Healthy Life Ad
Life Style

အသည်းအဆီဖုံးခြင်း

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး. အသည်းအဆီဖုံးခြင်း ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. အသည်းအဆီဖုံးခြင်းဖြစ်ရတဲ့ အဓိက အချက်နှစ်ချက်ရှိပါတယ်။ တစ်ခုကတော့ အရက်သောက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အသည်းအဆီဖုံးခြင်းရယ်၊ နောက်တစ်ခုက အရက်နဲ့မဆက်စပ်တဲ့ အသည်းအဆီဖုံးခြင်းဆိုပြီးရှိပါတယ်။ တစ်ခါတလေ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ အသည်းအဆီဖုံးခြင်းလည်း ရှိပါတယ်။ အရက်သောက်တာကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးခြင်းကတော့ အရက်သောက်လိုက်တယ်။ အရက်သောက်တာများလာတဲ့အတွက် အသည်းမှာအဆီသွားဖုံးပါတယ်။

မေး. အရက်နဲ့ မဆက်စပ်တဲ့ အသည်းအဆီဖုံးခြင်းက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. အရက်နဲ့မဆက်စပ်တဲ့ အသည်းအဆီဖုံးတာကျတော့ ဘာကြောင့်ဖြစ်ရသလဲဆိုရင် သွေးတွင်းကိုလက်စထရော အရမ်းများတာ၊ အဆီအအိမ့်တွေ အများကြီးစားတာ၊ သွေးတိုးရောဂါရှိတာ၊ ဆီးချိုရောဂါရှိတာ၊ အဝလွန်တာ စတဲ့အကြောင်းအရာတွေကြောင့် ဖြစ်တတ်ပါတယ်။ “ကျွန်မတို့ အရက်မသောက်ဘဲနဲ့ ဘာကြောင့်အသည်းခြောက်ရတာလဲ”ဆိုပြီး တချို့အမျိုးသမီးတွေက ပြောကြတယ်။ ဒီအကြောင်းတွေကြောင့် ဖြစ်ရတာပါ။

မေး. အသည်းအဆီဖုံးတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

ဖြေ. အသည်းမှာ ပုံမှန်အားဖြင့် အဆီရှိတယ်။ ရှိသင့်တဲ့ပမာဏဆိုရင် အန္တရာယ်မရှိပါဘူး။ အဲဒီအဆီပမာဏထက် ပိုလာပြီဆိုရင် နည်းနည်းဆိုးတဲ့အခြေအနေမှာ အသည်းနည်းနည်းကြီးလာပါတယ်။ ညာဘက်နံရိုးမှာ နည်းနည်းထောက်နေတယ်။ တချို့က အသက်ရှူမဝသလို ခံစားရတယ်လို့ပြောတယ်။ တချို့ကျတော့ အားနည်းသလို၊ အလုပ်မလုပ်ချင်သလို ခံစားရတယ်လို့ဆိုတယ်။ တချို့လည်း အစားအသောက်ပျက်ပြီး ပိန်သွားတာရှိတယ်။ တချို့ကျတော့ ဘာလက္ခဏာမှမပြဘူး၊ ဆေးစစ်လိုက်တော့မှ၊ အာထရာဆောင်းရိုက်လိုက်တော့မှ အသည်းအဆီဖုံးတယ်ဆိုတာ သိရတာမျိုးလည်းရှိပါတယ်။

ပုံမှန်လေးပဲ အသည်းအဆီဖုံးတာလောက်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာခိုင်းပါတယ်။ အဆီအအိမ့်လျှော့စားပါ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ စားသောက်ပါ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဆောင်ပါ . . .

