Healthy Life Ad
Life Style

ဘဝပျော်ရွှင်မှုနှင့် သိမှတ်ဖွယ်ရာ(၄)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)

ဒေါသထွက်ခြင်း

ဒေါသလို့ ပြောလိုက်ရင် စိတ်တိုတာ၊ စိတ်ရှုပ်တာ၊ စိတ်ညစ်တာ၊ စိတ်ဆိုးတာ၊ စိတ်မကြည်တာ၊ အားငယ်တာ၊ စိတ်ဓာတ်ကျတာ အကုန်လုံးပါတယ်။ ဒေါသမထွက်ဖူးတဲ့သူဆိုတာ ရှားပါတယ်။ သောကရောက်နေတဲ့အချိန်လိုပဲ လူတစ်ယောက် ဒေါသထွက်နေတဲ့အချိန်မှာလည်း ဘယ်လိုမှမပျော်နိုင်တော့ဘူး။ ဒေါသထွက်တော့မယ်ဆိုရင်၊ စိတ်ရှုပ်ပြီး စိတ်ညစ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ်။ “ငါဒေါသထွက်တော့မယ်၊ အဲဒီဒေါသက ထွက်သင့်တဲ့ဒေါသလား”လို့ တွေးရမယ်။ ဒေါသကို ထိန်းချုပ်ထားနိုင်တဲ့ လူတစ်ယောက်၊ ဒေါသကို ငြိမ်းအောင်လုပ်နိုင်တဲ့ လူတစ်ယောက်ဟာ ပျော်ရွှင်တဲ့သူဖြစ်ပါတယ်။

ဘဝမှာ အောင်မြင်တဲ့သူ၊ အဖိုးတန်တဲ့သူတစ်ယောက်ဖြစ်ချင်ရင် အဲဒီသူက (၁) ပျော်ရွှင်ရမယ်၊ (၂) ငြိမ်းချမ်းရမယ် . . Peace ဆိုတာ အရေးကြီးတဲ့အရာဖြစ်တယ်။ ကျွန်တော့်အခန်းထဲမှာ စကားလုံးလေးတစ်လုံး ကပ်ထားတယ်။ ဒါက ကျွန်တော့်ဘဝမှာ အလိုချင်ဆုံးအရာတစ်ခုပါ. . အဲဒါကတော့ “ငြိမ်းချမ်းခြင်း”ပါပဲ။ ဒါကြောင့် ကျွန်တော်ဟာ ဝတ္ထုရေးတဲ့အခါ ကိုယ်အမြတ်နိုးဆုံးအရာကို ဇာတ်ကောင်ဆရာဝန်ကို နာမည်ပေးလိုက်တယ်။ ကျွန်တော့်စာတွေ ဖတ်ဖူးတဲ့သူတွေရှိရင် သိကြမှာပါ။ ဒေါက်တာငြိမ်းချမ်းဆိုပြီး ကိုယ်လိုချင်တဲ့ ဘဝကိုပေးထားတာပါ။

ဘဝမှာ အောင်မြင်မှုရဖို့

လူတစ်ယောက် တကယ်အောင်မြင်တဲ့ဘဝရဖို့အတွက် ပျော်ရွှင်ရမယ်၊ ငြိမ်းချမ်းရမယ် . . ပြီးတော့ အလုပ်တစ်ခုရှိရမယ်၊ လူတစ်ယောက်က ဘာအလုပ်မှမရှိရင် ဘာအဓိပ္ပာယ်မှမရှိဘူး။ အဲဒီအလုပ်က ကိုယ်တကယ်ချစ်ခင်မြတ်နိုးတဲ့အလုပ်၊ တကယ်ပျော်ရွှင်တဲ့အလုပ်၊ ကိုယ်ရဲ့ဝါသနာနဲ့ ကိုက်ညီတဲ့အလုပ် . . ဒီလိုအလုပ်မျိုးလုပ်နေပြီဆိုရင် အောင်မြင်တဲ့ဘဝ ရနေပြီလို့ပြောလို့ရပါတယ်။

ဘဝမှာ အောင်မြင်မှုရဖို့ နံပါတ်တစ်က ဖြစ်ချင်တဲ့ဆန္ဒပါ။ ဖြစ်ချင်တဲ့ဆန္ဒရှိရင် အဲဒီနောက်ကနေ အရာအားလုံးက လိုက်ပါလာတာပါပဲ။ ခိုင်မာတဲ့ စိတ်ဓာတ်၊ မလျှော့တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ဆင်ခြင်ပိုင်းခြား ဝေဖန်တတ်တဲ့အသိဉာဏ် ဒါတွေပိုင်ဆိုင်ရင် အောင်မြင်မှုပန်းတိုင်ရရှိမှာပဲဖြစ်ပါတယ်။

အောင်မြင်တဲ့ ပန်းတိုင်ရောက်ရှိဖို့ အဆင့်သုံးဆင့်ရှိပါတယ်။

ပထမအဆင့်က ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ ရည်ရွယ်ချက်ရှိရမယ်။

