Healthy Life Ad
Life Style

ခွဲစိတ်ကုသမှုခံယူပြီးချိန်တွင် သတိပြုရမည့် အချက်များ

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အူအတက်ရောင်တာ၊ အူပုပ်တာစတဲ့ အစာခြေလမ်းကြောင်းရောဂါတွေအတွက် ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ ဘယ်လိုအချက်တွေကို အဓိကလုပ်ဆောင်သင့်ပါသလဲ ဆရာ။

ဖြေ. ဗိုက်ခွဲပြီး ကုသမှုခံယူထားရင် အကြမ်းဖျင်းအားဖြင့် ဗိုက်ခွဲပြီးစမှာ အစာမစားရပါဘူး။ ရေလည်း မသောက်ရပါဘူး။ ခွဲပြီးတစ်ရက်ကြာလို့ လေလည်မှသာ အရည်စတင်သောက်ရပါတယ်။ အရည်သောက်ပြီး တစ်ရက်ကြာမှ ဆန်ပြုတ်နဲ့ စွပ်ပြုတ်တွေကို စားရပါတယ်။ ခွဲပြီးငါးရက်လောက်ကြာမှသာ ထမင်းပျော့ပျော့ကို စားရပါတယ်။ အစာစားတဲ့အခါ အိမ်မှာချက်ပြုတ်ထားတဲ့ သန့်ရှင်းလတ်ဆတ်တဲ့အစာကို စတင်စားခိုင်းပါတယ်။

မေး. ဗိုက်ကို ခွဲစိတ်ကုသပြီးရင် အနာမကျက်တာမျိုးရော ဖြစ်တတ်ပါသလား ဆရာ။

ဖြေ. ခွဲစိတ်ကုသမှုရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက်က အနာမကျက်ဘဲ အနာဖြစ်တတ်ပါတယ်။ အဓိကအနေနဲ့ ပဋိဇီဝပိုးသတ်ဆေး စားရပါတယ်။ လိုအပ်ရင် သုံးရက်တစ်ခါ ဆေးထည့်ရပါတယ်။

မေး. ဗိုက်ကို ခွဲစိတ်ကုသမှု ခံယူထားသူတွေအနေနဲ့ ဘယ်လိုအနေအထိုင်မျိုးကို ရှောင်သင့်ပါသလဲဆရာ။

ဖြေ. ဗိုက်ကို ခွဲစိတ်ကုသမှု ခံယူထားသူတွေအနေနဲ့ ခွဲပြီးခါစမှာ သိပ်ပြီး ပြင်းပြင်းထန်ထန် လှုပ်ရှားမှုမျိုး မလုပ်ရပါဘူး။ ထိုင်တာ၊ လမ်းလျှောက်တာတွေ လုပ်လို့ရပါတယ်။ ဒါပေမဲ့ ခွဲစိတ်ပြီး တစ်လအတွင်းမှာ လေ့ကျင့်ခန်း(Exercise) မလုပ်ရပါဘူး။ ပြင်းထန်တဲ့အလုပ်တွေကိုလည်း မလုပ်သင့်ပါဘူး။ အလေးအပင်တွေကိုလည်း မ,မရပါဘူး။

မေး. ဗိုက်ကိုခွဲစိတ်ကုသမှုခံယူထားသူတွေက စက်ဘီး၊ ဆိုင်ကယ် စတဲ့ယာဉ်တွေကို ကိုယ်တိုင်စီးလို့ရပါသလား ဆရား။

ဖြေ. ဗိုက်ခွဲထားပြီး တစ်လအတွင်းမှာ စက်ဘီးစီးတာ၊ ဆိုင်ကယ်မောင်းတာတွေကို ရှောင်ရပါမယ်။ စက်ဘီးနင်းရင် ဝမ်းဗိုက်ကြွက်သားတွေကို လှုပ်ရှားမှုဖြစ်စေပြီး ဒဏ်ဖြစ်စေနိုင်လို့ပါ။ စက်ဘီးနဲ့ ဆိုင်ကယ်ကို သူများနောက်က လိုက်စီးရင်တော့ ရပါတယ်။ ကားအသေးဆိုရင် ဗိုက်ခွဲပြီး အနည်းဆုံး တစ်ပတ်- ၁၀ရက်တော့ မမောင်းခိုင်းပါဘူး။ ကားကြီးနဲ့ ခရီးဝေးကိုမောင်းတာမျိုးဆိုရင် တစ်လရှောင်ခိုင်းပါတယ်။

