Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၈) ဆိုးသွမ်းလူငယ် အပိုင်း(၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

သြစတြေးလျနိုင်ငံမြောက်ပိုင်းပြည်နယ်၊ ဒါဝင်မြို့တော်မှာ စိတ်ကျန်းမာရေးဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကဖြစ်ပါတယ်။ အထက်တန်း ကျောင်းတစ်ကျောင်းက ကျောင်းအုပ်ဆရာမကြီးရဲ့ ဖိတ်ကြားချက်အရ ကျောင်းတွင်းစိတ်ကျန်းမာရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်။ အဲဒီဆွေးနွေးပွဲမှာ စာရေးသူတင်ပြဆွေးနွေးခဲ့တဲ့ “အပြုအမူ ဆိုးသွမ်းဝေဒနာ”လို့ ခေါ်တဲ့ စိတ်ကျန်းမာရေးပြဿနာ ခံစားနေရတဲ့ ကျောင်းသားကျောင်းသူ အများအပြား ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ အသက် ၄ နှစ်မှ ၁၇ နှစ်အတွက်း ကျောင်းသားတွေထဲမှာ “အပြုအမူဆိုး သွမ်းဝေဒနာ”ဖြစ်နှုန်းက ၅ ရာခိုင်နှုန်းကျော် ရှိတယ်။ သြစတြေးလျနိုင်ငံမှာ ၂ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ဒါကြောင့် အပြုအမူဆိုးသွမ်းဝေဒနာအကြောင်းကို ကျောင်းဆရာ၊ ဆရာမတွေ သိရှိနားလည်သင့်တယ်။ ဒီနေ့ နှီးနှောဖလှယ်ပွဲမှာ ဒေါက်တာအုန်းက ကျောင်း ဆရာ၊ ဆရာမတွေရဲ့မေးခွန်းကို အပြန်အလှန်ဆွေး နွေးဖြေကြားပေးပါလိမ့်မယ်”

ကျောင်းအုပ်ဆရာမကြီးက နိဒါန်းစကားပြောပြီးတဲ့အခါ ကျောင်းဆရာမ ဒေါ်အေက စတင်မေးမြန်းတယ်။

“ကျောင်းသားအရွယ် လူငယ်ဆိုတာ လူကြီးမကြိုက်တာကို ပြုမူလုပ်ကိုင်တတ်ကြတယ် မဟုတ်လား။ ဒီတော့ ဘယ်အပြုအမူမျိုးကို ဆိုးသွမ်းဝေဒနာ အပြုအမူလို့ ကင်ပွန်းတပ်မလဲဆရာ”

စာရေးသူက နှီးနှောဖလှယ်ပွဲ တက်ရောက်လာတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ကျေးဇူးတင်စကားပြောပြီး အဖြေပေးတယ်။

“ဆရာမပြောတာ ဆီလျော်မှုရှိပါတယ်။ ကျောင်းသားလူငယ်တွေက တစ်ဦးနဲ့တစ်ဦး နောက် ပြောင်ကျီစယ်တတ်ကြပါတယ်။ ရှေ့တန်းမှာ ထိုင်နေတဲ့ကျောင်းသူကို နောက်ဘက်က ကျောင်းသားက စက္ကူနဲ့ပစ်တာ၊ တစ်ခါတစ်ရံ အချင်းချင်းဆဲဆို တတ်တာ၊ အပျော်သဘောရိုက်ပုတ်မိတာ စသဖြင့် ပြုမူတတ်ကြပါတယ်။ အဲဒီလို အပြုအမူမျိုးကို တစ်ခါတစ်ရံလုပ်ဆောင်တာကြောင့် ဆိုးသွမ်းလူငယ်လို့ မဆိုနိုင်ပါဘူး”
“အပြုအမူဆိုးသွမ်းဝေဒနာရဲ့ လက္ခဏာတွေ ကို အုပ်စု (၄)မျိုးခွဲခြား နားလည်နိုင်ပါတယ်။ (က) လူလူချင်းနဲ့ တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက် အကြမ်းဖက်ခြင်း၊ (ခ)ပစ္စည်းကိရိယာတွေကို ဖျက်ဆီးခြင်း၊ (ဂ)ကောက်ကျစ်စဉ်းလဲခိုးယူတတ်ခြင်းနဲ့ (ဃ) စည်းကမ်းဥပဒေကိုချိုးဖောက်ခြင်းတို့ဖြစ်ပါတယ်”
ကျောင်းဆရာ ဦးဘီက လက်ထောင်ပြပြီး ပါဝင်ဆွေးနွေးတယ်။

