မေး ။ မင်္ဂလာပါဆရာ ကျွန်မ အမည် မ- – -၊ အသက် ၂၇နှစ်၊ မန္တလေးမြို့ ။ ကျွန်မ ပထမကိုယ်ဝန် ၄လနဲ့ ပျက်ကျခဲ့တယ်ဆရာ။ ပထမကိုယ်ဝန်တုန်းက OG က (Susten, Folic Acid and Omega 3) ပေးတယ်ဆရာ။ ကိုယ်ဝန် ၃လကျော်ထိ သောက်ခဲ့ရတယ်ဆရာ။ ကိုယ်ဝန် ၄ လရောက်တော့ အိုဘီမင်သောက်ရတယ်ဆရာ။ ယခု ဒုတိယကိုယ်ဝန် ၁လပါ ဆရာ။ အဲ့ဒီတုန်းကOG ပဲ ထပ်ပြတယ်ဆရာ။ ဒါပေမဲ့ ဆေးတွေက Susten and Folic Acid ပဲ ပေးတယ်ဆရာ။ Omega 3 မပါပါဘူးဆရာ။ ကျွန်မ အထင်တော့ လူနာများပြီး မေ့သွားတယ် ထင်ပါတယ်။ Omega 3 မပါလို့ ကိုယ့်ဘာသာကိုယ်ပဲ ဆေးဆိုင်ကနေ Omega 3 ဝယ်သောက်ချင်တယ်ဆရာ။ Omega 3 သောက်ရင် ကလေးဉာဏ်ကောင်းတယ်လို့ ကြားဖူးလို့ပါဆရာ။ သောက်လို့ရမရနဲ့ သောက်ရမယ့် ကိုယ်ဝန်လအထိ သိချင်လို့ပါဆရာ။
ဒေါက်တာတင့်ဆွေမှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ အိုမီဂါ-၃ ဆိုတာ ကိုလက်စထရောအတွက်သာဖြစ်တယ်။ ကိုယ်ဝန်နဲ့ နို့တိုက်မိခင်တွေအတွက် ဆေးသုတေသနက မတူတာတွေရှိတယ်။
Omega 3အစားအသောက်များများ စားရင်လည်း ကလေးမှာ အလာဂျီ (ဓာတ်မတည့်မှု)ဖြစ်မှာ နည်းစေနိုင်လောက်တယ်လို့ ဆိုပါသေးတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ တနေ့မှာ အိုမီဂါ-သရီး 500 mg + EPA + DHA လိုအပ်တယ်လို့ သတ်မှတ်ထားပါတယ်။ ငါးတွေမှာ အဲတာတွေပါတယ်။ ဒါပေမဲ့ Cod liver oil ငါးကြီးဆီထဲမှာ retinol ဗီတာမင်အေများလွန်းတယ်။
အိုမီဂါ-သရီးကြောင့် ရောင်ခြင်းဖြစ်စဉ်ကို လျော့နည်းစေတယ်။ နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်နာရောဂါတွေကို သက်သာစေမယ်လို့ ယူဆ စရာအကြောင်း ရှိနိုင်တယ်။ စားတဲ့အထဲကပါတဲ့ ဒီဓာတ်ဟာ ဦးနှောက်မှာ အများကြီးလာစုနေတယ်။ ဒါ့ကြောင့် ဦးနှောက်မှတ်ဉာဏ်၊ စဉ်းစားမှုနဲ့ အမူအယာအလုပ်တွေအတွက် အရေးပါတာ ဖြစ်နိုင်တယ်။ တကယ်လို့ မိခင်ဆီကနေ အိုမီဂါ-သရီး အလုံအလောက်မရရင် ကလေးဟာ အမြင်ဆိုင်ရာနဲ့ အာရုံ ကြောတွေမှာ အားနည်းနိုင်တယ်။
EPA နဲ့ DHA ဓာတ်တွေပါတဲ့အစားအသောက်ဟာ ကိုယ်ဝန်အတွက်ကောင်းတယ်လို့ ဆေးသုတေသနတွေဆိုလာတာ နှစ်သိပ်မကြာသေးပါ။ ကလေး ဖွံ့ဖြိုးမှုကို ကောင်းမွန်စေတယ်လို့ဆိုပါတယ်။ အမြင် နဲ့စဉ်းစားမှု။ အိုမီဂါ-သရီးတွေထဲက EPA နဲ့ DHAတွေပါတာ ဆာလ်မွန်၊ ကျူနာ၊ ဟာလီဘတ်ငါးတွေ ဖြစ်တယ်။ ပင်လယ်စာတွေ၊ အပင်တွေနဲ့ အစေ့အဆံကရတဲ့ အဆီတွေမှာလဲပါတယ်။ ALA ဆိုတာက နှမ်းကြတ်စေ့၊ နှမ်းကြတ်ဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်စေ့၊ ပဲပုပ်စေ့ဆီ၊ ဖရုံစေ့၊ ဖရုံစေ့ဆီ၊ သစ်ကြားသီး၊ သစ်ကြားစေ့ဆီတွေကနေရတယ်။
DHA ဆေးကနာမည်တော့ကြီးပါတယ်။ ဒါပေမဲ့ ထိရောက်နိုင်တာတွေက AMD အသက်ကြီးလို့ ချို့ယွင်းလာတာတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကိုလက်စထရောများတာတွေဖြစ်တယ်။
ကိုယ်ဝန်ဆောင်နဲ့ကလေးနို့တိုက်ချိန်မှာ မသင့်ပါလို့ တချို့သုတေသနကဆိုတယ်။ Aspirin ဆေး နဲ့တွဲသောက်ရင် သွေးခဲစနစ်ကို သက်ရောက်စေနိုင်တယ်။ သကြားဓာတ်တက်စေနိုင်တယ်။ သွေးတိုးကျ စေလို့ သွေးကျဆေးနဲ့တွဲရင် ဆေးထိန်းရခက်တယ်။
ကိုယ်ဝန်ဆောင်တွေအပါအဝင် ဘယ်လိုအခြေအနေနဲ့ ရောဂါတွေဖြစ်ဖြစ် အခြေခံကျတာနဲ့ အဓိက ဦးစားပေးရမှာတွေကို အာရုံစိုက်သင့်တယ်။ အဲဒါတွေအပြင်သာ ကြိုက်တာကို စနစ်တကျရွေးသင့်တယ်။ နာမည်ကြီးလို့၊ ခေတ်စားလို့ နောက်ဆုံးပေါ်မို့ လိုက်လုပ်တာထက် ကျန်းမာရေးဆိုရင် ဆရာဝန်က ညွှန်တာသာသုံးသင့်ကြပါတယ်။ ကြော်ငြာကောင်းတိုင်း ဆေးပိုမကောင်းပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)