Healthy Life Ad
Life Style

ကြွက်နို့ (Warts)

ဒေါက်တာတင့်ဆွေ

၁။ အမျိုးသားပါဆရာ။ ခြေထောက်မှာ ကြွက်နို့ပေါက်နေလို့ပါဆရာ။ ဖြစ်တာကတော့ ၂ နှစ်ကျော်လောက် ရှိပါပြီဆရာ။

၂။ ဆရာ မင်္ဂလာပါရှင့်။ ကျွန်မလက်မှာ ကြွက်နို့လေးတွေရှိပါတယ်။ အရင်ကသေးသေးလေးတွေပါ။ နှစ်လလောက်အတွင်းကို ကြီးတာမြန်လာလို့ ခွဲစိတ်ဆရာဝန်နဲ့ပြပြီး မီးလေးနဲ့တို့ပြီးဖြတ်ထားပါတယ်ဆရာ။ လေးလလောက်နေတော့ပြန်ဖြစ်လာပြီး ပိုပြီးကြီးလာပါတယ်ဆရာ။ အရင်မခွဲစိတ်ခင်ကထက် နှစ် ဆလောက်ကို ကြီးလာတာပါဆရာ။ အခုပြန်ပြီးခွဲချင်ပါတယ်။ ပြဿနာက မီးလေးနဲ့မတို့ခင် ထုံဆေးထိုးတော့ နာတာကြောက်လို့ပါရှင့်။ လက်ငါးချောင်းရှိရင် လေးချောင်းလောက်မှာ ကြွက်နို့လေးတွေကရှိတော့ တခုကိုထုံဆေးတချက်ထိုးရင်သိပ်နာလို့ပါ။ အဲ့တော့ မနာကျင်ရဘဲနဲ့ ဘယ်လိုပျောက်အောင်လုပ်ရမလဲ ဆိုတာရယ်၊ ကြွက်နို့ဘာကြောင့် ဖြစ်ရလဲဆိုတာရယ်၊ မကုဘဲထားရင် ဘာဆိုးကျိုးများဖြစ်မလဲဆိုတာရယ် ဖြေပေးပါရှင့်။ ကျေးဇူးတင်လေးစားလျက်ပါဆရာ။

အသက် မသိပါ။ တွေလို့သာရေးရတယ်။ ကြွက်နို့ဆိုတာ ဗိုင်းရပ်စ်ပိုးကနေဖြစ်စေတယ်။ မျိုးပွားလမ်းမဟုတ်ရင် သိပ်စိုးရိမ်စရာမရှိပါ။
အမျိုးသမီး ၂၆ နှစ်အထိဆိုရင် သားအိမ်ဝကင်ဆာကာကွယ်ဆေးထိုးထားသင့်တယ်။

ကြွက်နို့ဆိုတာ Human papilloma virus (HPV) ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ ဒီပိုးကလည်း အမျိုးပေါင်း ၁၀ဝ ကျော် ၂၀ဝ ရှိတယ်။ တစ်ကိုယ်လုံးမှာ ကြွက်နို့ပေါက်တတ်ပါတယ်။ ကူးတတ်ပါတယ်။ အထူးသဖြင့် လိင်လမ်းကြောင်း (ပါးစပ်၊ ဗဂျိုင်းနား၊ စအို) တွေမှာဖြစ်တဲ့ ကြွက်နို့က ပိုပြီး ကူးတတ်တယ်။ ဒါကြောင့် အကာအကွယ်မဲ့ အတူနေတာကို ရှောင်ပါ။ တချို့မှာ အပြင်ကနေမသိနိုင်တဲ့ ကြွက်နို့ရှိနေတတ်ပြီး သူများကိုကူးစက်နိုင်ပါတယ်။

ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကတော့ မသေပါ။ ပြန်ဖြစ်နိုင်တယ်။ တနေရာမှာ အသစ်ပေါ်မယ်။ ကြွက်နို့ကို တနည်းနဲ့ မရရင် နောက်တစ်နည်းသုံးပြီး ကုရတတ်ပါတယ်။ အပြီးတိုင် ပျောက်သွားတာရှိသလို ပြန်လည်းဖြစ်တတ်တယ် . . .

