Healthy Life Ad
Life Style

ထိပ်ကပ်နာ (Rhino Sinusitis)

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ထိပ်ကပ်နာရောဂါဟာအဖြစ်များတဲ့ နှာခေါင်းရောဂါတစ်ခုဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် နှာခေါင်းဘေးမှာ လေအိတ်အစုံ ၄စုံရှိပါတယ်။ အဲဒီလေအိတ်လေးတွေရောင်တဲ့ ရောဂါပါ။ လေအိတ် ၄စုံအကြောင်း ဗဟုသုတရအောင် ပြောပြချင်ပါတယ်။ ပါးရိုးမှာရှိတဲ့ လေအိတ်ကို Maxillory Sinus လို့ခေါ်ပါတယ်။ အားလုံးထဲမှာ အကြီးဆုံးဖြစ်တဲ့အပြင် ထိပ်ကပ်နာဖြစ်ရင် သူ့မှာဖြစ်တာများတယ်။ နှာခေါင်းအရင်းနဲ့ မျက်စိကြားထဲမှာရှိတဲ့အစုံကတော့ Ethmoid ဖြစ်တယ်။ သူကတော့ နှာခေါင်းက အသားပို(နှာသီး)ထွက်တာ များတဲ့နေရာဖြစ်ပါတယ်။ နှာဖူးမှာရှိတဲ့အစုံကတော့ Frontal Sinus ပေါ့။ သူတို့အနောက်ဖက်မှာရှိတဲ့ အစုံကတော့ Sphenoid ပါ။

တကယ်တမ်းပြောရရင် နှာခေါင်းမှာရှိတဲ့ အမြှေး (Mucosal Lining)က အဲဒီလေအိတ်လေးတွေရဲ့အမြှေးနဲ့ တစ်ဆက်တည်းဖြစ်နေတယ်။ ကော်ဇောကို ဧည့်ခန်းမှာခင်းထားပြီး နောက်တစ်ခန်းကိုလည်း တစ်ဆက်တည်းခင်းထားရင် ဟိုဖက်ဒီဖက် ကူးလို့သန်းလို့လွယ်ကူသလို နှာခေါင်းရောင်တယ်၊ ပိုးဝင်တယ်ဆိုရင် ခုနလေအိတ်တွေဆီကို အလွယ်တကူ ကူးသွားနိုင်ပါတယ်။ ဒါကြောင့်လည်း ထိပ်ကပ်နာရဲ့အစဟာ နှာခေါင်းရောဂါကဆိုရင်မမှားပါဘူး။

နောက်တစ်နေရာက လာနိုင်သေးတာကို မေ့နေတတ်ကြပါတယ်။ အဲဒါကတော့ သွားရောဂါတွေပါပဲ။ ထိပ်ကပ်နာဆိုပြီးတော့ ကုနေတာ . . အရင်းခံမူလဖြစ်တဲ့ သွားရောဂါကုဖို့ သွားဆရာဝန်တွေဆီကိုလွှတ်မပေးရင် ဘယ်တော့မှပျောက်မှာ မဟုတ်ပါဘူး။ အဲဒီလိုဖြစ်ရတာကလည်း ပါးရိုးမှာရှိတဲ့ လေအိတ်အောက်ခြေဟာ သွားတွေနဲ့ ထိစပ်နေတဲ့အတွက် ဖြစ်ပါတယ်။

ဓာတ်မတည့် နှာခေါင်းရောင်တာအပါအဝင် နှာခေါင်းရောဂါဖြစ်နေကျ လူနာတစ်ယောက်ဟာ ပါးရိုး၊ နှာခေါင်းရင်းစတဲ့နေရာတွေမှာ ‘နာ’လာမယ်ဆိုရင် ထိပ်ကပ်နာဖြစ်နိုင်ပါတယ်။ ‘ရောင်’တယ် (Inflammation)ဆိုရင် လတ်တလော (Acute)နဲ့ နာတာရှည် (Chronic) ဖြစ်နိုင်ပါတယ် . . .

