Healthy Life Ad
Life Style

မတော်တဆထိခိုက်မိခြင်းကြောင့် မျက်စိမှ သွေးထွက်ခြင်း

ပါမောက္ခဦးတင်ဝင်း(မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး။ ။ မျက်စိထိခိုက်ဒဏ်ရာရခြင်းအကြောင်း အနည်းငယ်သိပါရစေဆရာ။
ဖြေ။ ။ မျက်စိမှာမတော်တဆထိခိုက်ဒဏ်ရာ (Trauma) ရလာပြီဆိုရင် ပထမဆုံး မျက်ခွံ(Eyelid)ကို ထိခိုက် မယ်။ အဲဒီအခါ သွေးထွက်လာမယ်။ မျက်ခွံကို သွေးထွက်တာက စိုးရိမ်စရာမရှိဘူး။ မျက်ခွံကို ပြန်ချုပ် လိုက်ရင် ကောင်းသွားနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာ ဆိုတဲ့နေရာမှာ နှစ်ခုရှိပါတယ်။ တစ်ခုက လက်သီးနဲ့ ထိုးမိလို့၊ ဘောလုံးမှန်လို့ စတဲ့ ထိခိုက်မှုတွေကြောင့် ဖြစ်တဲ့ ဒဏ်ရာ (Blunt Trauma) နဲ့ မျက်စိထဲစိမ့်ဝင် ထိုးဖောက်တဲ့ဒဏ်ရာ (Penerating Trauma) ဆို ပြီး နှစ်မျိုးရှိပါတယ်။

မေး။ ။ လက်သီးနဲ့ထိုးမိတာ၊ ဘောလုံးမှန်တာတွေကြောင့် ဖြစ်တဲ့ Blunt Trauma ဆိုရင် ဘာဖြစ်တတ်ပါ သလဲဆရာ။
ဖြေ။ ။ မျက်လုံးအိမ်(Eye Ball)ကအပိတ်စနစ် (Close System) ဖြစ်ပါတယ်။ မျက်လုံးအိမ်ရဲ့ ဘေးမှာ အရိုးပတ်လမ်းကြောင်း (Bony Orbit)ရှိတယ်။ မျက်လုံးအိမ်နဲ့ အရိုးပတ်လမ်းကြောင်းကြားမှာ အဆီ(fats) တွေလည်း ရှိတယ်။ ဒီအဆီတွေက ကူရှင်သဘောမျိုး မျက်စိကို ကာကွယ်ပေးထားတာ ဖြစ်တယ်။ အဲဒီတော့ မျက်စိကိုလက်သီးနဲ့ ထိုးမိရင်၊ ဘောလုံးမှန်ရင်တောင် မျက်စိထဲကို ဒဏ်ရာဖြစ်နိုင်တဲ့ အားက နည်းနည်းတော့ နည်းသွားပါတယ်။ ဒါပေမဲ့ ဒီအားကြောင့် မျက်စိထဲမှာရှိတဲ့သွေးကြော(Vessels)တွေကို ပျက်စီးသွားစေနိုင်ပါတယ်။ သွေးကြောတွေက သူငယ်အိမ်(Iris)၊ မျက်ကြောလွှာ(Retina)နဲ့ Choroid တို့မှာများပါတယ်။ အဲဒီနေရာတွေက သွေးကြောတွေအားလုံးက သွေးထွက်နိုင်ပါတယ်။ သွေးတွေကစိမ့်ထွက်လာပါတယ်။

မျက်စိထဲမှာ အခန်း(Chamber)က နှစ်ခန်းပဲ ရှိပါတယ်။ ဆိုပြီး နှစ်ခန်းရှိပါတယ်။ Anterior Chambere နဲ့ Vitreous Cavity ထိခိုက်ဒဏ်ရာရ တာကြောင့် သွေးစိမ့်ထွက်တဲ့အခါ Anterior Chambere မှာ သွေးတွေနဲ့ ပြည့်လာတယ်။ အဲဒါက Blood in the Anterior Chamberလို့ သတ်မှတ်ပြီး Hyphema လို့ ခေါ်ပါတယ်။

