Healthy Life Ad
Health Tips

နို့မှုန့်တိုက်သည့် ကလေးသေဆုံးနှုန်းမှာ မိခင်နို့တစ်မျိုးတည်းသာတိုက်သည့် ကလေးသေဆုံးနှုန်းထက် ၆ဆမှ ၁၄ဆအထိ ပိုနေကြောင်းသိရ

၊ အေးမို့မို့ဇော် ၊

နို့မှုန့်တိုက်သည့်ကလေးသေဆုံးနှုန်းမှာ မိခင်နို့တစ်မျိုးတည်းသာတိုက်သည့် ကလေးသေဆုံးနှုန်းထက် ၆ဆမှ ၁၄ဆအထိပိုနေကြောင်း သုတေသနပြုလုပ်ချက်များအရ တွေ့ရှိရသည်ဟု LEARN စီမံချက်မှ အာဟာရဆိုင်ရာအကြံပေး ဦးစောဒင်အောင်၏ပြောပြချက်အရ သိရသည်။

မွေးကင်းစမှ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းဖြင့် ၅နှစ်အောက် ကလေးသေဆုံးမှုကို ၁၃ရာခိုင်နှုန်းခန့်လျှော့ချနိုင်ကြောင်း၊ မွေးစမှ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာသောက်သုံးသော ကလေးငယ်များသည် ဖြည့်စွက်စာစားသုံးသော အခြားကလေးများနှင့်နှိုင်းယှဉ်ပါက ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါများဖြစ်ပွားနိုင်ခြေ နည်းပါးကြောင်းသိရသည်။

“မိခင်နို့တစ်မျိုးတည်းသာ တိုက်တဲ့ကလေးရဲ့ ကြီးထွားအောင်မြင်မှုနဲ့ နို့မတိုက်တဲ့ကလေးက အရမ်းကိုကွာခြားသွားပါတယ်။ နို့မှုန့်တိုက်တဲ့ ကလေးရဲ့သေနှုန်းနဲ့ မိခင်နို့တစ်မျိုးတည်းကိုသာတိုက်တဲ့ ကလေးရဲ့သေနှုန်းနှစ်ခုကို ယှဉ်လိုက်တဲ့အခါမှာ နို့မှုန့်တိုက်တဲ့ကလေးက ၆ဆကနေ ၁၄ဆပိုပြီးတော့ သေတာကို သုတေသနအရတွေ့ရပါတယ်”ဟု ဦးစောဒင်အောင်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က ကလေးငယ်များကို မွေးစမှ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးရန် လမ်းညွှန်ချက်များကို ထုတ်ပြန်ထားကြောင်း၊ မိခင်နို့ကို မှန်ကန်ကောင်းမွန်စွာ တိုက်ကျွေးခြင်းဖြင့် နှစ်စဉ်ကလေးငယ်ဦးရေ ၁၆၃၆ဦး အသက်ကိုကယ်တင်နိုင်ကြောင်း သိရသည်။

နှစ်စဉ်ကလေးငယ်များကို ကယ်တင်နိုင်သောကြောင့် ၅နှစ်အောက် ကလေးငယ်သေဆုံးမှုနှုန်းလျော့ကျခြင်း၊ ကျန်းမာရေးအသုံးစရိတ်တွင် ကန်ဒေါ်လာသုံးသန်းကျော်ကို သက်သာစေနိုင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောနှင့် အဆုတ်ရောင်အအေးမိရောဂါများကို ကာကွယ်နိုင်ခြင်းအပြင် နို့မှုန့်ဝယ်ယူရန်မလိုအပ်ခြင်းကြောင့် လစဉ်ဝင်ငွေ၏ ၃၂ ဒသမ ၄ရာ ခိုင်နှုန်းသက်သာနိုင်ကြောင်း ၂၀၁၅ခုနှစ်တွင် Alive & Thrive အဖွဲ့နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော သုတေသန၌ ဖော်ပြထားကြောင်းသိရသည်ဟု ၎င်းင်းကဆိုသည်။

မွေးကင်းစမှ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရမည်ဖြစ်ပြီး၊ ကလေးအသက်ခြောက်လပြည့်ပါက ဖြည့်စွက်စာကျွေးရမည်ဖြစ်ကာ ကလေးတစ်ဦးအတွက် အသက်၆လအထိ မိခင်နို့ထဲတွင် အာဟာရ ၂၀ဝရာခိုင်နှုန်းပါဝင်သည့်အတွက်ကြောင့် ကလေးအသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန်လိုအပ်ကြောင်း သိရသည်။

ထို့အပြင် မိခင်နို့ကို မီးဖွားပြီးချိန်မှ ၁နာရီအတွင်း စောနိုင်သမျှ စောစောတိုက်ကျွေးနိုင်ကာ အသက်ခြောက်လပြည့်ချိန်မှစ၍ အာဟာရကြွယ်ဝသည့် အစာမျိုးစုံကိုဖြည့်စွက်ကျွေးရင်း မိခင်နို့ကို ကလေးအသက် ၂နှစ်ခန့်အထိ တိုက်ကျွေးသွားရန်လိုအပ်ကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top