Healthy Life Ad
Life Style

ဆေးမင်ကြောင်ထိုးတဲ့ ကောင်မလေး

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

ဘရဏီက ဆေးမင်ကြောင်တွေကို သဘောကျတဲ့ ကောင်မလေးပါ။ နိုင်ငံခြား မင်းသား၊ မင်းသမီး၊ အဆိုတော်တွေကို သဘောကျပြီး သူတို့လိုပြင်ဆင်ဝတ်စားတတ်တဲ့ ခေတ်ဆန်ဆန်ကောင်မလေးလို့ပြောရင် ပိုမှန်ပါတယ်။

သူသဘောကျတဲ့ မင်းသမီး ကေတီပယ်ရီက လက်ပေါ်မှာဆေးမင်ကြောင်လှလှလေး ထိုးထားတာတွေ့တော့ ဘရဏီအလွန်သဘောကျသွားပြီး သူ့လက်မှာလိုက်ထိုးလိုက်တယ်။ ကေတီပယ်ရီလို ဆေးမင်ကြောင်အလှလေးပေါ်အောင် ဓာတ်ပုံရိုက်ကြည့်ရင်း ဘရဏီ သူ့ကိုယ်သူ သိပ်လန်းတယ်၊ စတိုင်မိုက်တယ်၊ ခေတ်ဆန်တယ်၊ ဘိုဆန်တယ်ဆိုပြီး သဘောကျ ကျေနပ်မိတယ်။

ဒီလိုနဲ့ အဆိုတော် မိုင်လေးဆိုင်းရပ်စ်က သူ့ပေါင်မှာ ဆေးမင်ကြောင်ထိုးတော့လည်း ဘရဏီစိတ်တွေ မရိုးမရွဖြစ်လာပြန်တယ်။ ဒီလိုနဲ့ ပေါင်မှာဆေးမင်ကြောင်ထိုးမိပြန်ရော . . အဲဒီတော့လည်း ဆေးမင်ကြောင်အလှပေါ်အောင် စကပ်တိုလေးတွေ၊ ဂျင်းဘောင်းဘီလေးတွေဝတ်ဖြစ်တယ်။

လမ်းသွားလို့ကောင်လေးတွေက “စော်လေးကအလန်းလေး”တို့၊ “ဂေါ်တယ်”တို့ ပြောရင် ဘရဏီသိပ်ကျေနပ်တယ်။

ဒီလိုနဲ့ ရီတာအော်ရာက လည်ကုပ်မှာ ငှက်ပုံဆေးမင်ကြောင်လေးထိုးတော့ လိုက်ထိုးပြန်ရော။ အဆိုတော်အဒဲလ်က နားရွက်နောက်မှာ အက္ခရာ A ရေးထားတော့ သူလည်း ဘရဏီဆိုတဲ့ နာမည်အစစာလုံး B ဆိုတဲ့ စာလုံးလေး ဆေးမင်ကြောင် ထိုးပြန်တယ်။ အဆိုတော် ရီဟားနားက ရင်ဘတ်မှာ ဆေးမင်ကြောင်ထိုးတော့ သူလည်းလိုက်ထိုးတယ်။

သူကြိုက်တဲ့ မင်းသမီးတွေ၊ အဆိုတော်တွေ ဆေးမင်ကြောင်ထိုးသလို လိုက်ထိုးရင်း ဒီလိုနဲ့ ဘရဏီရဲ့ တစ်ကိုယ်လုံး၊ ပြောရရင် မျက်နှာ၊ လည်ပင်း၊ ခြေထောက်၊ ပေါင်၊ ရင်ဘတ်၊ ချက် စတဲ့ နေရာတွေမှာ ဆေးမင်ကြောင်တွေအပြည့် . .