မျက်ခွံ (Eyelid) မှာဖြစ်တဲ့ ရောဂါဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ ဖြစ်တဲ့ဒဏ်ရာကို အရင် ဆုံးရေနဲ့ စင်ကြယ်အောင် ဆေးကြောဖို့ လိုပါတယ်။ မျက်စိကို လက်သီးနဲ့ ထိုးမိတာမျိုးဆိုရင်တော့ ဖုနွေ်၊ အမှိုက်တွေဝင်နိုင်ခြေနည်းပါတယ်။ တကယ်လို့ သစ်ကိုင်းတွေ၊ ကောက်ရိုးတွေ ထိုးမိတယ်ဆိုရင် တော့ မျက်စိကို ရေစင်အောင်ဆေးကြောပေးတာ အကောင်းဆုံးပါပဲ . . .

မေး။ ။ အဲဒီလိုဖြစ်တဲ့အခြေအနေမှာ ဘယ်လိုကုသမှု ခံယူဖို့လိုပါသလဲ ဆရာ။
ဖြေ။ ။ Anterior Chamber တစ်ခုလုံးမှာ သွေးတွေ အပြည့်ဖြစ်နေရင်တော့ ACWO လို့ ခေါ်တဲ့ Anterior Chamber Work Out ဥကအနည်းနဲ့ သွေးတွေ ကို စုပ်ထုတ်ဖို့လိုပါတယ်။ ပြဿနာက စုပ်ထုတ်ပေမယ့် စိမ့်ထွက်မှုကရှိနေနိုင်တယ်။ မျက်လုံးအိမ်က အပိတ်စနစ်(Close System)ဆိုတော့ တိကျတဲ့ Volume ရှိတယ်။ သူ့ထဲကို သွေးတွေ ဝင်လာတဲ့အခါ Volume များလာပြီး ဖိအားကလည်း တက်လာပါတယ်။ အဲဒီလို Intraocular Pressure တက်လာတာကို ရေတိမ်ရောဂါလို့ခေါ်ပါတယ်။

မေး။ ။ ဒါဆိုရင်ကုသနည်းက ဘယ်လိုပုံစံမျိုး ဖြစ်သွားမလဲဆရာ။
ဖြေ။ ။ မျက်လုံးအိမ်ထဲ သွေးတွေ ဝင်လာတဲ့အခြေအနေ Hyphema ဆိုရင်တော့ ACWO ဆိုတဲ့နည်းနဲ့ သွေးတွေကို စုပ်ထုတ်ပါမယ်။ ပြီးရင် Adona လို သွေးတိတ်ဆေးတွေ ပေးထားပါမယ်။ နောက်တစ်ခုက ရေတိမ်မဖြစ်အောင် ကာကွယ်ဖို့အတွက် Diamox လို ဆေးမျိုးကိုပေးပါတယ်။ မျက်စိကို ထိခိုက်ဒဏ် ရာရတယ်ဆိုတာက ရောင်ရမ်းမှုဖြစ်သွားတာဆိုတော့ ရောင်ရမ်းမှုကျဆေး (Anti-inflammatory Eye Drop) တစ်မျိုးမျိုးကို ပေးထားရပါတယ်။

