Healthy Life Ad
Life Style

မိဘသဘောမတူလို့ နှလုံးသားကို စတေးလိုက်တယ်ဆရာ . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

အသက် ၁၈ နှစ်အရွယ် ခင်နန္ဒီဟာ မိဘနှစ်ပါး နဲ့အတူ ဆရာ့ဆီကို ရောက်လာခဲ့ပါတယ်။ ဆရာနဲ့ တွေ့တွေ့ချင်း သူက စကားတွေကို ရေပက်မဝင်အောင် ခပ်သွက်သွက်ပြောပါတော့တယ်။

“ဆရာ . . တွေ့ရတာ ဝမ်းသာပါတယ်။ သမီးနာမည်က ခင်နန္ဒီပါ။ တက္ကသိုလ် ပထမနှစ်တက်နေပါတယ်။ ဆရာနဲ့ တွေ့တွေ့ချင်း သမီးအကြောင်း ပြောပြချင်လို့ပါ။ သမီး ရှစ်တန်းတုန်းက မိဘတွေ သဘောမတူလို့ နှလုံးသားကို စတေးလိုက်ရတယ်။ သုံးနှစ်သုံးမိုးတိတိ ငိုကြွေးခဲ့ပါတယ်။ ဒါပေမဲ့ သမီး ချစ်သူနဲ့ အပြန်အလှန် နားလည်မှု ယူခဲ့တယ်။

မက်ဆေ့ချ်တွေ အပြန်အလှန်ပို့တယ်။ ရင်ဖွင့်စရာတွေ ရှိလာရင်လည်း မက်ဆေ့ချ်ပို့ပြီး ရင်ဖွင့်ပါတယ်။ ဒါပေမဲ့ ဒီ့ထက်ပိုပြီးအပြန်အလှန်အသေးစိတ်ပြောဖို့လိုလာတဲ့အခါကျတော့ သမီးချစ်သူတွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ရွှေထူးတို့ကို ရင်ဖွင့်ရပါတယ် ဆရာ။ သူတို့နှစ်ယောက်ကို ရင်ဖွင့်ပေမယ့် သမီးယူဖို့ စဉ်းစားထားတာက စိုင်းစိုင်းခမ်းလှိုင်ပါ ဆရာ။ ဘာဖြစ်လို့လဲဆိုတော့ သမီးနဲ့ စိုင်းစိုင်းက ဉာဏ်ထက်တာချင်းတူတယ်လေ။ ခံစားချက်ချင်းလည်းတူတယ်။ ဝဏ္ဏတို့၊ လွှမ်းပိုင်တို့၊ ရဲရင့်အောင်တို့ကတော့ အခင်ဆုံးသူငယ်ချင်းအဆင့်ပါပဲ။ အောင်ထက်တို့၊ မနောတို့ကျတော့ ရိုးရိုးသာမန်သူငယ်ချင်းအဆင့်ပဲ သဘောထားတယ် ဆရာ . . .

အပြန်အလှန်အသေးစိတ်ပြောဖို့ လိုလာတဲ့အခါ ကျတော့ သမီးချစ်သူတွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ရွှေထူးတို့ကို ရင်ဖွင့်ရပါတယ်ဆရာ။ သူတို့ နှစ် ယောက်ကို ရင်ဖွင့်ပေမယ့် သမီးယူဖို့စဉ်းစားထား တာက စိုင်းစိုင်းခမ်းလှိုင်ပါဆရာ။ ဘာဖြစ်လို့လဲဆိုတော့ သမီးနဲ့ စိုင်းစိုင်းက ဉာဏ်ထက်တာချင်း တူတယ်လေ။ ခံစားချက်ချင်းလည်း တူတယ်။ ဝဏ္ဏတို့၊ လွှမ်းပိုင်တို့၊ ရဲရင့်အောင်တို့ကတော့ အခင်ဆုံး သူငယ်ချင်းအဆင့်ပါပဲ . . .

ပြောရရင် သမီးက ဆရာဝန်လည်း ဟုတ်တယ်၊ နှလုံးအထူးကုလည်း လုပ်တယ်။ ကုသိုလ်ကောင်းမှုလည်း လုပ်တယ်။ ဖေ့စ်ဘွတ်ခ်ကိုလည်း စနစ်တကျသုံးတယ် ဆရာ။ သူများတွေလို အကောင့်တုတွေနဲ့ မသုံးဘူး။ ဒါနဲ့ အဆိုတော် ထက်ယံနဲ့လည်း အခင်ဆုံး မိတ်ဆွေတွေပါပဲ။ ဒါပေမဲ့ သူက အိုသွေးမဟုတ်ဘူး ဆရာ။ သမီးက အိုသွေး . . အိုသွေးတွေက အချစ်ကြီးသလောက် အမျက်ကြီးတယ် . . သူကတော့ အိုသွေးနဲ့ အေသွေးရောနေတော့ အချစ်ရေးက အေးဆေးပါပဲ။