မေး. အသည်းအဆီဖုံးနေရင် သက်သာအောင် ဘယ်လိုစားသောက်နေထိုင်သင့်ပါသလဲ ဆရာ။

ဖြေ. ပုံမှန်လေးပဲ အသည်းအဆီဖုံးတာလောက်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာခိုင်းပါတယ်။ အဆီအအိမ့်လျှော့စားပါ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ စားသောက်ပါ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဆောင်ပါ။ အရောင်ဆိုးဆေးပါတဲ့ အစားအသောက်တွေ မစားသောက်ပါနဲ့။ အဆီတွေလျှော့စားပါ၊ အချိုတွေလျှော့စားပါ။ ပြီးရင် အသည်းအားဆေးပေးတာလောက်နဲ့ သက်သာသွားတတ်ပါတယ်။

ဒီလိုမဟုတ်ဘဲ ဒီ့ထက်ဆိုးတဲ့ အဆင့်ရှိပြီဆိုရင်တော့ အခြေခံအကြောင်းတရားတွေကို ပြန်ရှာရပါတယ်။ အသည်းကို ပြန်စစ်ရပါတယ်။ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးရှိသလား၊ ဘာရောဂါတွေ ရှိသလဲစသဖြင့် အခြေခံအကြောင်းတရားတွေကို ပြန်ကြည့်ပြီး တွဲကုရတာတွေ ရှိပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကိုပဲ အာဟာရပြည့်ဝအောင် ရွေးချယ်စားသောက်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ ချိုလွန်း၊ ငန်လွန်း၊ အဆီအအိမ့်များလွန်း၊ အရောင်ဆိုးဆေးများလွန်းတဲ့ အစားအသောက်တွေကို တတ်နိုင်သလောက် လျှော့စားသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဆောင်ဖို့၊ စိတ်ဖိစီးမှုလျှော့ချဖို့၊ အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့ အရေးကြီးပါတယ်။

မေး. ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ အသည်းအဆီဖုံးတာက ကလေးမွေးပြီးရင် သက်သာသွားမှာလား။

ဖြေ. ကိုယ်ဝန်ဆောင်ကာလ တတိယသုံးလပတ်မှာ အသည်းအဆီဖုံးတာဖြစ်တတ်ပေမယ့် ဖြစ်နိုင်ခြေက အလွန်ရှားပါတယ်။ ကလေးမွေးပြီးသွားရင်တော့ အသည်းအဆီဖုံးဝေဒနာ ကျန်ခဲ့တာမရှိပါဘူး။

မေး. အသည်းအဆီဖုံးတာက မျိုးရိုးလိုက်တတ်ပါသလား ဆရာ။

ဖြေ. အရက်နဲ့ မဆက်စပ်ဘဲဖြစ်တဲ့ အသည်းအဆီဖုံးရောဂါက မျိုးရိုးလိုက်နိုင်ခြေရှိပါတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး။ ဘဝနေထိုင်စားသောက်မှုပုံစံ၊ ပတ်ဝန်းကျင်အချက်အလက်တွေနဲ့လည်း သက်ဆိုင်မယ်လို့ ခန့်မှန်းရပါတယ်။

မေး. အသည်းအဆီဖုံးတာ အဖြစ်များတယ်လို့ သိရတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး မဖြစ်အောင် ဆင်ခြင်နေထိုင်ရမယ့် အကြောင်းလေးတွေကို မျှဝေပေးပါဦး ဆရာ။

ဖြေ. မြန်မာလူမျိုးတွေက ဆီစားသုံးမှုလည်းရှိတဲ့အတွက် အသည်းအဆီဖုံးတာက ရှိတတ်တယ်။ ဒါပေမဲ့ တန်ဆေး၊ လွန်ဘေးဆိုတဲ့အတိုင်း အဆီအအိမ့်တွေကို တတ်နိုင်သမျှ လျှော့စားစေချင်ပါတယ်။ ချိုလွန်း၊ ငန်လွန်းတဲ့ အစားအသောက်၊ ဆိုးဆေးအရောင်ပါတဲ့ အစားအသောက်တွေကိုလည်း လျှော့စားစေချင်ပါတယ်။ ပြီးတော့ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေကို လျှော့ချပြီး ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့၊ အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့နဲ့ အသီးအရွက်တွေကို ပုံမှန်စားပေးဖို့ မှာချင်ပါတယ်။ အဝလွန်တဲ့သူ၊ ခန္ဓာကိုယ်အလေးချိန်များတဲ့သူတွေမှာ အသည်းအဆီဖုံးတာက ဖြစ်တတ်တဲ့အတွက် ကိုယ်အလေးချိန်များနေရင် လျှော့ချသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top