မေး။ ။ တကယ်လို့ ထိခိုက်ဒဏ်ရာရပြီး သွေးဝင်တဲ့အပိုင်းက Vitreous Cavity မှာဆိုရင်ကော ဘယ်လိုဖြစ် နိုင်ပါသလဲဆရာ။
ဖြေ။ ။ Vitreous Cavity မှာ ဖြစ်တယ်ဆိုရင် မျက်ကြောလွှာသွေးကြောတွေ (Retina Vessels)ကနေ သွေးတွေ ပန်းထွက်လာမယ်။ ဒီလိုဖြစ်ရင်လည်း စောစောကလိုပဲ Adona လို သွေးတိတ်ဆေးတွေ ပေးထားပါမယ်။ နောက်တစ်ခုက Volume တက်လာတာကြောင့် ရေတိမ်ဖြစ်လာနိုင်တဲ့အတွက် ရေ တိမ်မဖြစ်အောင် ကာကွယ်ဖို့အတွက် Diamox လို ဆေးမျိုးကိုပေးပါတယ်။ မျက်စိကို ထိခိုက်ဒဏ်ရာ ရတယ်ဆိုတာက ရောင်ရမ်းမှုဖြစ်သွားတာဆိုတော့ ရောင်ရမ်းမှုကျဆေး (Anti-imflammatory Eye Drop) တစ်မျိုးမျိုးကို ပေးထားရပါတယ်။ ဒါကို ယေဘုယျအားဖြင့် ခြောက်လလောက် စောင့်ကြည့်ပါတယ်။ ခြောက်လစောင့်ကြည့်လို့မှ မသက်သာဘူး ဆိုရင် Vitrec-tomy နည်းနဲ့ ကုသရပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် မျက်လုံးအိမ်ကတင်းပြီး ရေတိမ်ဖြစ်လာတယ်ဆိုရင် Vitrectomy နည်းနဲ့ ကုသမှုကိုအမြန် ဆုံးဆောင်ရွက်ပေးရပါတယ်။ ဘာမှပြဿနာမဖြစ်ဘူးဆိုရင်တော့ ခြောက်လလောက်တော့ စောင့်ကြည့်လေ့ရှိပါတယ်။

မေး။ ။ အဲဒီစောင့်ကြည့်နေတဲ့ အချိန်ခြောက်လအတွင်းမှာ မျက်စိကပုံမှန်အတိုင်း မြင်ရနိုင်ပါသလား ဆရာ။
ဖြေ။ ။ ခြောက်လအတွင်းမှာ မျက်စိက ပိုပြီး မမြင်နိုင်ပါဘူး။ မှုန်ဝါးဝါးပဲဖြစ်နေမှာပဲ။ ဒီခြောက်လအတွင်းမှာ မျက်ကြောလွှာသွေးကြောတွေက ပန်းထွက်တဲ့ သွေးတွေက ရပ်သွားနိုင်တယ်။ အဲဒီအခါ ပုံမှန်အ တိုင်းပြန်စုပ်သွားနိုင်တယ်။ ဒါကြောင့် မလိုအပ်ဘဲနဲ့ မျက်စိကိုမခွဲစိတ်ပါဘူး။ မျက်ကြောလွှာက သိပ်တင်း လွန်းနေရင်၊ လူနာက အဝေးကြီးက လာရပြီး ဆေးရုံကို ပြန်မလာနိုင်ဘူးဆိုရင်တော့ ခွဲစိတ်ကုသပေးပါတယ်။

မေး။ ။ ဒီလိုထိခိုက်ဒဏ်ရာရတာကို ကုသမှုမခံယူဘဲ နေမယ်ဆိုရင်ကော မျက်စိကွယ်တဲ့အထိဖြစ်နိုင်ပါသ လားဆရာ။
ဖြေ။ ။ ထိခိုက်ဒဏ်ရာရပြီး သွေးထွက်တဲ့အခြေအနေကို ကုသမှုမခံယူဘဲ နေမယ်ဆိုရင်တော့ မျက်စိကွယ်တဲ့ အထိဖြစ်နိုင်ပါတယ်။ မျက်စိကွယ်တယ်ဆိုတာက နှစ်ချက်ရှိပါတယ်။ နံပါတ်တစ်အချက်က ထိခိုက် ဒဏ်ရာကြောင့် ဖြစ်နိုင်ပါတယ်။ အဓိက ကွယ်နိုင်တာက မျက်လုံးအိမ် (Eyeball) ရဲ့ နောက်က စက္ခု အာရုံကြော(Optic Nerve)က လုံးဝပြတ်ထွက် သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ဘာမှ လုပ်လို့မရတော့ပါဘူး။ ဒီလိုမဟုတ်ဘဲ သွေးထွက်တယ်၊ စက္ခုအာရုံကြောက ပြတ်ထွက်တယ်ဆိုရင် အရေးပေါ် ခွဲစိတ်ကုသမှုလုပ်ရပါတယ်။ ဒီလိုလုပ်ပေမယ့်လည်း ပြန်မကောင်းနိုင်ပါဘူး။ နံပါတ်နှစ် အချက်ကတော့ ထိခိုက်ဒဏ်ရာရတာကြောင့်ပဲ မက် ကူလာဖောရောင်တာ (Odema)ရသွားရင် ပုံမှန်တော့ ပြန်မကောင်းနိုင်တော့ပါဘူး။ လုံးဝကွယ်တဲ့ အဆင့်အထိတော့ မရောက်ပါဘူး။ ဒါပေမဲ့ မျက်စိက မှုန်ဝါးဝါးဖြစ်သွားတတ်ပါတယ်။ ဒါက ထိခိုက်ဒဏ်ရာ ကြောင့်ဖြစ်နိုင်တဲ့နောက်ဆက်တွဲအခြေအနေတွေပါ။