ဒုတိယအဆင့်က ကိုယ့်ရည်ရွယ်ချက်ကိုသိပြီး ဒီအလုပ်နဲ့ဆိုင်တဲ့ အရည်အချင်းတွေကို အမြင့်မားဆုံး တည်ဆောက်ရမယ်။

နောက်ဆုံးအဆင့်ကတော့ ကိုယ်တည်ဆောက်ထားတဲ့ ကိုယ်ရဲ့အရည်အချင်းတွေနဲ့ လောကကြီးကောင်းကျိုးကို ဆောင်ရွက်ဖို့ပါပဲ။ ဘယ်လောက်အထိ လောကကောင်းကျိုးကို ဆောင်ရွက်နိုင်သလဲဆိုတဲ့အပေါ်မူတည်ပြီး တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်။

အောင်မြင်မှုရဖို့ ကိုယ်ဘာလုပ်သင့်သလဲဆိုတာ သိရမယ်၊ အဲဒါကိုသိပြီး အကောင်းဆုံးလုပ်ရမယ် . . ပြီးရင် ဘာမလုပ်သင့်ဘူးလဲဆိုတာသိပြီး အဲဒါ့ကို မလုပ်ဘဲရှောင်ပါ။ ဒါဆိုအောင်မြင်တဲ့ လူသားတစ်ယောက်ဖြစ်လာမှာပါ။ ဒါလေးက ကျွန်တော်တို့ရဲ့ ဗုဒ္ဓအဆုံးအမဖြစ်တဲ့ ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား’ ဆိုတဲ့အချက်နဲ့ တစ်ထပ်တည်းပဲဖြစ်ပါတယ် . . .

အောင်မြင်မှုအတွက် ဘာလျှို့ဝှက်ချက်ကြီးကြီးမားမားမှ မရှိပါဘူး။ ရိုးစင်းပါတယ်။ အောင်မြင်မှုရဖို့ ကိုယ်ဘာလုပ်သင့်သလဲဆိုတာသိရမယ်၊ အဲဒါကိုသိပြီး အကောင်းဆုံးလုပ်ရမယ် . . ပြီးရင် ဘာမလုပ်သင့်ဘူးလဲဆိုတာသိပြီး အဲဒါ့ကို မလုပ်ဘဲရှောင်ပါ။ ဒါဆို အောင်မြင်တဲ့ လူသားတစ်ယောက်ဖြစ်လာမှာပါ။ ဒါလေးက ကျွန်တော်တို့ရဲ့ဗုဒ္ဓအဆုံးအမဖြစ်တဲ့ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”ဆိုတဲ့ အချက်နဲ့ တစ်ထပ်တည်းပဲဖြစ်ပါတယ်။ မကောင်းတဲ့အရာကို မကောင်းမှန်း ခွဲခြားသိပြီး ကောင်းတာလေးတွေကို လုပ်မယ်၊ ဘာပဲလုပ်လုပ် စိတ်ထားလေးကို ဖြူစင်အောင်ထားမယ်ဆိုရင် ဒီလူက အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာပါပြီ။

တချို့လူတွေရှိတယ်။ အလုပ်တစ်ခုကို လုပ်သာလုပ်နေရတာ၊ မလုပ်ချင်ဘူး။ သူများခိုင်းနေလို့ မလွှဲမရှောင်သာလုပ်နေရတာ စိတ်မပါဘူး။ ဒီလိုလူတွေမှာ ပျော်ရွှင်မှုဆိုတာရှိမှာ မဟုတ်ပါဘူး။ ဒီအလုပ်တစ်ခုကို သူများခိုင်းလို့သာ လုပ်နေရတာ၊ သူများကြောက်လို့သာ လုပ်နေရတာ . . မလုပ်ချင်ဘဲနဲ့ လုပ်နေရတယ်ဆိုရင် ဒီလူဟာ ပျော်ရွှင်မှာမဟုတ်ပါဘူး။ ပျော်ရွှင်အောင်မြင်တဲ့သူက ကိုယ်လုပ်တဲ့အလုပ်ကို နှလုံးသားနဲ့ရင်းပြီး သေသေချာချာ ဂရုတစိုက် စိတ်ရောကိုယ်ပါနှစ်မြုပ်ပြီး လုပ်တဲ့သူမျိုးပါ။

တချို့လူတွေကျတော့ နေ့မအိပ်၊ ညမအိပ် အလုပ်လုပ်တယ်၊ ပိုက်ဆံတွေ အများကြီးဝင်တယ်။ ဒါပေမဲ့ သူ့မှာမိသားစုကို အချိန်မပေးနိုင်ဘူး။ ကြာတော့ ကျန်းမာရေးထိခိုက်လာတယ်။ ဒါဆိုရင်လည်း ပိုက်ဆံဘယ်လောက်ရှိရှိ အောင်မြင်တဲ့ဘဝလို့မပြောနိုင်ပါဘူး။ ဘဝမှာ မျက်နှာပြင်အများကြီးရှိတယ်။ အားလုံးကို ဟန်ချက်ညီအောင် ဂရုစိုက်ဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top