သမီးကတော့ အိုသွေးဆိုတော့ ဦးနှောက်ကို ဦးစားမပေးဘူး။ နှလုံးသားကို ဦးစားပေးတယ်။ ဒါပေမဲ့လည်း နှလုံးသားချင်း ရင်းနှီးရင် ပြီးရော၊ ဦးနှောက်နဲ့ စဉ်းစားပါတယ်။ နှလုံးသားချင်း ရင်ခုန်သံတူရင် ကိုယ့်အနားရောက်လာလိမ့်မယ်။ ကျန်တာတွေတော့ ခေါက်ထားလိုက်တယ်။

ပြီးတော့ သမီးက သီချင်းလည်းရေးတယ် ဆရာ။ သီချင်းလည်း ဆိုတယ်။ သမီး အခုသီချင်း တစ်ပုဒ်ဆိုပြရမလား ဆရာ”ဆိုပြီး လင်းနစ်ရဲ့ ဒီဇင်ဘာည သီချင်းတစ်ပုဒ်လုံး ဆိုပြပါတော့တယ်။

“အပြင်မှာ နှင်းတွေ ကျဆင်းလို့နေပြီ . . .

အိပ်မက် ဟောင်းငယ် ရင်ထဲ ရောက်လာသည်၊

ငါမလိုချင်သော နာရီများ . . .

လွန်ဆန်ချင်နေလည်း၊ မျှော်လင့်ခြင်းတွေ

ငါ မုန်းလိုက်ချင်ပြီ . . .

ဒီလို ညတွေ ကုန်ဆုံးလိုက်ချင်ပြီ. . .

မြူမှုန်တွေရဲ့ခြေသံလေး

နင်ပြန်မလာတော့ဘူးလား . .

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ ဆုံနေ ကျ . .ဟိုအရင်က အပြာရောင် အိပ်မက်လေးကို ပြန်လည်တမ်းတရင်း ကြေကွဲ . . .

ငါ ငိုနေဆဲယုံပါကောင်မလေးရေ . .” အစချီပြီး သီချင်းတစ်ပုဒ်လုံးကိုဆိုပြပါတော့တယ်။

ဒါ့အပြင်-
“သမီးသွေးကို ဖောက်ထုတ်လိုက်ရင် အချစ် စိတ်တွေပြည့်နေမှာ ဆရာ . .”ဆိုပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ အချစ်သီချင်းတစ်ပုဒ်ကို ထပ်ဆိုပြပြန်ပါတယ်။

ခင်နန္ဒီဟာ ဆရာ့ကို စကားတွေလည်း ရေပက်မဝင်အောင် ပြောလိုက်၊ သီချင်း တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုပြလိုက်နဲ့ သီချင်း ငါးပုဒ်လောက် ဆိုပြသွားပါတယ်။

“ဆရာ ဘာကူညီပေးရမလဲ ပြောပြပါဦး”လို့ ဆိုတော့ ခင်နန္ဒီက-
“သမီးက အိပ်တာ အသားကုန်အိပ်တယ်၊ စားတာလည်း အသားကုန် စားတယ်။ ဒါပေမဲ့ ဦးနှောက် အရမ်းသုံးရတော့ ပင်ပန်းတယ်။ ဦးနှောက်နဲ့ အာရုံကြောအားကောင်းအောင် လုပ်ပေးပါ ဆရာ”လို့ တောင်းဆိုပါတယ်။

“ဒါဆိုရင် သမီး သီချင်းကောင်းကောင်းရေးနိုင်၊ စဉ်းစားနိုင်အောင် ဦးနှောက်ထဲ သွေးလှည့်ပတ်မှု မှန်မယ့်ဆေး ပေးလိုက်မယ်။ ဦးနှောက်နဲ့ အာရုံကြောတွေ ကောင်း၊ မကောင်းရယ်၊ တခြားခန္ဓာကိုယ်အခြေအနေတွေမှာ ဘာတွေ ဖြည့်စွက်ပေးဖို့ လိုသေးသလဲဆိုတာကို သိအောင် သွေး၊ ဆီး၊ ဝမ်းတွေ စစ်ပေးမယ်” ဆိုတော့ သူက လက်ခံပါတယ်။
_ _ _

“အိမ်မှာလည်း သူ့ကိုယ်သူ အဆိုတော်တွေနဲ့ ချစ်သူတော်တယ်ဆိုပြီး တစ်ချိန်လုံး ပြောနေတာ ဆရာ . . ကျွန်မတို့မှာ သူ့ကို စကားပြန်မပြောရင်လည်း အအော်ခံရတယ်”လို့ မိဘတွေကလည်းပြောပါတယ်။

တကယ်တော့ ခင်နန္ဒီမှာ စိတ်ကြွရောဂါဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရပြီး ရှိရှိသမျှ အဆိုတော်တွေထဲက နာမည်အကြီးဆုံး အဆိုတော်တွေနဲ့ ခင်မင်တယ်၊ ချစ်သူတော်တယ်၊ သူငယ်ချင်း ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဒါကြောင့် လောလောဆယ် သွေး၊ ဆီး၊ ဝမ်း စတဲ့ အထွေထွေ ကျန်းမာရေး စစ်ဆေးမှုတွေကို ပြုလုပ်ပေးပြီး စိတ်ကြွရောဂါ ဝေဒနာလက္ခဏာ သက်သာစေမယ့် ဆေးတွေကို ပေးထားရင်း နောက်တစ်ပတ်မှာ ပြန်လာပြဖို့မှာလိုက်ရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top