အစပိုင်းမှာတော့ မိဘတွေက တစ်ဦးတည်းသောသမီးလေး ဘရဏီအလိုကိုလိုက်ပြီး “ခေတ်လူငယ်ပဲ၊ သူသဘောကျသလို လုပ်ပါစေ”ဆိုပြီး ခွင့်ပြုထားခဲ့တယ်။ သမီးလေး ခေတ်ဆန်တာ၊ ဝတ်စားတာကို စတိုင်ကျတယ်၊ ကြည့်ကောင်းတယ်ဆိုပြီး ကြည်နူးနေခဲ့တယ်။

နိုက်ကလပ်မှာ သူကတာက အလှဆုံး၊ ကောင်လေးတွေက သူ့ကိုသဘောအကျဆုံးဖြစ်တယ်လို့လည်း ထင်လာတယ်။ ဒီလိုနဲ့ ဘရဏီဟာ နိုက်ကလပ်ကို တစ်ခါသွားရင် အိမ်ကိုမပြန်လာတော့တဲ့ရက်တွေက နှစ်ရက်-သုံးရက်အထိရှိလာတယ်။ ဒီအချိန်မှာတော့ မိဘတွေက ဘရဏီကို ဘယ်လိုမှ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အတွက် ဆရာ့ဆီ ခေါ်လာခဲ့ပါတယ် . . .

ဒါပေမဲ့ နောက်ပိုင်းကျတော့ ဘရဏီဟာ ဆေးမင်ကြောင် ထိုးရုံတင်မကတော့ဘဲ နိုက်ကလပ်တွေပါ တက်လာတော့တယ်။ အပေါင်းအသင်းတွေစုံပြီး နိုက်ကလပ်တက်လိုက်၊ အပေါင်းအသင်းတွေနဲ့ လျှောက်လည်လိုက်နဲ့ ဘရဏီဟာ ပြောင်းလဲလာခဲ့တယ်။ ဘရဏီဟာ သိသိသာသာ အသုံးအဖြုန်းကြီးလာတယ်။ မိတ်ဆွေအပေါင်းအသင်းတွေက များလာပြီး နိုက်ကလပ်မှာ သူအပေါ်လွင်ဆုံး၊ သူရေပန်းအစားဆုံးလို့ ထင်လာတယ်။ နိုက်ကလပ်မှာ သူကတာကအလှဆုံး၊ ကောင်လေးတွေက သူ့ကိုသဘောအကျဆုံး ဖြစ်တယ်လို့လည်း ထင်လာတယ်။ ဒီလိုနဲ့ ဘရဏီဟာ နိုက်ကလပ်ကို တစ်ခါသွားရင် အိမ်ကိုမပြန်လာတော့တဲ့ ရက်တွေက နှစ်ရက်-သုံးရက်အထိ ရှိလာတယ်။ ဒီအချိန်မှာတော့ မိဘတွေက ဘရဏီကိုဘယ်လိုမှ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အတွက် ဆရာ့ဆီခေါ်လာခဲ့ပါတယ်။

ဘရဏီအကြောင်းကို မိဘတွေရဲ့ ပြောပြချက်အရ ဘရဏီဟာ ၁၀ တန်းအောင်တဲ့အထိ စာတွေလည်း လိုက်နိုင်တယ်။ လိမ္မာရေးခြားရှိခဲ့တယ်။ ဖခင်ဖြစ်သူက အလွန်ချစ်ပြီး အလိုလိုက်လွန်းတော့ သမီးဖြစ်သူစိတ်ကြိုက် ခွင့်ပြုထားခဲ့တယ်။

