Healthy Life Ad
Health Tips

ရေကူးပြီးယားယံနေသလား . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ရေကူးတဲ့အခါ ရေကူးကန်ထဲရှိ ပိုးမွှားတွေက အရေပြားကိုကပ်ပြီး ယားယံတာကို ခံစားရနိုင်ပါတယ်။ ဒါကို Swimmer’s itch လို့ခေါ်ပါတယ်။ ရေကူးပြီးချိန်မှာ ဖြစ်ပေါ်တဲ့ ယားယံတာက ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလိုတော့ သက်သာသွားနိုင်ပါတယ်။

ရေကူးပြီး ယားယံသော လက္ခဏာများ
ရေကူးတာကြောင့် ယားယံခဲ့ရင် အောက်ပါ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

– ရေကူးပြီး အချိန်တစ်နာရီ၊ နှစ်နာရီအတွင်း စတင်ယားယံပြီး နှစ်ရက်လောက်အထိ ယားနေတာ၊

– နီမြန်းပြီး နည်းနည်းဖောင်းနေတာ၊

ရေကူးကန်ထဲကရေနဲ့ထိတဲ့ အရေပြားနေရာမှာ ယားယံတတ်ပါတယ်။ ရေကူးပြီးချိန်မှာ ချိုးရေနဲ့ စင်အောင်ချိုးပေးရင်တော့ ယားယံတာက အတန်ငယ်သက်သာသွားနိုင်ပါတယ်။

ဆရာဝန်နှင့် ပြသသင့်သောအချိန်
ရေကူးပြီးတဲ့နောက် အရေပြားနီမြန်းယားယံ တာကသီတင်းပတ်တစ်ပတ်ထက် ပိုပြီးကြာကြာ ဖြစ်နေခဲ့ရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ နီမြန်းယားယံနေတဲ့အရေပြားမှာ ပြည်တည်နေရင် အရေပြားအထူးကုဆရာဝန်နဲ့ တွေ့ဆုံပြသဖို့လိုအပ်ပါတယ်။

ဖြစ်ရသော အကြောင်းရင်းများ
ရေကူးတာကြောင့် ယားယံရတဲ့ အကြောင်းရင်းက ရေသတ္တဝါတွေက ထုတ်လိုက်တဲ့ ကပ်ပါးပိုးတွေကို တုံ့ပြန်မှုတစ်ခုပါပဲ။ သန့်ရှင်းတဲ့ ရေကူး ကန်တွေမှာထက် ပင်လယ်၊ မြစ်၊ ချောင်းနဲ့ အများသုံး ရေကူးကန်တွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ တချို့လူတွေက ကပ်ပါးပိုးတွေနဲ့ ထိတွေ့လွယ်၊ တုံ့ပြန်လွယ်တာကြောင့် တခြားသူတွေထက်ပို အဖြစ်များပါတယ်။ ဒီလိုယားယံတာက လူတစ်ဦးနဲ့ တစ်ဦးကို မကူးစက်စေနိုင်တာကြောင့် စိတ်ပူပန်ဖို့ မလိုပါဘူး။

နောက်ဆက်တွဲအခြေအနေ
ရေကူးပြီးဖြစ်တဲ့ အရေပြားယားယံမှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအခြေအနေက ရှားပါးပါတယ်။ ဒါပေမဲ့ နီမြန်းယားယံနေတဲ့ အရေ ပြားကို ပြင်းပြင်းထန်ထန်ကုတ်ခြစ်လိုက်ရင် ပိုးဝင်ကူးစက်ခံရနိုင်ခြေရှိပါတယ်။

ဆေးကုသမှု
ရေကူးတာကြောင့်ဖြစ်တဲ့ ယားယံတာက အများအားဖြင့် ရက်အနည်းငယ်အတွင်းမှာ သူ့အလို လိုသက်သာနိုင်ပါတယ်။ တချို့သော အခြေအနေ တွေမှာပဲ သီတင်းပတ်ကြာတဲ့အထိ ခံစားရတတ်ပါတယ်။ ယားယံတာကို ဟစ္စတမင်းဆန့်ကျင်လိမ်း ဆေး (Anti- histamine Cream) ဒါမှမဟုတ် ကလမင်းလိုးရှင်းလို အယားပျောက်ဆေးခရင်မ် လိမ်းပေးရုံနဲ့သက်သာအောင် လုပ်နိုင်ပါတယ်။ ယားယံတာက ပြင်းထန်လွန်းနေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးဝါးကုသမှုခံယူသင့်ပါတယ်။

ဘဝနေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံး
ယားနေပေမယ့် သိပ်မကုတ်ပါနဲ့။ အယားပျောက်ဆေးလိမ်းပြီး မကုတ်မိအောင် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

– ဖြစ်တဲ့အရေပြားနေရာကို သန့်ရှင်းစိုစွတ်တဲ့ အဝတ်စနဲ့ အုပ်ထားပါ။

– ဆော်ဒါမှုန့်ထည့်ထားတဲ့ ချိုးရေထဲကို စိမ်ပေးပါ။

– ဆော်ဒါမှုန့်ကို စေးပျစ်တဲ့အထိ ရေနဲ့ဖျော်ပြီး ဖြစ်တဲ့အရေပြားနေရာကို လိမ်းပေးပါ။

ကြိုတင်ကာကွယ်မှု

– ရေကူးမည့်နေရာကို သေချာရွေးပါ
ပိုးဝင်နိုင်ခြေများတဲ့ နေရာတွေနဲ့ တားမြစ်ထားတဲ့နေရာတွေမှာ ရေမကူးသင့်ပါ။ ခရုတွေ အနေများတဲ့ရွှံ့ထူတဲ့နေရာတွေမှာလည်း ရေမကူး သင့်ပါ။

– ရေတိမ်ကို ရှောင်ပါ
ရေတိမ်တဲ့နေရာတွေမှာ ရေများများကူးရင် အ ရေပြားယားယံနိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် သင်က ကောင်းကောင်း ရေကူးတတ်သူဖြစ်ရင် ရေတိမ်မှာမကူးပါနဲ့။ ရေနက်တဲ့နေရာကို သွားရင် ပတ်ဝန်းကျင်မှာ လူရှိနေပါစေ။

– ရေကူးပြီး ရေချိုးပါ
ရေကူးပြီးချိန်မှာ ရေသန့်နဲ့ ချက်ချင်းချိုးပေးပါ။ ပြီးရင်တဘတ်နဲ့ ခြောက်သွေ့တဲ့အထိ သုတ်ပါ။

– ရေကူးကန်ကို သန့်ရှင်းပါ
ကိုယ်ပိုင်ရေကူးကန်ရှိရင်သန့်ရှင်းအောင် ဂရုစိုက်ပြီး ကလိုရင်းခတ်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top