Healthy Life Ad
Life Style

သူ့စိတ်ကြိုက် မင်္ဂလာဆောင်မယ် . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

ဦးကျော်မင်းနိုင်ရဲ့ အသက် ၈၇ နှစ်ရှိပါပြီ။ သူက ၈၇ နှစ်ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် နုပျိုလန်း ဆန်းဖျတ်လတ်နေပါတယ်။ စကားပြောရင်လည်း လူငယ်လေးတစ်ယောက်လို ခပ်သွက်သွက်ပြောတတ်တယ်။ ငယ်ငယ်ကတည်းက လက်ဝှေ့အားကစားလုပ်တတ်သူဖြစ်လို့ ခန္ဓာကိုယ်သန်စွမ်းကျစ်လျစ်ပါတယ်။ သူနဲ့အတူနေတဲ့ တူဖြစ်သူက ဆရာ့ဆီကို ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်မင်းနိုင်က ဆရာနဲ့ တွေ့တွေ့ချင်း သူ့အကြောင်းတွေကို ရေပက်မဝင်အောင် ပြောသလို “မကြာခင် မင်္ဂလာဆောင်မှာဖြစ်တဲ့အတွက် အားဆေးလာတောင်းတာပါ၊ အားမရှိလို့တော့ မဟုတ်ဘူးနော်ဆရာ၊ မင်္ဂလာဆောင်မှာမို့လို့ အထူး အားရှိချင်လို့ ဆရာ့ဆီလာခဲ့တာပါ”လို့ ဆိုပါတယ်။

“ကျွန်တော်က စော်ဘွားသားတွေနဲ့အတူနေခဲ့တာပါ ဆရာ။ ပြောရရင် မိုင်းပွန်စော်ဘွားကြီးသားတွေနဲ့လည်း ရင်းနှီးသလို ရပ်စောက်စော်ဘွားတွေ၊ ညောင်ရွှေစော်ဘွားတွေကတော့ ကျွန်တော့်သူငယ်ချင်းတွေပေါ့ဆရာ။ နောက်ပိုင်း ပျဉ်းမနားမယ်နဲ့ ရပါတယ်။ ရပြီး လက်ဝှေ့ချန်ပီယံဖြစ်တယ်။ ဇနီးက ဆုံးသွားတာ ကြာပါပြီ။ အခုတော့ တူလင်မယားနဲ့ နေပါတယ်ဗျာ။

အခု ဆရာ့ဆီလာရတဲ့အကြောင်းရင်းကတော့ ကျွန်တော် မိန်းမတစ်ယောက်ထပ်ယူမှာဗျ။ အခုယူမယ့် မိန်းမကျတော့ မော်လမြိုင်သူ လုံးကြီးပေါက်လှပေါ့ဗျာ။ အရေးပိုင်မင်းရဲ့သမီးပေါ့။ သူ့အသက်က ၄၀ကျော်ပါ။ အရင်တစ်လလောက်တုန်းက သူနဲ့ စေ့စပ်ပြီးပါပြီ။ သူက မင်္ဂလာအခမ်းအနားပြင်ဆင်ဖို့ ရန်ကုန်ကို လာတော့မှာ။ သူက စီးပွားရေးလုပ်တယ် ဆရာ။ သူရောက်လာရင် ဘယ်မှာ မင်္ဂလာဆောင်ချင်သလဲဆိုတာကို မေးရဦးမှာ။

ကျွန်တော့်အကြောင်း ပြောရရင်ဆရာရယ် .. လက်ဝှေ့ချန်ပီယံမဖြစ်ခင်က အသောက်အစားလေး ဖက်ခဲ့မိပါတယ်။ ဆေးလိပ်လည်း သောက်တယ်၊ အရက်လည်း သောက်တယ်။ အခုနောက်ပိုင်း လက်ဝှေ့ ချန်ပီယံဖြစ်ပြီးချိန်မှာတော့ ဆေးလိပ်လည်း မသောက်တော့ဘူး၊ အရက်လည်း မသောက်တော့ဘူး။ အသောက်အစား ကင်းတာကြာပြီဆရာ . .

