Healthy Life Ad
Health Tips

နှလုံးကျန်းမာသန်စွမ်းစေမည့် သဘာဝနည်းလေးမျိုး

၊ ငွေကြယ်စင်ယံ ၊

အပြင်ထွက်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ပေးတာကြောင့် နှလုံးကျန်းမာရေးကို သိသိသာသာ ကောင်းမွန်စေပါတယ်။

(၁) နေခြည်နုနုဖြာကျချိန် လမ်းလျှောက်ခြင်း

သွေးတိုးနှုန်းပိုများတဲ့သူတွေက နေရောင်ခြည်ထိတွေ့မှု အနည်းဆုံးသူတွေဖြစ်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အကြောင်းတစ်ခုက အရေပြားက နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ နိုက်ထရစ်အောက်ဆိုက် ထွက်ရှိမှုများတာကြောင့် ဖြစ်ပါတယ်။ နိုက်ထရစ်အောက်ဆိုက်က သွေးလွှတ်ကြောတွေ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို တွန်းကန်စေပြီး သွေးခဲဖတ်၊ သွေးခဲတာတို့ကို လျော့ကျစေတာကြောင့် နှလုံးရောဂါထတာနဲ့ လေဖြတ်တာတို့ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ နေရောင်ခြည်ထိတွေ့တဲ့အခါ ခန္ဓာကိုယ်ကထွက်ရှိတဲ့ ဗီတာမင်ဒီဟာ နှလုံးကျန်းမာရေးကောင်းမွန်မှုနဲ့ ဆက်စပ်နေပါတယ်။ တစ်နေ့မှာ ၁၅-၃၀ မိနစ်ခန့် နံနက်ခင်းနေခြည်နုနုဖြာကျ ချိန်အပြင်ထွက်လမ်းလျှောက်ပါ။

(၂) တောထဲ သစ်ပင်ပန်းပင်များဆီ လည်ပတ်ခြင်း

ဂျပန်လူမျိုးတွေက အနာကျက်ဖို့အတွက် တောထဲကပန်းခြံတွေဆီ လည်ပတ်လေ့ရှိကြပါတယ်။ လူ ၂၈၀ဦးကို လေ့လာခဲ့တဲ့ လေ့လာမှုအရ အားလပ်ချိန်မှာ သစ်တောတွေဆီအပန်းဖြေခရီး ထွက်ကြသူတွေက စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့်လျော့နည်းပြီး နှလုံးခုန်နှုန်းကျဆင်းကာ သွေးဖိအားလျော့နည်းတယ်လို့ သိရပါတယ်။

(၃) ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်း

မြေပြင်ပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်တာကြောင့် စိတ်ခံစားမှုကောင်းမွန်ပြီး သိုင်းရွိုက် လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတယ်လို့ လေ့လာမှုတစ်ရပ်ကဆိုပါတယ်။

(၄) ပန်းခြံထဲ လေ့ကျင့်ခန်းလုပ်ခြင်း

အပြင်မှာလေ့ကျင့်ခန်းလုပ်တာက အိမ်တွင်းမှာ လေ့ကျင့်ခန်းလုပ်တာထက် ပိုအကျိုးရှိပါတယ်။ ၂၀၁၁ ဗြိတိန်လေ့လာမှု ၁၁ ခုကို သုံးသပ်ချက်အရ အပြင်မှာလေ့ကျင့်ခန်းလုပ်သူတွေက အိမ်တွင်းမှာ လေ့ကျင့်ခန်းလုပ်သူတွေထက် စွမ်းအင်ပိုတိုးပြီး ဒေါသ၊ စိတ်တင်းကျပ်မှုနဲ့ စိတ်ဓာတ်ကျဝေဒနာတွေ လျော့ပါးစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

Tip!

လေထုညစ်ညမ်းမှုကို စောင့်ကြည့်ပါ

လူအများစုက လေထုညစ်ညမ်းမှုများတဲ့နေရာတွေမှာ နေထိုင်ကြတာဖြစ်တဲ့အတွက် နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ လေထုထဲမှာ အိုဇုန်းအဆင့် ပိုများလေလေ၊ နှလုံးရပ်နိုင်ခြေ အနည်းငယ်မြင့်တက်လေလေဖြစ်တာကြောင့် လေထုအရည်အသွေးအခြေအနေကို အမြဲဆန်းစစ်နေ ဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top