ဓာတ်မတည့်နှာခေါင်းရောင်တာအပါအဝင် နှာခေါင်းရောဂါ ဖြစ်နေကျလူနာတစ်ယောက်ဟာ ပါးရိုး၊ နှာခေါင်းရင်းစတဲ့ နေရာတွေမှာ ‘နာ’လာမယ်ဆိုရင် ထိပ်ကပ်နာဖြစ်နိုင်ပါတယ်။ ‘ရောင်’တယ် (Inflammation)ဆိုရင် လတ်တလော (Acute) နဲ့ နာတာရှည် (Chronic) ဖြစ်နိုင်ပါတယ်။

ထိပ်ကပ်နာဖြစ်ပုံဖြစ်နည်းကို လေ့လာကြည့်ရင် နှာခေါင်းနံရံမှာ အခုံးသုံးခုနဲ့ သူတို့တစ်ခုချင်းရဲ့အောက်မှာ အခွက်သုံးခုရှိတယ်။ Turbinates နဲ့ Meatus တွေပါ။ အပေါ်၊ အလယ်၊ အောက်ဆိုပြီး ခွဲထားတယ်။ အလယ်အခွက် (Middle Meatus) ထဲကို နှာခေါင်းဘေးလေအိတ်တွေက အရည်တွေစီးဝင်ပါတယ်။ အဲဒီနေရာမှာ အစိတ်အပိုင်းမျိုးစုံရှိတယ်။ တချို့တွေက ပုံမမှန်ဖြစ်ပြီး လေအိတ်တွေက စီးဝင်တဲ့လမ်းကြောင်းကို ပိတ်နေနိုင်တယ်။ ပိတ်တဲ့အခါ အရည်တွေက နှာခေါင်းထဲမစီးဝင်နိုင်တော့ဘဲ လေအိတ်တွေထဲမှာ စုနေပါလေရော။ မြောင်းပိတ်သွားရင် ရေမစီးဘဲ ရေသေဖြစ်နေသလိုပေါ့။ ရေစီးတဲ့အခါ ဒိုက်တွေ၊ အမှိုက်တွေ ရေစီးနဲ့ပါသွားပေမယ့် ရေသေဖြစ်တဲ့အခါ သူတို့နဲ့ပြည့်နေပြီး ရောဂါပိုးတွေပေါက်ပွားရောဂါဖြစ်တာနဲ့ ဆင်တူပါတယ်။

ဒါဆိုရင် ပိတ်နေတာကို ပွင့်အောင်လုပ်ရမှာဖြစ်ပါတယ်။ နှာခေါင်းရောင်တဲ့အခါ နှာခေါင်းအမြှေးပါးတွေရောင်ပြီး ပိတ်တာဆိုရင်တော့ အရောင်လျော့တဲ့ဆေးတွေ၊ ပိုးတွေသေအောင် ပဋိဇီဝပိုးသတ်ဆေး (Antibiotics)တွေ၊ ဘာမီတွန်၊ Cetrine တို့လို ဟစ္စတမင်းကို ဆန့်ကျင်တဲ့ဆေးတွေ စတဲ့ဆေးတွေနဲ့ အရောင်ကျအောင်၊ ပိတ်နေတာ ပွင့်အောင်လုပ်ကြရပါတယ်။ များသောအားဖြင့် ဆေးပေးတာနဲ့ပဲ သက်သာသွားပေမယ့် တစ်ခါတလေခွဲစိတ်ရပါတယ်။ အဲဒါမျိုးကတော့ ခုနကပြောခဲ့တဲ့ လမ်းကြောင်းမှာ ပုံမမှန်တဲ့ အစိတ်အပိုင်းတွေကြောင့်ဖြစ်တာမို့ အဲဒါတွေကိုခွဲစိတ်ပြီး လမ်းကြောင်းဖွင့်အောင် ဖွင့်ပေးရတာဖြစ်ပါတယ်။

အခုအခါ မှန်ပြောင်းနဲ့ ခွဲစိတ်တာမို့ အပြင်မှာလည်း အမာရွတ်မကျန်ခဲ့ပါဘူး။ အလင်းရောင်အားကောင်းပြီး မှန်ဘီလူးလိုချဲ့ပေးတာမို့ အသေးစိတ်ပြင်ရပြီး ဘေးဘက်က ကောင်းနေတဲ့နေရာတွေကို မထိခိုက်စေတဲ့အတွက် ရလဒ်ကောင်းတွေ ရနေပြီဖြစ်ပါတယ်။ အဲဒီခွဲစိတ်နည်းကို Endoscopic Sinus Surgery လို့ခေါ်ပါတယ်။ အခုလို ခေတ်မီနည်းပညာနဲ့ ကမ္ဘာ့အဆင့်အတန်းမီ ကုသပေးနေတဲ့အချိန်မှာ ပြည်သူလူထုတချို့က မသိနားမလည်ဘဲ ဆေးမြီးတိုတွေ၊ တခြားကြေးကြီးကြီးပေးရပြီး ဒုက္ခရောက်ရတဲ့နေရာတွေ မရောက်ရအောင် ဝိုင်းဝန်းအသိပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ အထူးသဖြင့် အထွေထွေရောဂါကုဆရာဝန်တွေက ကျန်းမာရေးပညာ ဖြန့်ဝေပေးကြပါလို့ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top