မေး. ဗိုက်ခွဲပြီးစမှာ အစားအသောက်ကိုရော ဘယ်လိုစားသင့်ပါသလဲ ဆရာ။

ဖြေ. ဗိုက်ခွဲစိတ်ကုသမှု ခံယူပြီးစမှာ အစားအသောက်ကို အရင်စားသလောက်တော့ များများမစားသင့်ပါဘူး။ အရင်စားတဲ့ပမာဏရဲ့ သုံးပုံတစ်ပုံပဲစားခိုင်းပါတယ်။ အပူအစပ်စာကိုတော့ မစားတာကောင်းပါတယ်။

ပန်ကရိယရောင်ရမ်းတဲ့အခါ အသိသာဆုံး ရောဂါလက္ခဏာကတော့ ရုတ်တရက် ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာမျိုးပဲ ဖြစ်ပါတယ်။ ရင်ခေါင်းအောင့် တတ်ပါတယ်။ ချက်ပတ်ဝန်းကျင်လည်း အောင့်တတ်ပါတယ်။ ပန်ကရိယရောင်ရမ်းတာက အစာအိမ်ပေါက်တာနဲ့ ဆင်တူပါတယ် . . .

မေး. ဗိုက်ခွဲပြီးချိန်မှာ အနေအထိုင်မှားယွင်းမှုကြောင့် ချုပ်ရိုးပြန်ကွဲတာမျိုး ဖြစ်တတ်ပါသလားဆရာ။

ဖြေ. ဖြစ်တတ်ပါတယ်။ ဗိုက်ခွဲပြီးချိန်မှာ ဝမ်းမချုပ်အောင်နေရပါမယ်။ ချောင်းမဆိုးမိအောင်လည်း သတိထားရပါမယ်။ ဝမ်းချုပ်လို့ ဗိုက်ကိုညှစ်မိရင် ချုပ်ရိုးပြန်ကွဲနိုင်ပါတယ်။ ချောင်းဆိုးရင်လည်း ဗိုက်ကိုညှစ်မိတဲ့အတွက် ချုပ်ရိုးပြန်ကွဲနိုင်ပါတယ်။ ချုပ်ရိုးကွဲတာမှာ အပြင်ချုပ်ရိုးကွဲတာဆိုရင် သိသာပေမယ့် အတွင်းချုပ်ရိုးကွဲတာဆိုရင် ကြာမှသိတာမျိုး ဖြစ်တတ်ပါတယ်။ အတွင်းချုပ်ရိုးကွဲတာက အူကျွံစေနိုင်တာကြောင့် အန္တရာယ်ရှိပါတယ်။ အူကျွံပြီဆိုရင် ပြန်လည်ခွဲစိတ်ကုသမှုခံယူရပါတယ်။

မေး. ဗိုက်ခွဲပြီးချိန်မှာ အနာကျက်မြန်စေဖို့ ဘယ်လိုအချက်တွေကို သတိထားသင့်ပါသလဲ ဆရာ။

ဖြေ. ပင်ကိုအာဟာရပြည့်ဝပြီး အာဟာရဓာတ်မချို့တဲ့ရင် အနာကျက်မြန်ပါတယ်။ လူနာမှာ အခြေခံရောဂါ တစ်ခုခု(ဥပမာ ကင်ဆာ)ကြောင့် အာဟာရဓာတ်ချို့တဲ့နေရင်တော့ ဗီတာမင်ဖြည့်စွက်ဆေးတွေ ပေးရပါတယ်။ အဓိကကတော့ အနာကျက်မြန်စေဖို့ဆိုရင် Infection (ပိုး) မဝင်အောင် ထိန်းရပါတယ်။ သွေးအားနည်းရောဂါရှိတဲ့သူ၊ ကျောက်ကပ်မကောင်းတဲ့သူ၊ အဆုတ်ပွနေတဲ့သူ၊ ပန်းနာရင်ကျပ်ရောဂါရှိသူနဲ့ ဆီးချိုသွေးချိုရောဂါရှိတဲ့ သူတွေမှာဆိုရင် ရောဂါကို ထိန်းချုပ်ကုသရပါတယ်။ ဒါမှသာ အနာကျက်မြန်စေပါတယ်။ အဓိကကတော့ အနာကျက်နှေးစေတဲ့ အကြောင်းရင်းတွေကို သမားတော်နဲ့တိုင်ပင်ပြီး ကုသမှုပေးရပါတယ်။