အခု ကျွန်တော်ယူမယ့် မိန်းမကလည်း ဆွေမျိုးမကင်းပါဘူး။ ပြောရရင် (သူ့တူကို ညွှန်ပြပြီး) ဒီကောင့်မိန်းမရဲ့ အစ်မပေါ့ . . အသက်က ၄၀ ကျော်ပဲရှိသေးတာ။ သူ့ကိုယူမယ် ဆရာ . .

မင်္ဂလာဆောင်မယ်ဆိုတော့ ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး။ သတို့သမီးလောင်းသဘောပေါ့။ သူကြိုက်တဲ့ နေရာမှာ ခမ်းခမ်းနားနား မင်္ဂလာဆောင်ပေးမယ်။ သူက အကျဉ်းရုံးပြီး လက်ထပ်ချင်ပါတယ်ဆိုရင်လည်း သူ့သဘောပါ။ ခမ်းခမ်းနားနား ဖြစ်ချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ ခေတ်ကတည်းက ခေတ်စားခဲ့တဲ့ အင်းယားလိတ်တို့၊ စတန်းဟိုတယ်တို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အခုခေတ်ပေါ်ဆို ရင်လည်း နိုဗိုတယ်၊ မယ်လီယာပဲဖြစ်ဖြစ် သူဆောင်ချင်တဲ့ ဟိုတယ်မှာ ကျွန်တော်မင်္ဂလာဆောင် ပေးရမှာပေါ့။

မင်္ဂလာဆောင်မယ်ဆိုတော့ ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး။ သတို့သမီးလောင်း သဘောပေါ့။ သူကြိုက်တဲ့ နေရာမှာ ခမ်းခမ်းနားနား မင်္ဂလာ ဆောင်ပေးမယ်။ သူက အကျဉ်းရုံးပြီး လက်ထပ်ချင်ပါတယ်ဆိုရင်လည်း သူ့သဘောပါ။ ခမ်းခမ်းနားနား ဖြစ်ချင်တယ်ဆိုရင်လည်း . . .

ယူပြီးသွားရင်တော့ သားသမီးနှစ်ယောက် လောက်မွေးဖို့ စိတ်ကူးထားပါတယ် ဆရာရေ . . ဒါပေမဲ့လည်း သူ့ဆန္ဒပါပဲဗျာ။ နေမယ့်နေရာကတော့ ကျွန်တော့် လက်ရှိတိုက်မှာပဲနေမှာ။

အခု တူတွေနဲ့နေတာဆိုတော့ တူတွေကိုလည်း ဆက်ခေါ်ထားမှာပါ။ ဆွေမျိုးတွေပဲဟာ . . .
ပြောရရင် ဆရာရယ်၊ ကျွန်တော်က တရားထိုင်တာကိုလည်း နာမည်ကြီးနေရာတွေမှာ ထိုင်ဖူးပါတယ်။ တစ်ခါတလေ အကြားအမြင်ရတယ်။ ကျန်းမာရေးကောင်းဖို့ တရားထိုင်တာပါ။ ဒါပေမဲ့ သူ့အလိုလို အကြားအမြင်ရနေတာပါ။ မိုးကုတ်နည်း၊ မဟာစည်နည်း၊ လယ်တီနည်း စသဖြင့် အစုံတရားထိုင်ဖူးတယ်။ တကယ်လည်း ထိရောက်ပါတယ် ဆရာရဲ့။

အခုမင်္ဂလာဆောင်မှာဆိုတော့ အားဆေးလေး ဘာလေးပေးပါဦး ဆရာရယ်၊ နောက်တစ်ခေါက်ကျရင် အမျိုးသမီးပါ ခေါ်လာခဲ့ပါမယ်”လို့ ဦးကျော်မင်းနိုင်က ခပ်သွက်သွက် စကားတွေနဲ့ ရေပက်မဝင်အောင် တရစပ်ပြောပါတော့တယ်။