“ကျွန်တော့်အတန်းထဲမှာ ကျောင်းသားတစ်ယောက်ရှိပါတယ်။ သူက မကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်တယ်ဆရာ။ အဲဒီကျောင်းသားကို ဆိုးသွမ်း လူငယ်စာရင်းသွင်းလို့ရမလား”
စာရေးသူက ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြပါတယ်။

“အကြမ်းဖက်တာနဲ့ အကျုံးဝင်တဲ့ တခြားအပြု အမူတွေရှိ၊ မရှိ လေ့လာကြည့်ပါ။ တခြားကျောင်းသားတွေကို ခြိမ်းခြောက်အနိုင်ကျင့်တာ၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်တိုက်ခိုက်တာ၊ ခိုက်ရန် ဖြစ်ပွားတဲ့အခါ တုတ်၊ ဓား၊ အုတ်ခဲစတဲ့ လက်နက်ကိရိယာကို အသုံးပြုတာ၊ တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်တတ်တာ၊ တခြားကျောင်းသားတွေရဲ့ ပစ္စည်းကို အနိုင်ကျင့်ရယူတာ၊ ကျောင်းသူတွေကို ကိုယ်ထိ လက်ရောက်ထိတွေ့စော်ကားတာစတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။

လူနဲ့ တိရစ္ဆာန်တွေကို အကြမ်းဖက်တတ်သူဟာ ပစ္စည်းကိရိယာတွေကိုလည်း ဖျက်ဆီးလေ့ရှိပါတယ်။ ဥပမာ-တခြားကျောင်းသူကျောင်းသားတွေရဲ့ ပစ္စည်းနဲ့ ကျောင်းပစ္စည်းတွေကို တမင်သက်သက် ရည်ရွယ်ချက်နဲ့ဖျက်ဆီးတာမျိုး ဖြစ်တယ်။ အပြုအမူ ဆိုးသွမ်းဝေဒနာပြင်းထန်လာရင် ပစ္စည်းတွေကိုမီးရှို့ ဖျက်ဆီးတဲ့အထိ ပြုမူတတ်ကြတယ်။

အဲဒီလို ကြမ်းတမ်းခက်ထန်တဲ့ အပြုအမူမျိုးကို တခြားနေရာတွေမှာ ပြုလုပ်မှုရှိ၊ မရှိ ကျောင်းသား ရဲ့ မိဘတွေနဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ ကျွန် တော် အကြံပေးတာပါ”

ဆရာမဒေါ်အေကသူပြောချင်တယ်လို့ အချက်ပြပြီး သူရဲ့အတွေ့အကြုံကို ပြောပြတယ်။

“ကျွန်မအတန်းထဲက ကျောင်းသူတစ်ယောက်ရဲ့ မိခင်က ကျွန်မကို လာရောက်တွေ့ဆုံတိုင်ပင်ဖူးပါတယ်။ သူ့သမီးက အိမ်မှာ မကြာခဏ လိမ်ညာပြောတတ်တယ်တဲ့။ ကျောင်းမှာ သူ့သမီး အနေအ ထိုင်ကိုသိချင်တယ်တဲ့။ သူ့သမီးက လိမ်ညာပြောတာရှိသလားလို့ ကျွန်မကို မေးပါတယ်”

စိတ်ကျန်းမာရေးဆေးပညာမှာ လက်ခံထားတဲ့အချက် တစ်ခုရှိပါတယ်။ အသက် ၁၀ နှစ်အောက်က စတင်ဖြစ် ပွားတဲ့ အပြုအမူဆိုးသွမ်းဝေဒနာက အသက် ၁၄နှစ် ကျော်မှပေါ်ပေါက်လာတဲ့ဝေဒနာထက် ပိုမိုဆိုးရွားပြင်း ထန်ပါတယ်။ နောက်ပြီး ကျွန်တော်ပြောချင်တာက ဆိုးသွမ်းလူငယ်ကို လက်ဦးအောင် ပြုစုပျိုးထောင်ပေး ရင်အကျိုးရှိပါတယ်။ သူတို့ကိုလျစ်လျူရှုထားရင် . . .