မေး. ခွဲစိတ်ထားသူတွေအနေနဲ့ ဘယ်လောက်အကြာမှာ ခရီးသွားလို့ရပြီလဲ ဆရာ။

ဖြေ. လူနာက Drip သွင်းပြီး အာဟာရဓာတ် ဖြည့်တင်းနေရတုန်းဆိုရင် ခရီးသွားလို့မရပါဘူး။ ဆန်ပြုတ်သောက်နိုင်ပြီ၊ ထမင်းပျော့ပျော့စားလို့ရပြီဆိုတဲ့ အခြေအနေမှာ အာဟာရဓာတ်ကို မိမိဘာသာ ဖြည့်တင်းနိုင်ပြီဖြစ်လို့ ခရီးထွက်လို့ရပါပြီ။ ဒီလိုအခြေအနေဆိုရင် ဗိုက်ခွဲပြီး ငါးရက်လောက်အကြာမှာ ခရီးစထွက်လို့ရပါပြီ။ ခရီးသွားဖို့လိုတယ်ဆိုရင်တော့ ဆရာဝန်ရဲ့ ဆေးလက်မှတ်လိုပါတယ်။ သွေးပေါင်ကောင်းဖို့၊ အာဟာရဝင်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ သွားရမယ့်လမ်းက ကြမ်းတယ်၊ ကားကလည်း ခုန်တယ်ဆိုရင်တော့ အနည်းဆုံး နှစ်ပတ်ကြာမှပဲ ခရီးသွားသင့်ပါတယ်။ လမ်းကောင်းတယ်၊ ကားကလည်း ကောင်းတယ်ဆိုရင်တော့ ခွဲပြီး ငါးရက်-တစ်ပတ်လောက်ရှိရင် သွားလို့ရပါပြီ။

မေး. ခွဲစိတ်ထားတဲ့အနာက အညှော်မိတာကြောင့် အနာရင်းတတ်ပါသလားဆရာ။

ဖြေ. အညှော်ကြောင့် အနာမရင်းတတ်ပါဘူး။ အနာကျက်အောင် ပဋိဇီဝပိုးသတ်ဆေးတွေကို ဆရာတို့က ပေးထားပါတယ်။ အဲဒါတွေကို မှန်မှန်သောက်ဖို့ပဲ လိုပါတယ်။ အညှော်မိလို့ အနာရင်းတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

မေး. ခွဲစိတ်ထားတဲ့ လူနာကဘယ်အချိန်မှာ ရေချိုးလို့ရပြီလဲ ဆရာ။

ဖြေ. အရင်တုန်းကတော့ ခွဲစိတ်ပြီးသုံးရက်ကြာရင် ဆေးပြန်ထည့်ရတယ်။ ဆေးထည့်ပြီး ပတ်တီးစအုပ်ထားရင် ရေမချိုးခိုင်းကြပါဘူး။ အခုကတော့ ရေစိုခံပလတ်စတာကို အုပ်ပေးတာကြောင့် သုံးရက်ကျော်ရင် ချိုးလို့ရပါပြီ။ ရေချိုးတဲ့အခါ ဗိုက်ကိုမထိမိအောင်တော့ ဂရုစိုက်ရပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ Sex ကိစ္စကို တစ်လအတွင်း ရှောင်သင့်ပါတယ်။ အူအတက်သေးသေးလေး ခွဲတာမျိုးဆိုရင်တော့ နှစ်ပတ်လောက်ရှောင်ဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top