Healthy Life Ad
Health Tips

နှလုံးရောဂါမဖြစ်စေရန် ကာကွယ်ရုံသာမက စိတ်ဖိစီးမှုကိုပါပြေလျော့စေမည့် နည်းလမ်းကောင်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

စိတ်ဖိစီးမှုဟာ နှလုံးအပေါ် သိသိသာသာ သက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုကို တာရှည်ခံစားနေရရင် ကိုယ်ခံစွမ်းအားစနစ်က ကော်တီစောနဲ့ အဒရီနယ်လင်ဟော်မုန်းတွေ၊ ဆိုင်တိုကိုင်းလို့ခေါ်တဲ့ ရောင်ရမ်းမှု ပရိုတင်းဓာတ်တွေ ထွက်ရှိလာပါတယ်။ နာတာရှည်ရောင်ရမ်းမှုကြောင့် သွေးလွှတ်ကြောတွေမာကျောလာပြီး နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။

– တစ်နေ့ အနည်းဆုံး တစ်ကြိမ် ရယ်မောပါ
စိတ်ဖိစီးမှုများစေတဲ့ ရုပ်ရှင်ကို ကြည့်တဲ့သူနဲ့ ဟာသဇာတ်လမ်းကြည့်တဲ့သူကို နှိုင်းယှဉ်လေ့လာခဲ့တဲ့အခါ စိတ်ဖိစီးမှုများတဲ့ ရုပ်ရှင်ကြည့်သူမှာ သွေးစီးဆင်းမှုက ၃၅ရာခိုင်နှုန်း လျော့ကျမှုရှိပြီး ရယ်မောပျော်ရွှင်သူရဲ့သွေးစီးဆင်းမှုက ၂၂ ရာခိုင်နှုန်း ပိုမိုကောင်းမွန်မှုရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

– ကျေးဇူးတင်ထိုက်သူများကို သတိရပါ
ကယ်လီဖိုးနီးယားတက္ကသိုလ် လေ့လာမှုတစ်ခုအရ နေ့စဉ်ကျေးဇူးတင်ထိုက်သူဦးရေ စာရင်းပြုစုတာကြောင့် ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ပြီး သွေးဖိအားကျဆင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျရတယ်လို့သိရပါတယ်။ ကျေးဇူးတင်ထိုက်သူ စာရင်းကို တစ်နေ့တစ်ကြိမ်ရေးတာကြောင့် သင့်ကို ချစ်ခင်ကြင်နာသူပေါများကြောင်း သိရှိပြီး စိတ်ချမ်းသာပျော်ရွှင်မှုကို ရရှိစေပါတယ်။

– အချစ်တော် အိမ်မွေးတိရစ္ဆာန်ကို ပွေ့ဖက်ပါ
လေ့လာမှုတစ်ခုအရ အချစ်တော် အိမ်မွေးတိရစ္ဆာန်ကို စကားပြောတာ ဒါမှမဟုတ်ခွေးလေးကို ပြုစုယုယထွေးပွေ့တာတို့ကြောင့် သွေးတိုးကိုကျစေတာကိုတွေ့ရပါတယ်။ အချစ်တော်အိမ်မွေးတိရစ္ဆာန်လေးကို ပွတ်သပ်တာ၊ ဆော့ကစားတာတို့ကြောင့် စိတ်ဖိစီးမှုလျော့ကျပြီး အနားရစေကာ နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။

– တစ်ည ၇-၈ နာရီ အိပ်စက်အနားယူပါ
ခန္ဓာကိုယ်က အင်တီအောက်ဆီးဒင့်ထွက်ရှိပြီး အနာကျက်ဖို့၊ ဒီအင်န်အေပြန်လည်ပြုပြင်ဖို့နဲ့ အို မင်းမှုတားအင်ဇိုင်းတယ်လိုမားရေစ့်ရဲ့ လုပ်ဆောင်မှုကိုအားပေးဖို့အတွက် အိပ်စက်မှုက အရေးကြီးပါတယ်။ အမျိုးသမီးရှစ်သောင်းကျော်ကို လေ့လာမှု တစ်ခုအရ အိပ်မပျော်တာက နှလုံးရောဂါ ဖြစ်နှုန်း အမြင့်ဆုံးရှိတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ တစ်ညမှာ ခုနစ်- ရှစ်နာရီအိပ်ချိန်ရှိသူတွေက နှလုံးရောဂါဖြစ်နှုန်း ၅၀ရာခိုင်နှုန်းလျော့နည်းနေပြီး စိတ်ဖိစီးမှုလည်း သိသိသာသာလျော့ကျမှုရှိပါတယ်။

– နေခြည်နုနုထဲတွင် အချိန် ၁၅ မိနစ်ခန့် လမ်းလျှောက်ပါ
နေခြည်နုနုဟာ ခန္ဓာကိုယ်ရဲ့ သဘာဝ ဇီဝနရီနဲ့ ပိုင်နီရယ်ဂလင်းကို လှုံ့ဆော်တဲ့နည်းနဲ့ စိတ်ကျဝေဒနာကို ပြေလျော့သက်သာစေပါတယ်။ နေခြည်နုနုခံယူတာကြောင့် အရေပြားကနေ နှလုံးကျန်းမာစေတဲ့ ဗီတာမင်ဒီထွက်ရှိစေပါတယ်။ အရေပြားက နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ သွေးထဲမှာထွက်လာတဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ သွေးဖိအားကို ကျဆင်းစေပါတယ်။

– ထိုက်ချိလေ့ကျင့်ခန်း လုပ်ပါ
ထိုက်ချိလေ့ကျင့်ခန်းဟာ လက်မောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီး အသက်ရှူဝစေကာ ခန္ဓာကိုယ်ဟန်ချက်ညီစေတဲ့အပြင် ကိုယ်အလေးချိန်ကို ထိန်းနိုင်ပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်မှု ကောင်းစေပြီး သန်စွမ်းကြံ့ခိုင်စေပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကတို့ကို ပြေလျော့စေပြီး နှလုံးကျန်းမာရေးကို သိသိသာသာကောင်းစေပါတယ်။

– အိမ်ထောင်ဖက်နှင့် ချစ်တင်းနှီးနှောပါ
တစ်ပတ်မှာ အနည်းဆုံးနှစ်ကြိမ် အိမ်ထောင်ဖက်နဲ့အတူချစ်တင်းနှီးနှောတဲ့ အမျိုးသားတွေက တစ်လမှာ တစ်ကြိမ်သာ အတူနေသူတွေထက် နှလုံးရောဂါအမောဖောက်နှုန်း တစ်ဝက်နီးပါး လျော့ကျမှုရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

– လူမှုရေး အသင်းအဖွဲ့များတွင် ပါဝင်ပါ
လူမှုအသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှုများလေလေ၊ အရွယ်မတိုင်ခင် စောစောသေဆုံးနိုင်ခြေလျော့ နည်းလေလေဖြစ်တယ်လို့လူသုံးသိန်းကျော်ကို လေ့လာမှုအရ သိရပါတယ်။ အထီးကျန်တာက နှလုံးအပေါ် ဖိအားသက်ရောက်စေတာကြောင့် စိတ်ကျဝေဒနာလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိမ်နီး ချင်းတွေနဲ့ ခင်ခင်မင်မင်နေပါ၊ အလုပ်မှာ အပေါင်းအသင်းတွေနဲ့ ပေါင်းဖော်ပါ။ အပေါင်းအသင်းများတာကြောင့် စိတ်ဖိစီးမှုပြေလျော့ပြီး နှလုံးကျန်းမာရေးလည်း ကောင်းမွန်နေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top