Healthy Life Ad
Women

ပျိုမေတို့ ရာသီလာစဉ်ကိုက်ခဲနာကျင်မှုအတွက် သဘာဝဆေးတစ်လက်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရာသီလာစဉ်ကိုက်ခဲနာကျင်တဲ့ ဝေဒနာက အမျိုးသမီးကြီးငယ်တွေကြား အဖြစ်များပါတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတစ်ဝက်လောက်က အကိုက်အခဲပျောက်ဆေးကို မှီဝဲရတယ်လို့ လေ့လာမှုအရသိရပါတယ်။ ဒါကြောင့် ဆေးမလိုဘဲ သဘာဝအတိုင်းသက်သာနိုင်မယ့် ကုထုံးတွေကို အကြံပြုလိုက်ပါတယ်။

သဘာဝဆေး (၁) လေ့ကျင့်ခန်းလုပ်ခြင်း

ရာသီလာရက်အတွင်း လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှုကောင်းပြီး တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။ တစ်နေ့ မိနစ် ၃၀ခန့်လေ့ကျင့်ခန်းလုပ်တာကြောင့် သင့်ခန္ဓာကိုယ်ကနေ အန်ဒေါ်ဖင်ဓာတ်ထွက်ရှိစေပြီး တစ်နေ့တာလုံးအပန်းပြေကာပျော်ရွှင်စေပါတယ်။ လုပ်သင့်တဲ့လေ့ကျင့်ခန်းတွေက ယောဂကျင့်တာ၊ ထိုက်ချိကစားတာတို့ဖြစ်ကြပါတယ်။

သဘာဝဆေး (၂) အစားအသောက်

ရာသီမလာခင်နဲ့ လာနေစဉ်မှာ မျှတတဲ့အစားအသောက်ကို စားဖို့အရေးကြီးပါတယ်။

– အဆီများတဲ့အစာကိုရှောင်ပါ

အာလူးချောင်းကြော်၊ ချိစ်ဘာဂါစတဲ့အဆီများတဲ့ အစာတွေက ရာသီလာစဉ် လေပွတာကို ပိုဆိုးစေပါတယ်။

– ဟင်းသီးဟင်းရွက်များများစားပါ

ဟင်းသီးဟင်းရွက်တွေကို များများစားပေးရင် ဗီတာမင်ဘီ၊ ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ ရရှိစေတာကြောင့် ဟော်မုန်းမျှတပြီး ရာသီလာစဉ်ကိုက်ခဲနာကျင်တဲ့ ဝေဒနာတွေကို သက်သာလျော့ပါးစေပါတယ်။ ပဲသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်စတဲ့ ဟင်းသီးဟင်းရွက်တွေက လေပွစေလို့ ရာသီလာချိန်မှာဆင်ခြင်သင့်ပါတယ်။

– ရေခဲမုန့်နှင့် အချိုရည်ရှောင်ပါ

ရေခဲမုန့်နဲ့ အချိုရည်တွေက ရာသီလာစဉ် ကိုက်ခဲနာကျင်မှုကို ပိုဆိုးစေတဲ့အတွက်ရှောင်ပါ။ မဂ္ဂနီဆီယမ်ပါဝင်တဲ့ အညိုရောင်ချောကလက်ကို စိတ်ကြိုက်စားနိုင်ပါတယ်။

သဘာဝဆေး (၃) အပူကုထုံး

အပူကသွေးကြောတွေကို ကျယ်စေပြီး ကိုက်ခဲနေတဲ့ ဝမ်းဗိုက်ကြွက်သားတွေဆီ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်စီးဆင်းမှုကိုတိုးစေပါတယ်။ ဒါ့အပြင် ဦးနှောက်ဆီကို နာကျင်မှုအချက်ပြသင်္ကေတ ရောက်ရှိမှု လျော့ကျစေတဲ့အတွက် သက်သာစေပါတယ်။ ရေနွေးအိတ်ကပ်ပေးပါ။

သဘာဝဆေး(၄) အိပ်ရေးဝ၀ အိပ်စက်အနားယူခြင်း

အမျိုးသမီးတွေက အမျိုးသားတွေထက် နာရီဝက်ပိုပြီး အိပ်ချိန်လိုအပ်တယ်ဆိုတာ သင်သိပါသလား။ ရာသီလာချိန်မှာ အိပ်ရေးဝဖို့ ပိုအရေးကြီးပါတယ်။ ကော်ဖီမသောက်ဘဲ သန္ဓေသားပုံစံကွေးပြီး အိပ်တာကြောင့် ဝမ်းဗိုက်ကြွက်သားတွေကို သက်သာရာရစေပါတယ်။

သဘာဝဆေး (၅) အဆီသုံးပြီး နှိပ်နယ်ခြင်း

လေ့လာမှုအမျိုးမျိုးအရ သင့်ဝမ်းဗိုက်ကို အဆီလိမ်းပြီး ညင်ညင်သာသာနှိပ်နယ်ပေးတာက ရာသီလာစဉ်ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို သက်သာစေတယ်လို့ သိရပါတယ်။

– လာဗန်ဒါဆီ-လာဗန်ဒါဆီဟာ အာရုံကြောစနစ်ကို ငြိမ်သက်စေပြီး သွေးလှည့်ပတ်မှုကောင်းကာ ကြွက်သားနာကျင်တောင့်တင်းမှုကို သက်သာစေပါတယ်။

– လေးညှင်းဆီ- လေးညှင်းဆီက သွေးလှည့်ပတ်မှုကောင်းစေပြီး စိတ်ဖိစီးမှုလျော့ပါးကာ ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

– သစ်ကြံပိုးခေါက်ဆီ -တစ်ကိုယ်လုံးရောင်ရမ်းမှုကို သက်သာစေပါတယ်။

– နှင်းဆီ အဆီ- ပိုးသတ်အာနိသင်ရှိပြီး ကိုယ်ခံအားစနစ်ကောင်းစေပါတယ်။

အဆီတစ်မျိုးမျိုးကိုသုံးပြီး ဝမ်းဗိုက်ပေါ် နာရီလက်တံလားရာအတိုင်း လှည့်လည်နှိပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top