Healthy Life Ad
Life Style

ပါကင်ဆန်ရောဂါရှိသူအား အိမ်တွင်းစောင့်ရှောက်မှု

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ပါကင်ဆန်ရောဂါဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုမှာ ချို့ယွင်းမှုဖြစ်စေပါတယ်။ ဦးနှောက်ထဲက နာ့ဗ်ဆဲလ်တချို့ထိခိုက်တာကြောင့် ဖြစ်ရတာပါ။ ပုံမှန်အားဖြင့် ဦးနှောက်နာ့ဗ်ဆဲလ်တွေက ဒိုပါမင်းလို့ခေါ်တဲ့ အရေးကြီးဓာတ်တစ်မျိုးကို ပြုလုပ်ပေးပါတယ်။ ဒိုပါမင်းဟာ ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းဆီကို အချက်ပြသင်္ကေတပေးပို့ပါတယ်။ အဲဒီအခါ ကြွက်သားတွေက အဆင်ပြေပြေ လှုပ်ရှားနိုင်ပါတော့တယ်။ ပါကင်ဆန်ရောဂါကြောင့် နာ့ဗ်ဆဲလ်တွေထိခိုက်ပြီး ဒိုပါမင်းကို လုံလုံလောက်လောက် မထုတ်နိုင်တော့ကာ လှုပ်ရှားမှုမှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။ ပါကင်ဆန်ရောဂါက တဖြည်းဖြည်းနဲ့ တိုးလာတဲ့ ရောဂါဖြစ်တာကြောင့် ရောဂါရှိသူကို အိမ်သူအိမ်သားတွေက နားလည်မှုအပြည့်နဲ့ စောင့်ရှောက်ပေးဖို့ အရေးကြီးပါတယ်။

အိမ်တွင်းအပြင်အဆင်

နေ့စဉ် လှုပ်ရှားသွားလာမှုမှာ အဆင်ပြေစေဖို့ အိမ်တွင်းပရိဘောဂတွေကို နေရာပြောင်းလဲပေးပါ။ ဆိုလိုတာက ပါကင်ဆန်ရောဂါရှိသူတွေအနေနဲ့ အိမ်တွင်းလှုပ်ရှားရာမှာ ပရိဘောဂတွေကို ကိုင်တွယ်ပြီး သွားလာနိုင်ဖို့လိုတာကြောင့် သူတို့သွားလာဖို့ အဆင်ပြေအောင် အိမ်တွင်းပရိဘောဂတွေကို ပြင်ဆင်ပါ။

အာဟာရရှိသော အစားအသောက်

ပါကင်ဆန်ရောဂါရှိသူတွေက သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ်မထားတဲ့ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ အညိုရောင်ပေါင်မုန့်)၊ ပဲအမျိုးမျိုး၊ အသား၊ ငါးနဲ့ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်းတွေကိုစားဖို့ လိုအပ်တာကြောင့် ပါဝင်အောင် စီမံကျွေးသင့်ပါတယ်။ ပါကင်ဆန်ရောဂါရှိသူတွေ အစာစားတဲ့အခါ သွားရည်ကျတာမျိုးမဖြစ်စေဖို့ ဘယ်လိုစားသင့်တယ်ဆိုတာ စိတ်ရှည်ရှည်ပြောပြပေးပါ။

လေ့ကျင့်ခန်း

ပါကင်ဆန်ရောဂါရှိသူတွေအနေနဲ့ ရောဂါအဆင့် ပိုမတိုးလာအောင် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။ သူတို့ကိုလေ့ကျင့်ခန်းလုပ်ဖြစ်အောင် တိုက်တွန်းအားပေးကာ ဘေးအန္တရာယ်ကင်းစေဖို့ အိမ်သားတစ်ဦးက အမြဲစောင့်ကြည့်ပေးသင့်ပါတယ်။

လက်တုန်ခြင်း

ပါကင်ဆန်ရောဂါရှိသူတွေက လက်တုန်တတ်တာကြောင့် လက်ထဲမှာ အလေးတုံးသေးသေးတစ်ခုကို သယ်ဆောင်ပြီး မတဲ့ လေ့ကျင့်ခန်းလုပ်ပေးတာက တုန်ယင်မှုကို လျော့ပါးစေပါတယ်။

စကားပြောစွမ်းရည်

စကားပြောရာမှာ နှေးကွေးမှုမဖြစ်စေဖို့နဲ့ စကားပြောရာမှာ လေးလံမသွားအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး

ပါကင်ဆန်ရောဂါရှိသူတွေက ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေ အဖြစ်များတာကြောင့် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မိသားစုဝင်တွေက အမြဲအားပေးသင့်ပါတယ်။ သူတို့ရဲ့ စိတ်ဝေဒနာက ပိုဆိုးလာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

သက်ကြီးအတိတ်မေ့ရောဂါ

ပါကင်ဆန်ရောဂါရဲ့ နောက်ပိုင်းအဆင့်တွေမှာ သက်ကြီးအတိတ်မေ့ရောဂါ ဖြစ်လာတတ်ပါတယ်။ လက္ခဏာအနေနဲ့ မှတ်ဉာဏ်မကောင်းတာနဲ့ သတိမေ့တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရောဂါရှိသူအနေနဲ့ ကောင်းကောင်းစဉ်းစားဆင်ခြင် နိုင်စွမ်းမရှိဘူးထင်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top