Healthy Life Ad
Life Style

အလိုလိုနေရင်း လန့်နေတယ်ဆရာ. . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

ဦးမောင်ပုတစ်ယောက် အခုတလော နေရင်းထိုင်ရင်း အလိုလိုလန့်နေပါတယ်။ လန့်ရုံတင်မက ဘာမှပင်ပင်ပန်းပန်း မလုပ်ဘဲနဲ့တောင် မောတာ၊ ရင်တွေတလှပ်လှပ်တုန်တာ၊ ထိတ်လန့်ကြောက်ရွံ့တာ စတဲ့ဝေဒနာလက္ခဏာတွေကို ခံစားနေရပါ တယ်။ ညဘက်ဆို အိပ်မပျော်ဘူး၊ နေ့ဘက်မှာ တောင် ကိုယ့်အိမ်ထဲမှာ တစ်ယောက်တည်းဆိုရင် နေလို့ထိုင်လို့ မရဘဲ ထိတ်လန့်နေပါတယ်။ ဒီလို နေလို့ထိုင်လို့မကောင်းတော့ အလုပ်ကိုတောင်သွား ချင်စိတ်မရှိ။

“ဒီနေ့ အလုပ်မသွားဘူးလား၊ နေကောင်းရဲ့လား”လို့ ဇနီးဖြစ်သူ ဒေါ်ထွေးကမေးတော့ ဦးမောင်ပုက သူပင်ပန်းပြီး နေလို့ထိုင်လို့ မကောင်းဘူး လို့ဖြေပါတယ်။

သူခံစားရတဲ့ ဝေဒနာလက္ခဏာတွေကို ဇနီးသည်ဒေါ်ထွေးကို ဖွင့်ပြောပြရင်း ဆေးခန်းပြမှဖြစ်မယ်ဆိုပြီး သူတို့က အိမ်နားက ဂျီပီဆရာဝန်ဆီ အရင်ဆုံးသွားပြပါတယ်။ ဆရာဝန်ကစမ်းသပ်ပြီး သင့်တော် တဲ့ဆေးတွေပေးလိုက်ပေမယ့် ဦးမောင်ပုရဲ့ ဝေဒနာက ဆရာပေးလိုက်တဲ့ ဆေးတွေနဲ့မသက်သာ။ ဒါနဲ့ အထူးကု ဆရာဝန်ဆီ ပြောင်းပြမှ ဖြစ်မယ်ဆိုပြီး သွားပြပြန်ပါတယ်။ ပြောရရင် သူကိုယ်သူနှလုံးရောဂါရှိတယ်၊ သွေးတိုးရောဂါရှိတယ်ဆိုပြီး သံသယပေါင်းများစွာနဲ့ ဦးမောင်ပုဟာ ဂျီပီဆရာဝန်တွေကော၊ အထူးကုဆရာဝန်တွေကော မျိုးစုံလှည့်ပတ်ပြနေခဲ့တယ်။

နှလုံးအထူးကု ဆရာဝန်ကြီးက ဦးမောင်ပုက လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ အကုန်လုပ်ပေးပါတယ်။ ECG ရိုက်တာက စပြီး နှလုံးကျန်းမာရေးနဲ့ ပတ်သက်တဲ့ စမ်းသပ်စစ်ဆေးမှုအကုန်လုပ်ခဲ့တယ်။ နှလုံးကို echo ရိုက်တာတောင်လုပ်ခဲ့တယ်။ ရှိသမျှ အကုန်စစ်ပြီးကြည့်လိုက်တော့ နှလုံးမှာရောဂါအကြီး အကျယ်မရှိဘူး။ ည ည အိပ်ပျော်ဖို့၊ ရင်တုန်တာ သက်သာဖို့ လိုအပ်တဲ့ ဆေးဝါးလေးတွေတော့ ပေးထားပါတယ်။ ဦးမောင်ပုက အဲဒီဆေးတွေကို မှန်မှန်သောက်ပေမယ့် တစ်ပတ်ကြာလည်း မသက်သာ၊ နှစ်ပတ်ကြာလည်း မသက်သာဘဲ ပိုပိုဆိုးလာပါ တော့တယ်။

