Healthy Life Ad
Life Style

အကျိုးပြုဘက်တီးရီးယား (Probiotics) ကို နေ့စဉ် မှီဝဲသင့်သလား

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)၊ (အတွင်းရေးမှူး-ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အကျိုးပြုဘက်တီးရီးယား (Probiotics)အကြောင်း သိပါရစေ ဆရာ။
ဖြေ။ ။ လူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေမှာ ကောင်းတဲ့ ဘက်တီးရီးယား (Good Bacteria) နဲ့မကောင်းတဲ့ ဘက်တီးရီးယား (Bad Bacteria) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပါးစပ်ထဲ၊ အရေပြားပေါ်၊ အူမကြီးစတဲ့ နေရာတွေမှာ အကျိုးပြုဘက်တီးရီးယားတွေရှိပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားတွေ လျော့ပါးသွားတဲ့ အခြေအနေတွေမှာ ရောဂါဖြစ်လာပါတယ်။ ဥပမာ အစားအသောက်စားရင်း အပြင်ကနေ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးဝင်လို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် အူသိမ်အူမကြီးထဲက အကျိုးပြုဘက်တီးရီးယားတွေ သေဆုံးကုန်တယ်၊ မရှိတော့ဘူး။ ဒီလိုအခြေအနေမှာ ဝမ်းပျက်ဝမ်း လျှောပြီး အမြန်သက်သာစေဖို့ Probiotics လို့ ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယား၊ ကောင်းတဲ့ဘက် တီးရီးယားလေးတွေကို ထည့်သွင်းပေးပါတယ်။
Probiotics လို့ ပြောလိုက်ရင် အများစုသိကြတာက Lactobaccilus ၊ တစ်နည်း လက်ကျူးလို့စ် အနေနဲ့ကောင်းတဲ့ ဘက်တီးရီးယားလေးတွေကို ပေးလေ့ရှိကြတယ်။

မေး။ ။ Probiotics တွေကို ဘယ်လိုအခြေအနေမှာ သုံးလေ့ရှိပါသလဲ ဆရာ။
ဖြေ။ ။ အစာအိမ်နဲ့ အူလမ်းကြောင်းပိုင်းဆိုင်ရာ အခြေအနေတွေမှာ အဓိက သုံးပါတယ်။ အစာအိမ်ထဲမှာ နေတဲ့ ဘက်တီးရီးယားတွေထဲမှာ H.pylori လို့ခေါ် တဲ့ ရောဂါဖြစ်စေတဲ့ ပိုးရှိတယ်။ အဲဒီလိုပဲ ကောင်းတဲ့ဘက်တီးရီးယားပိုးတွေလည်းရှိပါတယ်။ လေပွ၊ လေထတဲ့ အခြေအနေမှာ Probiotics ပေးလေ့ရှိပါတယ်။ ပြီးတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ သူတွေအထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးတွေ မှီဝဲတဲ့အခါ ဆေးကြောင့် ကောင်းတဲ့ ဘက်တီးရီးယားလေးတွေ သေဆုံးသွားတဲ့အခြေအနေမှာ Probiotics ကို ဖြည့်စွက်ဆေးအနေနဲ့ ပေးလေ့ရှိပါတယ်။

ဝမ်းလျှောလိုက်၊ ဝမ်းချုပ်လိုက်၊ အစာနည်းနည်းစားတာနဲ့ ဝမ်းအရည်သွားလိုက်ဖြစ်တဲ့ Irrita-ble Bowel Syndrome အူလှုပ်ရှားမှု မမှန်မကန်ဖြစ်တဲ့ အခြေအနေမှာလည်း အူအတွင်းထဲမှာကောင်းတဲ့ ဘက်တီးရီးယားလေးတွေ ထည့်ထားပေးရင် ဝမ်းမှန်အောင်ကူညီပေးတယ်။ ဒီလိုအခြေအနေမှာလည်း ဖြည့်စွက်ဆေးအနေနဲ့ ပေးလေ့ရှိပါတယ်။

