်သာစေပါတယ်။

(၁၂) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အယ်လီစင်ဓာတ်က ရောင်ရမ်းမှုကို လျော့ကျစေပြီး ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကိုတွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(၁၃) ရေ
နှာခေါင်းမြှေးအတွင်း ရောင်ရမ်းပြီး ထိပ်ကပ်နာဖြစ်တာ၊ နှာခေါင်းပိတ်တာတို့ဖြစ်ရင် ရေများများ သောက်သင့်ပါတယ်။ ရေက နှာခေါင်းမြှေးအတွင်း ရောင်ရမ်းပြီးဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေပြီး အသက်ကောင်းကောင်းရှူခွင့်ရရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top