Healthy Life Ad
Life Style

အောင်မြင်မယ့်သူ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်တော့်အသက် ၂၆နှစ်ရှိပါပြီ။ ပန်းဆိုင်ကြီးကြီးတစ်ခု ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘွဲ့မရပါဘူး။ ဒီပန်းဆိုင်ကလည်း မိဘတွေရဲ့ လက်ငုပ်လက်ရင်းလုပ်ငန်းမဟုတ်ပါဘူး။ ကျွန်တော့်မိဘတွေက ဆင်းရဲနွမ်းပါးပါတယ်။ ကျွန်တော် ၁၀ တန်းအောင်တော့ မိဘတွေက ကျောင်းဆက်မထားနိုင်တဲ့အတွက် အလုပ်ထွက်လုပ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ပန်းပင်တွေကိုချစ်တဲ့စိတ်၊ ပန်းပွင့်တွေကိုချစ်တဲ့စိတ်နဲ့ ပန်းဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ကျွန်တော့်အလုပ်က ပန်းစည်းတွေကို အိမ်တိုင်ရာရောက် လိုက်ပို့ပေးရတာပေါ့ဗျာ . . .

တစ်နှစ်-နှစ်နှစ်ကြာတဲ့အထိ ကျွန်တော်ပန်းဆိုင်လေးမှာ ဆက်လုပ်ရင်း နေရာအတော်အတန်ရလာခဲ့တယ်။ အဲဒီမှာ ကောင်မလေးတစ်ဦးဆီကို မကြာမကြာ ပန်းစည်းသွားပို့ပေးရင်း သူက တစ်နေ့မှာတော့ စကားတစ်ခွန်းပြောတယ်။

“ရှင့်ကြည့်ရတာ အောင်မြင်ကြီးပွားမယ့်သူပဲ . .”

သူ့စကားက ခပ်ရိုးရိုးဆိုပေမယ့် ကျွန်တော့်ရင်ဘတ်ထဲအထိ ထိုးဖောက်ဝင်ရောက်သွားခဲ့ပါတယ်။ ဒီလိုစကားမျိုး ကျွန်တော့်ဘဝမှာ တစ်ခါမှမကြားခဲ့ရဘဲကိုး။ ကျောင်းတက်တုန်းက ခပ်ကုပ်ကုပ်နေခဲ့သလို လူအများကြားမှာလည်း ခပ်အေးအေးနေတတ်တဲ့ ကျွန်တော့်ကိုဘယ်သူကမှ အရေးတယူမရှိခဲ့ကြပါဘူး။

သူ့စကားက ကျွန်တော့်စိတ်တွေကို နှိုးဆွလိုက်ပါတယ်။ ဒါနဲ့ ကျွန်တော်ဟာ ပန်းဆိုင်မှာအလုပ်လုပ်ရင်း ငွေတွေကို အရင်လို မသုံးဖြုန်းတော့ဘဲ ငွေစုတယ်၊ တခြားအဆင်ပြေတဲ့ အလုပ်တွေကို အားရင်အားသလိုဝင်လုပ်တယ်၊ ငွေစုတယ် . . အခုတော့ ကျွန်တော်ဟာ ကိုယ်ပိုင်ပန်းဆိုင်ကြီး တစ်ဆိုင်ကိုထူထောင်နိုင်ခဲ့ပါပြီ။

ကျွန်တော့်ဘေးမှာ ဘဝအဖော်လည်းရှိနေပြီလေ . . မှန်ပါတယ်ဗျာ. . ကျွန်တော်ရဲ့ ဘဝကြင်ဖော်က ကျွန်တော့်ကို အောင်မြင်မယ့်သူလို့ အားပေးစကားပြောခဲ့တဲ့ ကောင်မလေးပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top