ဘရဏီအမေက-

“ကျွန်မ ညီမတစ်ယောက်က စိတ်ကျ-စိတ်ကြွဝေဒနာခံစားခဲ့ရဖူးတယ်ဆရာ။ ဝေဒနာဖြစ်တဲ့သူရှိတယ်ဆရာ၊ သူကလည်းအသုံးအဖြုန်းကြီးပြီး စကားတွေများ၊ အလှူအတန်းတွေရက်ရော၊ နိုင်ငံရေး စကားတွေပါ လူကြားထဲအော်ပြောလွန်းလို့ ဆေးရုံတက်ပြီး ဆေးကုရတဲ့အထိဖြစ်ဖူးတယ်”လို့ ပြောပြပါတယ်။ ဘရဏီကျတော့ ပိုဆိုးတာက ကြီးကျယ်တယ်၊ ကမ္ဘာကျော် အနုပညာရှင်တွေလို နာမည်ကြီးတယ်လို့ ထင်တဲ့အပြင် နိုက်ကလပ်တွေမှာ သူမသွားရင် ဘယ်လိုမှပွဲမစည်ဘူး၊ သူ့ကိုပဲ ဝိုင်းပြီး အားပေးနေကြတာလို့ ထင်တယ်။ ဒီလိုထင်ပြီး နိုက်ကလပ်တွေကို မသွားဘဲမနေနိုင်လောက်အောင် ဖြစ်လာတယ်။

“သမီးကိုပဲ ခင်တဲ့သူတွေများတယ်။ သမီးမသွားရင် နိုက်ကလပ်က ပွဲမစည်ဘူးဆရာ။ သူငယ်ချင်းတွေ အားငယ်မှာစိုးလို့ သွားရတာ။ သမီးက ကလပ်မှာ ပေါ်ပြူလာအဖြစ်ဆုံးပဲ ဆရာ”လို့ ဘရဏီက ဆိုတယ်။

နိုက်ကလပ်က သူငယ်ချင်းတွေထဲမှာ တစ်ညလုံး မမောနိုင်၊ မပမ်းနိုင် ကနိုင်တဲ့သူတွေရှိတော့ ဘရဏီအားကျမိတယ်။ သူတို့ကိုမေးကြည့်တော့ “နင်လည်း ငါတို့လို ကနိုင်ချင်ရင် ငါတို့သုံးတဲ့ ဆေးတစ်မျိုးကို စမ်းသုံးကြည့်မှဖြစ်မယ်”ဆိုတာနဲ့ ဘရဏီက ဆေးတစ်မျိုးသုံးကြည့်တယ်။ အဲဒီညလုံးပေါက် မနားတမ်းကနိုင်မယ်ဆိုတဲ့ဆေးကို သုံးလာရာကနေ ညလုံးပေါက်ကရုံတင်မက အိမ်ကိုမပြန်ဘဲ နေတဲ့ရက်တွေပါ ရှိလာခဲ့တယ်။ အဲဒီအတွက် အခြေအနေ မမှန်တော့ဘူးဆိုပြီး သူမိဘတွေက ဆရာ့ဆီ ခေါ်လာခဲ့တာဖြစ်ပါတယ်။

ဘရဏီဟာ သူ့ကိုယ်သူ အချောဆုံး၊ အလှဆုံး၊ ရေပန်းအစားဆုံးလို့ထင်နေတဲ့ (တကယ်ချောတာထက်ပိုပြီး ချောမောလှပတယ်လို့ထင်နေတဲ့)၊ သူမရှိရင်မဖြစ်ဘူး၊ နိုက်ကလပ်တစ်ခုလုံး ပိတ်ပစ်ရမယ်လို့ထင်နေတဲ့ ဘဝင်မြင့်ပြီး စိတ်ကြီးဝင်တဲ့ လက္ခဏာတွေအပြင် စိတ်ကြွရောဂါဝေဒနာလက္ခဏာတွေပါ အပြည့်ရှိနေပါတယ်။ ဒါ့အပြင် မအိပ်ဘဲနေနိုင်တယ်၊ မစားဘဲနေနိုင်တယ်ဆိုပြီး မူးယစ်ဆေးတွေပါ သုံးစွဲနေတာလည်းရှိတဲ့အတွက် ဘရဏီကို ဆေးရုံတင်ပြီး သွေး၊ ဝမ်း၊ ဆီး စစ်ဆေးမှုတွေကိုပြုလုပ်ရင်း ကုသမှုတွေကို စနစ်တကျပေးနေရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top