တူဖြစ်သူကတော့ သူ့ကွယ်ရာမှာ ဦးကျော်မင်းနိုင်အကြောင်း တိုးတိုးတိတ်တိတ် ပြောပြပါတယ်။
“တကယ်တော့ မင်္ဂလာဆောင်မယ်ဆိုတာ မဟုတ်ပါဘူး ဆရာရယ်၊ သူပြောတဲ့ မော်လမြိုင်သူဆိုတာ ကျွန်တော့်မိန်းမရဲ့ အစ်မကြီး . .အပျိုကြီးပါ။ သူကသာ လက်ထပ်မယ် ဘာညာ ပြောနေတာ၊ ဟိုကသိတောင် မသိပါဘူး။ ပြီးတော့ စော်ဘွားသားတွေနဲ့ အတူနေတယ်၊ ခင်မင်ရင်းနှီးတယ်ဆိုတာကလည်း မဟုတ်ပါဘူး။ အိမ်မှာပဲ သူ့ဘာသာ သစ်ပင်စိုက်လိုက်၊ ရေလောင်းလိုက်နဲ့ နေတာပါ။ ဟိုးအရင်ကတော့ ဦးလေးကရုံးတွေမှာ အလုပ်လုပ်ဖူးတာပေါ့၊ အခုကတော့ အငြိမ်းစားယူထားတာ ကြာပါပြီ။

ဒီလိုပဲ အေးအေးလူလူ နေရင်း နေရင်းနဲ့ တစ်နေ့ တစ်နေ့မိန်းမယူမယ့်အကြောင်းတွေ ပြောလို့ပြော၊ အရေးပိုင်မင်းသားသမီးတွေ၊ စော်ဘွားသားတွေနဲ့ရင်းနှီးခင်မင်ကြောင်း ပြောလို့ပြော၊ တစ်ခါတစ်ခါ လက်ထဲရှိသမျှ ငွေတွေနဲ့ လူငယ်လူရွယ်တွေသုံးတဲ့ ဘောင်းဘီ၊ နေကာမျက်မှန်၊ ခါးပတ်တွေဝယ်လို့ဝယ် . . ပိုဆိုးတာက မင်္ဂလာဆောင်ဖို့ ခန်းဝင် ပစ္စည်းဝယ်မယ်၊ ဟိုတယ်ခန်းမကို ကြိုတင် ဘိုကင်ပေးမယ်နဲ့ လုပ်နေတယ်ဆရာ . . ကောင်းကောင်းလည်း မအိပ်၊ ကောင်းကောင်းလည်းမစားဘူး . . နောက်ဆုံးမဖြစ်တော့ဘူးဆိုပြီး ဆရာ့ဆီ ခေါ်လာခဲ့တာပါ . . ဆရာကပဲ သူလိုအပ်တာတွေ လုပ်ပေးမယ်ဆိုတဲ့ ပုံမျိုးနဲ့ ဦးလေးလတ်တလော ဖြစ်နေတဲ့ ဝေဒနာတွေသက်သာအောင်ကုပေးပါဆရာ”လို့ ဦးကျော် မင်းနိုင်ရဲ့တူက ရှင်းပြပါတယ်။

တကယ်တော့ ဦးကျော်မင်းနိုင်က မှတ်ဉာဏ်တွေ လျော့ပြီး အတွေးတွေက ဟိုရောက်ဒီရောက်ရောက်နေကာ စိတ်ကြွနေတဲ့လက္ခဏာတွေ ပေါ်ပေါက်နေတဲ့ အခြေအနေပါ။ ဒါ့အပြင် အခုလတ်တလော စိတ်ကြွနေတော့ မိန်းမကိစ္စနဲ့ လိင်ကိစ္စတွေကို စိတ်ဝင်စားမှုတွေ အလွန်အမင်းရှိနေပြီး အိမ်ထောင်သားမွေးပြုမယ့် ကိစ္စတွေကို ပြောနေတာ ဖြစ်ပါတယ်။

ဒါနဲ့ ဦးကျော်မင်းနိုင်ကို လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီး လိုအပ်တဲ့ ဆေးဝါးတွေပေးကာ နောက်တစ်ပတ်မှာ ပြန်လာပြဖို့ မှာလိုက်တော့ သူက သတို့သမီးလာပြဖို့ ဆက်ဆက်ပြန်လာမှာလို့ ခပ်သွက်သွက် ပြောသွားပါတော့တယ်။
_ _ _

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာကျန်းမာချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top