Healthy Life Ad
Health Tips

ရာသီလာစဉ် ခံစားရသည့် ဝေဒနာများအတွက် အိမ်တွင်းကုထုံးများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဝေဒနာတွေ သက်သာစေဖို့ အိမ်တွင်းကုထုံးတွေကို သုံးရပါမယ်။ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ကလည်း အရေးပါပါတယ်။ ဒါမှသာ အကောင်းဆုံးကုသမှုကို ခံယူနိုင်မှာ ဖြစ်လို့ပါ။ ဒါကြောင့် ရာသီလာစဉ် ကိုက်ခဲနာကျင်မှုတွေ လျော့ပါးသက်သာစေမယ့် အလွယ်ကုထုံးတွေကို ဖော်ပြလိုက်ပါတယ်။

ရေ

ရေသောက်တာက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေပြီး ရာသီလာစဉ် အတောအတွင်း လေပွတဲ့ ဝေဒနာမဖြစ်အောင် ရှောင်ရှားနိုင်ပါတယ်။ ရေနွေးပူပူကို သောက်ပေးတာကလည်း လေပွတာနဲ့ ဗိုက်အောင့်တာကို သက်သာစေပါတယ်။ အကြောင်းကတော့ ရေနွေးပူပူ သောက်တာက သွေးစီးဆင်းမှုကို ကောင်းစေပြီး ဗိုက်နာစေတဲ့ ကြွက်သားတွေကို အနားရစေပါတယ်။ ရေပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ဆလတ်ရွက်၊ တရုတ်နံနံ၊ သခွားသီး၊ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး စတာတွေကို စားပေးသင့်ပါတယ်။

ကယ်လ်ဆီယမ်

ကယ်လ်ဆီယမ်က ရာသီလာစဉ် အတောအတွင်းမှာ ကြွက်သားတောင့်တင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အသက် ၁၉-၅၀ အတွင်းရှိ အမျိုးသမီးတွေဟာ တစ်နေ့မှာ ကယ်လ်ဆီယမ် ၁၀ဝ၀ မီလီဂရမ် မှီဝဲသင့်တယ်လို့ Mayoclinic က ဆိုပါတယ်။ ကယ်လ်ဆီယမ်ပါဝင်မှု မြင့်မားတဲ့ အစားအသောက်တွေက နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ နှမ်းစေ့၊ ဗာဒံစေ့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက် စတာတွေ ဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ကို ဖြည့်စွက်ဆေးအနေနဲ့လည်း ရနိုင်ပါတယ်။

alignnone size-medium wp-image-57762
သစ်ကြားပိုးခေါက်

သစ်ကြားပိုးခေါက်ကို အအေးမိလို့၊ ဓာတ်မတည့်လို့ဖြစ်တဲ့ နှာပိတ်တာ သက်သာစေဖို့ သုံးခဲ့ကြတာကြာပါပြီ။ အစာချေဖျက်နိုင်စွမ်းလည်း ရှိပါတယ်။ သစ်ကြားပိုးခေါက်ကို သွေးကျဲစေတဲ့ အရာအဖြစ်သုံးကာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိတာကြောင့် ဗိုက်အောင့်တာကို သက်သာစေပါတယ်။ သစ်ကြားပိုးခေါက်မှာ အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနိစ် စတာတွေ ပါဝင်တာကြောင့် ရာသီလာတဲ့ဝေဒနာတွေကို သက်သာစေတာ ဖြစ်ပါတယ်။

alignnone size-medium wp-image-57761
ချင်း(ဂျင်း)

မာရီလန်းဆေးတက္ကသိုလ်ရဲ့ လေ့လာမှုအရ ကမ္ဘာတစ်ဝန်းလုံးမှာ အအေးမိဝေဒနာ၊ တုပ်ကွေးဝေဒနာ၊ ခေါင်းကိုက်တာနဲ့ တခြားရာသီလာလို့ ဖြစ်တဲ့ ဝေဒနာတွေ သက်သာစေဖို့အတွက် ချင်း(ဂျင်း)ကို တန်ဖိုးထားအသုံးပြုနေကြတယ်လို့ ဆိုပါတယ်။ ချင်း(ဂျင်း)ကို ပါးပါးလှီးပြီး ရေနွေးပူပူထဲထည့်ကာ ရာသီလာစဉ် ကိုက်ခဲနာကျင်မှု ဝေဒနာတွေ သက်သာအောင် သောက်ပေးနိုင်ပါတယ်။