စားပွဲပေါ်မှာ တည်ခင်းထားတဲ့ ရေခွက်ထဲက ရေတစ်ကျိုက်သောက်လိုက်ပြီး စာရေးသူ ဆက်လက်ဆွေးနွေးပါတယ်။

“လူတိုင်း လူတိုင်းဟာ မုသားမပါ လင်္ကာမချော ဆိုသလို စကားလှအောင် တစ်ခါတရံ မုသားပြော တတ်ကြပါတယ်။ မိဘစိတ်ဆိုးမှာကို ကြောက်ရွံ့လို့ သားသမီးက လိမ်ညာပြောတာမျိုးလည်း ရှိပါတယ်။ အပြစ်ကင်းတဲ့ လိမ်ညာခြင်းမျိုးပါ။ ဒါပေမဲ့ ကောက် ကျစ်စဉ်းလဲတဲ့စိတ်နဲ့လိမ်ညာပြောဆိုရင် ဆိုးသွမ်းလူ ငယ်ဝေဒနာလက္ခဏာလို့ ပြောနိုင်တယ်။ လိမ်ညာတတ်တဲ့ ကျောင်းသားက အိမ်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ် ခိုးယူတတ်တဲ့အကျင့်လည်း ရှိနိုင်ပါတယ်”
စာရေးသူ စကားဆုံးတော့ ကျောင်းဆရာမ ဒေါ်စီကကြားဝင်ပြီး ပြောပါတယ်။

“ကျွန်မအတန်းထဲက ကျောင်းသားတစ်ယောက်ကတော့ မကြာခဏဆိုသလို ကျောင်းပျက်လေ့ရှိပါတယ်။ သူကျောင်းမတက်တာ ဘာအ ကြောင်းကြောင့်လဲလို့ မေးရင် “ကျွန်တော် အိမ်မှာ အလုပ်များနေလို့၊ နေမကောင်းလို့”စတဲ့ ဆင်ခြေ ဆင်လက်တွေပြောတယ်။ သူ့အမေကို ကျွန်မ ဖုန်းဆက်မေးကြည့်တော့ သူပြောတာတွေ မမှန်တာတွေ့ရတယ်။

“ဆရာ ဘယ်လိုထင်လဲ”
စာရေးသူက မှတ်ချက်ချတယ်။

“ကျောင်းပြေးအပြုအမူ (Truancy)နဲ့ အိမ်ပြေးအပြုအမူတွေက အပြုအမူဆိုးသွမ်းဝေဒနာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဆိုးသွမ်းလူငယ်ဟာ စည်းကမ်းဥပဒေတွေကို ချိုးဖောက်တတ်သူဖြစ်တယ်။ အိမ်စည်းကမ်း၊ ကျောင်းစည်းကမ်းနဲ့ တရားဥပဒေတွေကို မလိုက်နာချင်ဘူး။ ဆရာမိဘစကားကို နားမ ထောင်ဘဲ ကလန်ကဆန်ပြောဆို ပြုမူတာ၊ ဆေးလိပ် ခိုးသောက်တာ၊ မူးယစ်ဆေးစမ်းသပ်သုံးစွဲတာ၊ ဈေး ဆိုင်က ပစ္စည်းကို အလစ်သုတ်တာ စတဲ့ အလေ့အထတွေရှိတတ်ပါတယ်”

စာရေးသူစကားအဆုံးမှာ ကျောင်းအုပ်ဆရာမကြီးက မှတ်ချက်ချပါတယ်။

“ကျောင်းသူကျောင်းသားတွေထဲမှာ အပြုအမူ ဆိုးသွမ်းဝေဒနာရှိသူကိုဖော်ထုတ်ပြီး အကူအညီပေးဖို့ အရေးကြီးပါတယ် ဆရာ။ ဒါပေမဲ့ ကျောင်းသားတစ်ဦးဦးကို ဆိုးသွမ်းလူငယ်လို့ မှားယွင်းပြီး အရေး ယူမိမှာကိုလည်း ကျွန်မစိုးရိမ်ပါတယ်”
စာရေးသူက သဘောတူတဲ့ အမူအရာပြပြီး ထောက်ခံဆွေးနွေးပါတယ်။

