Healthy Life Ad
Health Tips

နိုကိုဥမှာ ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေပါဝင်သလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

နိုကိုဥရဲ့ အရသာက ချိုမြတာကြောင့် လူအများစု၊ အထူးသဖြင့် ကလေးငယ်တွေ ကြိုက်နှစ်သက်ကြပါတယ်။ အရသာရှိတဲ့ နိုကိုဥကိုစားပေးရင် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

(၁) ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်

နိုကိုဥမှာ ဖိုင်တိုကမ်မီကယ်လ် အများအပြားပါဝင်တာကြောင့် ကင်ဆာကိုကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် Glucosinolates ပါဝင်တာကြောင့် အသည်းကနေ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေကို ချေဖျက်ရာမှာ ကူညီနိုင်ပါတယ်။ နိုကိုဥမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် ဆဲလ်တွေမှာ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်ထိခိုက်ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။

(၂) ဗီတာမင်စီ များစွာပါဝင်ပါတယ်

နိုကိုဥတစ်ခွက်စာ ပမာဏမှာ ဗီတာမင်စီ တစ်နေ့တာလိုအပ်တဲ့ အတိုင်းအတာရဲ့ ၁၄၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ နိုကိုဥပင်စည်ပိုင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီ များများပါဝင်ပါတယ်။

(၃) ကိုယ်ခံစွမ်းအားစနစ်ကို တိုးစေပါတယ်

နိုကိုဥမှာ ဗီတာမင်စီများများပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး နာမကျန်းမှုကို တွန်းလှန်ပေးကာ ရောဂါဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၄) စွမ်းအင်ကို တိုးစေပါတယ်

နိုကိုဥမှာပါတဲ့ ဗီတာမင်စီဟာ ခန္ဓာကိုယ်မှ သံဓာတ်လို မရှိမဖြစ် သတ္တုဓာတ်စုပ်ယူမှုကို အားကောင်းစေတာကြောင့် စွမ်းအင်တိုးစေပါတယ်။

(၅) နှလုံး ကျန်းမာစေပါတယ်

နိုကိုဥမှာ ကိုလက်စထရောနဲ့ မကောင်းတဲ့ အဆီပါဝင်မှုလျော့နည်းပြီး ပိုတက်စီယမ်ပမာဏ များစွာပါဝင်ပါတယ်။ နိုကိုဥမှာပါတဲ့ ပိုတက်စီယမ်ဟာ ဆိုဒီယမ်ကြောင့် ထိခိုက်မှုကို လျော့ကျစေပြီး နှလုံးခုန်နှုန်းမှန်စေကာ သွေးတိုးကို ကျစေပါတယ်။

(၆) အစာခြေစနစ်ကို ကျန်းမာစေပါတယ်

နိုကိုဥတစ်ခွက်စာ ပမာဏမှာ တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၁၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အမျှင်ဓာတ်ဟာ အစာကြေညက်စေပြီး ပုံမှန် အူလှုပ်ရှားမှုကောင်းစေကာ ဇီဝရုပ်ဖြစ်ပျက်မှု ကျန်းမာစေတဲ့အပြင် အူတွေကို သန်စွမ်းစေပါတယ်။

(၇) ကိုယ်အလေးချိန် လျော့ကျစေပါတယ်

နိုကိုဥတစ်ခွက်စာပမာဏမှာ ကယ်လိုရီ ၃၆ ပဲ ပါဝင်တာကြောင့် ပါဝင်တဲ့ကယ်လိုရီနဲ့စာရင် အာဟာရပါဝင်မှု အားကောင်းပါတယ်။ နိုကိုဥမှာပါတဲ့ အမျှင်ဓာတ်ကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကျန်းမာပြီး ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။

(၈) သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်

နိုကိုဥဟာ နှလုံးနဲ့ သွေးလှည့်ပတ်မှုစနစ်ကို ကျန်းမာစေပါတယ်။ အကြောင်းကတော့ နိုကိုဥမှာ ပြည့်ဝဆီပါဝင်မှု မရှိသလောက် နည်းလို့ပါ။

(၉) ကြွက်သားနဲ့ နာ့ဗ်ကြောလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်

နိုကိုဥအစိမ်းတစ်ခွက်မှာ ပိုတက်စီယမ် တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၁၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ပိုတက်စီယမ်ဟာ ကြွက်သားတွေရဲ့ ကာဗိုဟိုက်ဒရိတ် သိုလှောင်ပြီး လောင်စာအဖြစ် အသုံးပြုမှုမှာ ကူညီပေးပါတယ်။

(၁၀) အာဟာရပါဝင်မှု မြင့်မားပါတယ်

နိုကိုဥမှာပါဝင်တဲ့ ကယ်လိုရီနဲ့ယှဉ်ရင် အာဟာရပါဝင်မှု မြင့်မားပါတယ်။ အာဟာရတန်ဖိုး မြင့်မားစွာပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တချို့ကို နိုကိုဥဟင်းစားရုံနဲ့ ရရှိနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top