သင်္ဘောသီး

သင်္ဘောသီးမှာပါတဲ့ ကာရိုတင်း၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်နဲ့ ကယ်လ်စီယမ်တို့ကြောင့် ရာသီလာစဉ်အတွင်း စားသင့်ပါတယ်။ အစာကြေညက်စေပြီး ကြွက်သားတွေရဲ့ ကျုံ့လိုက်ဆန့်လိုက် ဖြစ်နှုန်းကို လျော့ကျစေတာကြောင့် ရာသီလာစဉ် ဝေဒနာတွေမရအောင် စားပေးသင့်တာဖြစ်ပါတယ်။

ရာသီလာချိန် ပိုမိုစားပေးသင့်သည့် အစာများ

အာဟာရချို့တဲ့မှုဟာ ရာသီလာစဉ် ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ အစားအစာတွေကို စားဖြစ်စေဖို့ အောက်ပါအတိုင်း စားပေးပါ။

ဆန်လုံးညိုမှာ ဗီတာမင် B6 ပါဝင်တာကြောင့် လေပွတာကို သက်သာစေပါတယ်။

သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဖရုံစေ့ စတဲ့ အစေ့အဆန်တွေမှာ မဂ္ဂနိစ်ပါဝင်တာကြောင့် ဗိုက်အောင့်တာကို သက်သာစေပါတယ်။

သံလွင်ဆီနဲ့ ပန်းဂေါ်ဖီစိမ်းတို့မှာ ဗီတာမင်အီး ပါဝင်တာကြောင့် ဟော်မုန်းအဆင့်ကို ထိန်းချုပ်နိုင်ပါတယ်။

ကြက်သား၊ ငါးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ သံဓာတ်ပါဝင်တာကြောင့် ရာသီလာစဉ်အတွင်း ဆုံးရှုံးသွားတဲ့ သံဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

ရာသီလာချိန် ရှောင်ရှားသင့်သည့် အစာများ

လေပွလေထကာ ရေဓာတ်စုဆောင်းမှုကို အားပေးတဲ့ အဆီအအိမ့်များတဲ့ အစားအစာတွေ၊ အခွံချွတ်ထားတဲ့ သကြားအဖြူတွေ၊ ကာဗွန်ပါတဲ့ အစားအသောက်တွေနဲ့ အယ်လ်ကိုဟောကို ရာသီလာချိန်အတောအတွင်းမှာ ရှောင်ဖို့လိုပါတယ်။ ကဖင်းဓာတ်ကို ရှောင်တာကလည်း ရာသီလာစဉ် ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။

ရာသီလာချိန်မှာ ဝေဒနာသက်သာအောင် ဘာတွေလိုက်နာသင့်သလဲ . . .
(၁) ရေနွေးအိတ်ကပ်ပါ

ဝမ်းဗိုက်ပေါ်မှာ ရေနွေးအိတ်ကပ်တာ ဒါမှမဟုတ် ကြက်သီးနွေးရေချိုးတာတွေကြောင့် နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းကို အသင့်အတင့် ပုံမှန်လုပ်တာက ရာသီလာစဉ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် အန်ဒေါ်ဖင်ထွက်ရှိမှု ကောင်းစေပါတယ်။ အန်ဒေါ်ဖင်က အကိုက်အခဲပျောက်စေပြီး စိတ်ခံစားမှုကောင်းစေတဲ့ သဘာဝဆေးဖြစ်ပါတယ်။ လမ်းလျှောက်တာလို အသင့်အတင့် လှုပ်ရှားမှုဟာလည်း ရာသီလာစဉ် ကိုက်ခဲနာကျင်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၃) ယောဂကျင့်ပါ

ယောဂကျင့်တာကလည်း အန်ဒေါ်ဖင်ထွက်ရှိမှု များစေတာပါပဲ။ ပုံမှန်ယောဂကျင့်တာက ရာသီလာစဉ် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ မျိုးဆက်ပွားအင်္ဂါတွေဆီကို သွေးစီးဆင်းမှု ကောင်းစေတာ၊ စိတ်ဖိစီးမှု သက်သာစေတာနဲ့ စိတ်အပန်းပြေစေတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေလို့ ဖြစ်ပါတယ်။

alignnone size-medium wp-image-57763

Most Popular

Healthy Life Ad
To Top