နောက်ဆုံးမှာ ညညအိပ်ရေးတွေပျက်၊ အစားတွေပျက်နဲ့ ဘာကိုမှစိတ်မဝင်စားနိုင်တော့ဘူး၊ အလုပ်တွေလည်း မလုပ်နိုင်တော့ဘူး။ အိမ်မှာနေရင် နေ့ခင်းဘက်မှာတောင် ဒေါ်ထွေးက သူ့ဘေးနားမှာ ရှိနေမှ နေလို့ရတယ်။ ဒေါ်ထွေး ခဏတဖြုတ် အိမ်နောက်ဘက် ထွက်သွားရင်တောင် တစ်ယောက်တည်း ဘယ်လိုမှနေလို့မရဘဲ လန့်နေတယ်၊ စိုးရိမ်နေတယ်၊ ထိတ်လန့်နေတယ်၊ ရင်တွေတုန်လာတယ်။ ဒီအတိုင်းဆိုရင်တော့ မဖြစ်တော့ဘူးဆိုပြီး ဒေါ်ထွေးက ဦးမောင်ပုကို နှလုံးအထူးကု ဆရာဝန်ကြီးနဲ့ ပြန်ပြဖို့ခေါ်သွားခဲ့ပါတော့တယ်။

ပုံမှန်လုပ်နေတဲ့ စီးပွားရေးအလုပ်ကိုလည်း မလုပ်နိုင်တော့လို့ မန်နေဂျာနဲ့လွှဲထားရတာကြာပြီ၊ အရင်က ဘောလုံးပွဲကြိုက်ပေမယ့် အခုဆီးဂိမ်းဘောလုံးပွဲတွေလာတာတောင် စိတ်မဝင်စားနိုင်တော့ဘူး၊ ကြည့်လည်း မကြည့်နိုင်တော့ဘူး။ ပြီးတော့ ကျွန်မက ဟင်းချက်ကောင်းလို့ အရင်က ကျွန်မချက်ပြုတ်ကျွေးတဲ့ ထမင်း၊ ဟင်းတွေကိုသူက မြိန်ရေ ရှက်ရေစားနေကြ။ အခုတော့ အလိုလိုနေရင်း လန့်နေတာ၊ မောနေတာတွေကြောင့် ထမင်းဟင်းတွေကို ကောင်းကောင်းမစားနိုင်တော့ဘူး . . .

ဒီတစ်ခါမှာတော့ နှလုံးအထူးကု ဆရာဝန်ကြီးက ဦးမောင်ပုအခြေအနေကို ပြန်လည်ဆန်းစစ်သုံးသပ်ပြီး စိတ်ကျန်းမာရေး ဆရာဝန်ကြီးနဲ့ ပြမှဖြစ်မယ်ဆိုကာ ဆရာ့ဆီလွှဲလိုက်ပါတော့တယ်။

၅၄နှစ်အရွယ် ဦးမောင်ပုရဲ့ ရောဂါရာဇဝင်တွေကို အသေးစိတ်ပြန်မေးလိုက်တော့ အလိုလိုနေရင်း လန့်နေတာ၊ ညဘက် အိပ်လို့မရတာ၊ မနက်ဆို အစောကြီး နိုးတာ၊ ဘာအလုပ်အကိုင်မှ စိတ်မဝင်စားနိုင်တော့တာ၊ အရင်က စိတ်ဝင်စားခဲ့တဲ့ အရာတွေကိုတောင် စိတ်မဝင်စားနိုင်တော့တာ၊ မကြာမကြာ မေ့တတ်ပြီး ပစ္စည်းတွေခဏခဏပျောက်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“ဆရာရေ . .ပုံမှန်လုပ်နေတဲ့ စီးပွားရေးအလုပ်ကိုလည်း မလုပ်နိုင်တော့လို့ မန်နေဂျာနဲ့ လွှဲထားရတာ ကြာပြီ၊ အရင်က ဘောလုံးပွဲကြိုက်ပေမယ့် အခု ဆီးဂိမ်းဘောလုံးပွဲတွေလာတာတောင် စိတ်မဝင်စားနိုင်တော့ဘူး၊ ကြည့်လည်း မကြည့်နိုင်တော့ဘူး။ ပြီးတော့ ကျွန်မက ဟင်းချက်ကောင်းလို့ အရင်က ကျွန်မ ချက်ပြုတ်ကျွေးတဲ့ ထမင်း၊ ဟင်းတွေကို သူက မြိန်ရေရှက်ရေစားနေကြ။ အခုတော့ အလိုလိုနေရင်း လန့်နေတာ၊ မောနေတာတွေကြောင့် ထမင်းဟင်း တွေကို ကောင်းကောင်း မစားနိုင်တော့ဘူး။ ကျွန်မ ဘယ်လိုပဲ စားချင်အောင် ချက်ကျွေးကျွေး၊ အစာစားချင်စိတ်မရှိဘူး၊ မစားနိုင်ဘူး ဆရာ . . ပြောရရင် အစားအသောက်ကလည်း ပျက်နေတယ်။

