Healthy Life Ad
International

ပါကင်ဆန်ရောဂါ ကုသနိုင်မည့် သဲလွန်စကို ပထမဆုံးအကြိမ်တွေ့ရှိ

၊ မိုးမင်းထွန်း ၊

ပါကင်ဆန်ရောဂါက ဦးနှောက်တဖြည်းဖြည်းပျက်စီးကာ ဒိုပါမင်းဟော်မုန်းထုတ်လုပ်ပေးတဲ့ဆဲလ် တွေပျက်စီးစေတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဝေဒနာရှင်တွေမှာ လှုပ်ရှားရခက်ခဲတာနဲ့ နောက်ဆုံးမှာ မှတ်ဉာဏ်ပြဿနာတွေ ခံစားရပါတယ်။

လက်ရှိကုထုံးတွေက ဒိုပါမင်းပမာဏမြင့်တက်စေကာ ရောဂါလက္ခဏာသက်သာစေအောင်သာ ပြုလုပ်နိုင်သေးပြီး ဦးနှောက်ဆဲလ်သေဆုံးတာနဲ့ ရောဂါပိုမိုဆိုးရွားလာတာကို တားဆီးနိုင်ခြင်းမရှိသေးပါဘူး။ ယူနီဗာစတီကောလိပ်လန်ဒန်မှ သုတေသီတွေက လူနာ ၆၂ယောက်ပါဝင်တဲ့ လက်တွေ့စမ်းသပ်မှုကို ပြုလုပ်ခဲ့ကြပါတယ်။ လူနာတစ်ဝက်ကို ဆီးချို ဆေး Exenatide သောက်သုံးစေပြီး ကျန်တစ်ဝက်ကို အာနိသင်မရှိတဲ့ ဆေးသောက်သုံးစေပါတယ်။ လူနာအကုန်လုံးကို သောက်နေကျဆေးတွေ ပုံမှန် အတိုင်း သောက်သုံးစေခဲ့ပါတယ်။ ၄၈ ပတ်ကျော်လာတဲ့အခါ Exenatide ဆေးသောက်သုံးတဲ့ အဖွဲ့ရဲ့ရောဂါဟာတည်ငြိမ်ခဲ့ပြီး တခြားအဖွဲ့မှာ ကျဆင်းသွားတာကို တွေ့ရှိခဲ့ပါတယ်။
စမ်းသပ်ကုထုံးပြီးနောက် ၃ လအကြာမှာ Exenatide သောက်တဲ့အဖွဲ့ရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေသေးတာတွေ့ရှိခဲ့ရပါတယ်။ Exenatide ဆေးက GLP-1 အမည်ရ ဟော်မုန်းအာရုံခံ (hormone sensor) အဖြစ်ဆောင်ရွက်ပြီး ဆီးချို သမားတွေရဲ့ သွေးတွင်းသကြားပမာဏကို ထိန်းချုပ် ပေးပါတယ်။ ဦးနှောက်ဆဲလ်တွေထဲမှာလည်း ဒီလို hormone sensor တွေ တွေ့ရှိတာကြောင့် ဆေးက ဆဲလ်တွေထိထိရောက်ရောက် အလုပ်လုပ်အောင်နဲ့ ရှင်သန်အောင်ပြုလုပ်နိုင်မယ်လို့ ယူဆထားကြပါတယ်။ ရလဒ်တွေအရ Exenatide ဆေးက ဦးနှောက်ဆဲလ်သေဆုံးတာကို နှေးကွေးအောင်လုပ်နိုင်ကြောင်း ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။

လေ့လာမှုက သီတင်းပတ် ၆၀သာကြာမြင့်ပြီး တိုတောင်းတာကြောင့် Exenatide ဆေးက ရောဂါ တိုးတက်ဆုတ်ယုတ်မှုကို ရေရှည်ရပ်တန့်စေသလား၊ ဝေဒနာရှင်တွေအပေါ် ရေရှည် အကျိုးသက်ရောက် မှုရှိသလားဆိုတာကို နောက်ထပ် သုတေသနတွေ လုပ်ဖို့ လိုသေးကြောင်း သုတေသီတွေက ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top