တချို့ကြွက်နို့တွေက အလိုလိုပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပျောက်မှာပဲဆိုပြီး စောင့်မနေဘဲ ကုဖို့တိုက်တွန်းပါတယ်။
ကုသနည်းကလည်း ကြွက်နို့ပေါက်တဲ့နေရာ မတူရင် မတူပြန်ပါ။ ဆေးမြီးတိုနည်းတွေကို အားမပေးလိုပါ။ အလွယ်ဝယ်ရတဲ့ ဆေးတွေဆိုတာ အာမခံချက်မရှိပါ။ အသားတွေကို စားပစ်မယ့် အက်စစ်ဓာတ် အဆများလွန်းတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မျက်နှာနဲ့လိင်လမ်းကြောင်းမှာ ပေါက်တာမျိုးဆိုရင် ပိုဆိုးသွားပါလိမ့်မယ်။

အရေပြားအထူကုဆရာဝန်တွေက အကောင်းဆုံးကုသပေးနိုင်ပါတယ်။ မြင်တာနဲ့ ရောဂါကိုသိတယ်။ လိုအပ်ရင် Biopsy သားစဖြတ်ပြီး စစ်ဆေးမယ်။ လိင်လမ်းကြောင်းမှာမဟုတ်ရင် ဘာမှ စိုးရိမ်စရာမလိုပါ။

၁. Cantharidin ဆေးလိမ်းပေးနည်း။ အပူဖူး လေးထွက်မယ်။ တပတ်နေရင် သေသွားတဲ့ကြွက်နို့ကို ခြစ်ထုတ်ပြစ်မယ်။
ဒီဆေးလိမ်းကာစ ဘယ်လိုမှ မခံစားရပေမယ့် ၃-၄ နာရီ ကြာလာရင် နာလာပါမယ်။ ဆေးလိမ်းပြီးရင် တစ်ရက်တိုင်တိုင် ပတ်တီးစည်းပေးထားတာ ပိုကောင်းပါတယ်။ Cantharidin နဲ့ ရောထားတဲ့ ဆေးမျိုးဆိုရင် ၂ နာရီကြာရင် ပတ်တီး ဖြည်ပေးရပါမယ်။

၂. Liquid nitrogen ဆိုတာ ကြွက်နို့ကို အေးခဲသွားစေတဲ့ ဆေးကုနည်း Cryotherapy ဖြစ်ပါတယ်။ ၂ ကြိမ်ကနေ ၄ ကြိမ် ရက်ခြားပြီး လုပ်ပေးရပါတယ်။ ၁ ပတ်ကနေ ၃ ပတ်ပဲကြာမှာပါ။

၃. Electrosurgery and curettage လျှပ်စစ်နည်း။ ခြေထောက်မှာဖြစ်တာကို သုံးလေ့ရှိတယ်။ ပြီးတဲ့နောက် ခြစ်ပြစ်ပေးမယ်။

၄. Excision ခွဲစိတ်ဓားနဲ့ ခွဲထုတ်နည်း။

၅. Laser လေဆာနည်းနဲ့ Chemical peels ဓာတုအခွံခွါနည်းတွေကို ခက်ခဲတဲ့ ကြွက်နို့တွေအတွက် သုံးနိုင်တယ်။

၆. Salicylic acid အပြင်းစား + Tretinoin + Glycolic acid တွေသုံးတယ်။ ခြေ-လက်တွေမှာ ပေါက်တာမျိုးကို လိမ်းပေးရင်ရပါတယ်။
နေ့တိုင်း ရက်ကြာကြာလိမ်းရပါမယ်။ ရေချိုးပြီးနောက် အရေပြားက ခပ်စိုစိုလေး ရှိနေတုံး ဆေးလိမ်းတာ ပိုထိရောက်ပါတယ်။
နောက်ထပ် ရေတစ်ခါ မချိုးခင် ကျောက်တုံး ကြမ်းလေးနဲ့ ပွတ်တိုက်ပြီး သေနေတဲ့ အရေပြားလွှာကို ရှင်းထုတ်ပစ်ရပါဦးမယ်။

၇. Bleomycin ဆေးထိုးနည်း။ ကင်ဆာကို ကုတဲ့ဆေးဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတော့ရှိမယ်။ ဥပမာ ခြေသည်းလက်သည်းပျက်စီးနိုင်တယ်။

၈. Immunotherapy ခုခံအားဆေးနည်း။ Diphencyprone (DCP) ဆေးသုံးတယ်။ Interferon (အင်တာဖရွန်) ထိုးဆေးလည်း သုံးတယ်။

အလားအလာ
ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကတော့ မသေပါ။ ပြန်ဖြစ်နိုင်တယ်။ တနေရာမှာ အသစ်ပေါ်မယ်။ ကြွက်နို့ကို တနည်းနဲ့ မရရင် နောက်တစ်နည်းသုံးပြီး ကုရတတ်ပါတယ်။ အပြီးတိုင်ပျောက်သွားတာရှိသလို ပြန်လည်းဖြစ်တတ်တယ်။ လိင်လမ်းကြွက်နို့က ပိုပြီးပြန်ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top