ညဘက် ဆိုရင်လည်း သူက ကောင်းကောင်း အိပ်လို့ မပျော်ဘူး။ မနက်ဆိုရင်လည်း အစောကြီး နိုးနေတယ်။ ပြီးတော့ တစ်နေ့လုံး သူ့အနားမှာ ကျွန်မရှိနေမှ နေလို့ရတယ်ဆရာ၊ ကျွန်မ ခဏလေး အနီးအနားထွက် သွားတာနဲ့ သူနေလို့ ထိုင်လို့မရတော့ဘူး။ တစ်ခါတစ်ခါ ငါတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်ရင် ကောင်းမလားမသိဘူးလို့လည်းပြောတယ်ဆရာ”လို့ ဒေါ်ထွေးက ဦးမောင်ပုအကြောင်းကို ပြောပြပါတယ်။ တကယ်တော့ ဦးမောင်ပုက စိုးရိမ်စိတ်လွန်ကဲတဲ့ ဝေဒနာလက္ခဏာတွေနဲ့အတူ စိတ်ဓာတ်ကျတဲ့ အခြေအနေကို ခံစားနေရတာဖြစ်ပါတယ်။

သူ့မှာ နှလုံးအထူးကု ဆရာဝန်ကြီး စစ်ထားတဲ့ ရောဂါစစ်ဆေးမှုမှတ်တမ်းမှတ်ရာတွေ အကုန်ပါ လာ ပြီးသားဖြစ်တဲ့အတွက် အဲဒါတွေကို ကြည့်လိုက်တော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး။ ပိုတက်ဆီယမ် နည်းနည်း နည်းတာလောက်၊ ကိုလက်စထရော နည်းနည်း များတာလောက်ပဲ ရှိပါတယ်။ ကျန်တာတွေက ပုံမှန်ပဲ။

နှလုံးနဲ့ ပတ်သက်ပြီး စမ်းသပ်စစ် ဆေးမှုအားလုံးက ပုံမှန်ပဲ ဖြစ်တဲ့အတွက် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ Relaxation Exercise eJY Deep Breathing လေ့ကျင့်ခန်းတွေ လုပ်ဖို့ရယ်၊ လိုအပ်တဲ့ ဆေးဝါးတွေ အပြည့်အစုံပေး ပြီးတော့ ဆေးရုံမှာ နားချင်နား ဒါမှမဟုတ် အိမ်မှာ ဇနီးသည်ရဲ့ အနီးကပ်ပြုစုမှုနဲ့ နားချင်နားဆိုပြီး ပြောလိုက်တော့ သူက”ကျွန်တော့်ဇနီးဘေးမှာ ရှိရင်တော့ ရင်တုန်တာတွေ၊ မောတာတွေ၊ လန့်တာတွေ သိပ်မဖြစ်ပါဘူးဆရာ၊ ဆေးတွေပဲ ယူသွားပြီး မှန်မှန် သောက်ပါ့မယ်ဆရာ၊ ဆရာချိန်းတဲ့ ရက်မှာလည်း ပြန်လာပြပါ့မယ်”လို့ ဦးမောင်ထွေးက ပြောတဲ့အပြင် ဇနီးသည်ကလည်း “ကျွန်မဂရုစိုက်ပြီး ဆေးတွေ တိုက်ပါ့မယ်၊ ဆရာ့ဆီကိုလည်း အကျိုးအကြောင်း ပြန်တင်ပြပါ့မယ်ဆရာ” လို့ ကတိပေးသွားပါတော့ တယ်။
_ _ _

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top