မေး။ ။ ထိခိုက်ဒဏ်ရာရပြီး သွေးထွက်တဲ့ အခြေအနေဆိုရင်ကော မျက်စိကွယ်နိုင်ပါသလားဆရာ။
ဖြေ။ ။ ထိခိုက်ဒဏ်ရာရပြီး သွေးထွက်တဲ့အခြေအနေ မှာ ဆိုရင်တော့ Hyphema ရတာနဲ့ Vitreous Cavity သွေးထွက်တာတွေကြောင့် ရေတိမ် (Secondary Glaucoma)ရပြီး စက္ခုအာရုံကြော ပျက်စီးသွားရင် မျက်စိကွယ်သွားနိုင်ပါတယ်။

မေး။ ။ လူနာအနေနဲ့ မျက်စိကို တစ်ခုခုနဲ့ ထိခိုက်မိသွား ပြီဆိုတာနဲ့ အရင်ဆုံးဘာလုပ်သင့်ပါသလဲဆရာ။
ဖြေ။ ။ မျက်ခွံ (Eyelid) မှာဖြစ်တဲ့ ရောဂါဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ ဖြစ်တဲ့ ဒဏ်ရာကို အရင် ဆုံးရေနဲ့ စင်ကြယ်အောင် ဆေးကြောဖို့ လိုပါတယ်။ မျက်စိကို လက်သီးနဲ့ ထိုးမိတာမျိုးဆိုရင်တော့ ဖုန်တွေ၊ အမှိုက်တွေ ဝင်နိုင်ခြေနည်းပါတယ်။ တကယ်လို့ သစ်ကိုင်းတွေ၊ ကောက်ရိုးတွေ ထိုးမိတယ်ဆိုရင် တော့ မျက်စိကို ရေစင်အောင် ဆေးကြောပေးတာ အကောင်းဆုံးပါပဲ။ ရေစင်အောင်ဆေးပြီးရင် ဘာမှ မလုပ်ဘဲ ပဋိဇီဝမျက်စဉ်းဆေး (Antibiotic Eye Drop)တစ်ခုခုထည့်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးလိုက်တာကြောင့် မျက်စိထဲမှာ သွေးထွက်နေရင်တောင် ထိန်းချုပ်ကုသရာရောက်ပါတယ်။ ပြီးရင် အနီးဆုံး မျက်စိအထူးကုဆရာဝန်ဆီကို သွားပြသင့်ပါတယ်။ တချို့အရပ်ဒေသတွေမှာ မျက်စိအထူးကု ဆရာဝန်မရှိတာကြောင့် အနီးဆုံး ကျန်းမာရေးဋ္ဌာနကို သွားပြသင့်ပါတယ်။ ရိုးရိုးဆရာဝန်ဖြစ်နေရင်တောင် သင့်တော်တဲ့ ကုသမှုတစ်ခုခုပေးပြီး သွေးတိတ်အောင် လုပ်ပေးပါလိမ့်မယ်။ ပြီးရင် နီးစပ်ရာ အရပ်က မျက်စိအထူးကုဆရာဝန်ဆီသွားဖို့ ညွှန်ကြားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top