ကောင်းတဲ့ ဘက်တီးရီးယားက အရေပြားမှာနေတယ်။ အရေပြားမှာကောင်းတဲ့ ဘက်တီးရီးယား မရှိရင် ဝဲနှင်းခူလို အရေပြားရောင်ရမ်းမှုဖြစ်တတ်တယ်။ ဒီလိုအခြေအနေမှာ Probioticsကို ပေးလေ့ရှိပါတယ်။

ပါးစပ်အနံ့ထွက်တဲ့သူတွေကလည်း ပါးစပ်ထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ များနေတတ်လို့ ဖြည့်စွက်ဆေးအနေနဲ့ Probiotics ကို ပေးလေ့ရှိပါတယ်။

မေး။ ။ ကောင်းတဲ့ ဘက်တီးရီးယားကို ဘယ်လိုအစား အသောက်တွေကနေ ရနိုင်ပါသလဲ ဆရာ။
ဖြေ
။ ။ ဒိန်ချဉ်၊ ဟင်းသီးဟင်းရွက်တချို့ကနေ ကောင်းတဲ့ ဘက်တီးရီးယားကို ရရှိနိုင်ပါတယ်။

မေး။ ။ လတ်တလောမှာ တချို့လူတွေက အကျိုးပြု ဘက်တီးရီးယား (Probiotics)ကို နေ့စဉ်လိုလို မှီဝဲ နေကြတာ တွေ့ရပါတယ်။ သာမန်လူကောင်းတွေအနေနဲ့ နေ့တိုင်းစွဲသောက်သင့်ပါသလား ဆရာ။
ဖြေ။ ။ ခန္ဓာကိုယ်ထဲမှာ ပုံမှန် ဇီဝကမ္မဖြစ်စဉ်အရ သမမျှတအောင် လုပ်နေတဲ့ လုပ်ငန်းစဉ်တွေ အများကြီး ရှိပါတယ်။ ဘက်တီးရီးယားအကြောင်း ပြောမယ်ဆိုရင် ပုံမှန်ကျန်းမာသန်စွမ်းအောင်ကောင်းတဲ့ ဘက်တီးရီးယားတွေ ရှိထားပြီးသား။ ပါးစပ်ကိုသာ ပုံမှန်သန့်ရှင်းရေးလုပ်ပေးနေတယ်ဆိုရင် အပြင်ကနေ ကောင်းတဲ့ ဘက်တီးရီးယားဖြည့်စွက်မှီဝဲစရာ မလိုပါဘူး။ အရေပြားကလည်း ပုံမှန်ကျန်းမာသန့်ရှင်းအနာ ကင်းနေရင် ကောင်းတဲ့ ဘက်တီးရီးယားရှိပြီးသားလို့ ယူဆရပါတယ်။ ဒီအခြေအနေမှာ ဖြည့်စွက်ဆေးအနေနဲ့ Probiotics ထပ်ပေးလိုက်ရင်လည်း ဘာမှထူးလာမှာ မဟုတ်ပါဘူး။ နေ့တိုင်းသောက်ရတဲ့အတွက် ကုန်ကျစရိတ်များသွားတာပဲ ရှိပါလိမ့်မယ်။

ပုံမှန်သောက်တဲ့အတွက် အန္တရာယ်ကတော့ မဖြစ်စေပါဘူး။ ကျန်းမာပြီးသား သူတစ်ယောက်က ကျန်းမာဖို့အတွက် ဒါ နေ့တိုင်း သောက်မှဖြစ်မယ်ဆိုတဲ့ အယူအဆကိုတော့ ဖျောက်စေချင်ပါတယ်။ ဒါပေမဲ့ စောစောက ပြောထားတဲ့ လိုအပ်နေတဲ့အခြေအနေတွေမှာတော့ မှီဝဲသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top