“ဆရာမကြီးပြောတာ မှန်ပါတယ်။ အတန်းပိုင်ဆရာတစ်ဦးတည်း၊ ကျောင်းအုပ်ဆရာမကြီး တစ်ဦးတည်း ဆုံးဖြတ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ ကျောင်းဆရာဆရာမ၊ မိဘအုပ်ထိန်းသူနဲ့ သက်ဆိုင်ရာပညာရှင်တွေ စုပေါင်းတိုင်ပင်ပြီးမှ ဆုံးဖြတ်သင့်ပါ တယ်။ အပြုအမူဆိုးသွမ်းဝေဒနာကို သက်သာတဲ့ ဝေဒနာ၊ အတော်အသင့်ရှိဝေဒနာနဲ့ ဆိုးရွားပြင်းထန်တဲ့ ဝေဒနာလို့ အဆင့်သုံးဆင့် သတ်မှတ်ထားတာ ရှိပါတယ်။ ဥပမာ-လိမ်ညာပြောဆိုတာ၊ ကျောင်းပြေးတာ၊ ညဘက်အိမ်ပြန်နောက်တာတွေက ဆိုးသွမ်း အပြုအမူဖြစ်ပေမယ့် သူတစ်ပါး ထိခိုက်နစ်နာတာ မရှိပါဘူး။ အဲဒီလိုအပြုအမူမျိုးသာရှိရင် “သက်သာတဲ့ ဝေဒနာ”လို့ ခေါ်ဆိုပါတယ်။ သူတစ်ပါးအပေါ်မှာ ရက်စက်ကြမ်းတမ်းတာ၊ ကျောင်းသားက ကျောင်းသူကို အဓမ္မစော်ကားပြုမူတာ၊ အနိုင်ကျင့်ပြီး ပစ္စည်း ခိုးယူတာ၊ လုယူတာ၊ ဖောက်ထွင်းခိုးယူတာ စတဲ့ အပြုအမူတွေရှိရင် “ဆိုးရွားပြင်းထန်တဲ့ဝေဒနာ”လို့ သတ်မှတ်ပါတယ်။

စိတ်ကျန်းမာရေးဆေးပညာမှာ လက်ခံထားတဲ့ အချက်တစ်ခုရှိပါတယ်။ အသက် ၁၀ နှစ်အောက်က စတင်ဖြစ်ပွားတဲ့ အပြုအမူဆိုးသွမ်းဝေဒနာက အသက် ၁၄နှစ်ကျော်မှ ပေါ်ပေါက်လာတဲ့ ဝေဒနာထက် ပိုမိုဆိုးရွားပြင်းထန်ပါတယ်။ နောက်ပြီး ကျွန်တော် ပြောချင်တာက ဆိုးသွမ်းလူငယ်ကို လက်ဦးအောင် ပြုစုပျိုးထောင်ပေးရင် အကျိုးရှိပါတယ်။ သူတို့ကို လျစ်လျူရှုထားရင် နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်”

နောက်ဘက်မှာထိုင်နေတဲ့ဆရာဦးဒီက”ဘယ်လိုဆိုးကျိုးတွေလဲဆရာ”လို့ မေးတယ်။

ကျောင်းဆရာ၊ ဆရာမတွေ သိသင့်သိထိုက်တဲ့ အချက်ဖြစ်ပါတယ်။

“အပြုအမူဆိုးသွမ်းဝေဒနာရဲ့ နောက်ဆက် တွဲဆိုးကျိုးတွေကတော့- ကျောင်းပညာအဆင့်နိမ့် ကျတာ၊ အသက်ငယ်ငယ်အရွယ်မှာ မူးယစ်ဆေး သုံးစွဲတာ၊ အရွယ်မတိုင်ခင်လိင်ဆက်ဆံတာ၊ မရည် ရွယ်ဘဲ ကိုယ်ဝန်ရရှိတာ၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှု မကြာခဏဖြစ်ပွားတာ၊ ကျောင်းထုတ်ခံရတာ၊ အချုပ်အနှောင်ခံရတာ စတာတွေ ဖြစ်ပါတယ်”
စာရေးသူက ဆက်လက်တင်ပြပါတယ်။

“အပြုအမူဆိုးသွမ်းဝေဒနာရှိတဲ့ လူငယ်တွေ ကို ရေရှည်လေ့လာထားတာလည်း ရှိပါတယ်။ အဲဒီ လူငယ်တွေ ကြီးပြင်းလာရင် အလုပ်လက်မဲ့ဖြစ်တာ၊ အလုပ်အကိုင် မတည်မြဲတာ၊ စီးပွားရေး အခက်အခဲ ရှိတာ၊ အရက်စွဲ မူးယစ်ဆေးစွဲရောဂါ ခံစားရတာ၊ စိတ်ကျန်းမာရေးချို့ယွင်းတာ၊ ခန္ဓာကိုယ်ကျန်းမာရေး ချို့ယွင်းတာ စတဲ့ ပြဿနာတွေနဲ့ ပိုမိုရင်ဆိုင်ခံစားရ တာကိုတွေ့ရှိရပါတယ်။ ရာဇဝတ်မှုကျူးလွန်တဲ့ နှုန်း လည်းများပြားတယ်၊ အကျဉ်းသားတွေထဲမှာ ၅၀ ရာ ခိုင်နှုန်းဟာ ငယ်စဉ်ဘဝက အပြုအမူဆိုးသွမ်းဝေဒ နာရရှိဖူးကြောင်း တွေ့ရှိရပါတယ်”

– နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top