Healthy Life Ad
Life Style

ဆီးချိုရောဂါနှင့် တုပ်ကွေးရောဂါ

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆီးချိုသွေးချိုရောဂါရှိသူတွေအဖို့ ယခုတလောမှာ လူအများကြောက်ရွံနေကြရတဲ့ တုပ်ကွေးရောဂါကို ဘယ်လိုအထူးသတိပြုရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။
တုပ်ကွေးရောဂါဖြစ်တဲ့လူနာတွေကို ရာသီရောက်တိုင်း နှစ်စဉ်တွေ့နေကျဖြစ်ပါတယ်။ တုပ်ကွေးဖြစ်တဲ့ လူနာတွေကို တုပ်ကွေးလေးပါပဲ၊ ဘာမှ စိတ်မပူပါနဲ့။ တခြားပိုးတွေဝင်တာလောက် မစိုးရိမ်ရပါဘူး။ သုံးရက်အလွန်ဆုံးဖျားပြီးရင် သူသဘောသူဆောင်ပြီး၊ ကိုယ်ခံအားနဲ့ပြန်တိုက်ထုတ်လိုက်လို့ ပျောက်သွားတာ များပါတယ်။ အလွန်ဆုံးချောင်းဆိုးကျန်တာကလည်း တစ်ပတ်နှစ်ပတ်ဆိုပြန်ကောင်းသွားကြမှာပါ။ ဒီလိုပဲရှင်းပြနေကျဖြစ်ပါတယ်။

ဒီတုပ်ကွေးကို သာမန်ပိုးသတ်ဆေးတွေ ဆေးတောင့်တွေပေးပြီးကုတာနဲ့ မပေးဘဲကုတာသိပ်မထူးပါဘူး။ ယခုပိုးသတ်ဆေးတွေက တုပ်ကွေးကဲ့သို့သော ဗိုင်းရပ်စ်ပိုးအုပ်စုကို သတ်တဲ့ဆေးတွေ မဟုတ်ပါဘူး။ ဘက်တီးရီးယားပိုးအုပ်စုကိုပဲ သတ်နိုင်တာပါ။ ဒါကြောင့် တုပ်ကွေးဖြစ်ရင် ပိုးသတ်ဆေးမပေးဘဲ ကုတာက ပိုသဘာဝကျပါတယ်။ ဒါပေမဲ့ တုပ်ကွေးဖြစ်ပြီး လိုက်လာတတ်တဲ့ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးတွေ ဆက်ဝင်လာတာကို ကာကွယ်ထားဖို့ရည်ရွယ်ပြီး ပိုးသတ်ဆေးကြိုပေးထားကြတာဖြစ်ပါတယ်။
အရင်ဦးဆုံးရှုပ်ထွေးလှတဲ့ တုပ်ကွေးပိုးတွေအကြောင်း အကြမ်းဖျင်းပြောရရင် Influenza Virusတုပ်ကွေးပိုး အုပ်စုကြီးလေးခုရှိပါတယ်။ A ၊ B ၊ C ၊ D ရယ်လို့ ခွဲခြားထားပါတယ်။ A နဲ့ B ကလူတွေမှာဖြစ်လေ့ရှိတဲ့ တုပ်ကွေးပိုးတွေဖြစ်ပါတယ်။ တုပ်ကွေးပိုး A အမျိုးအစားကတော့အများဆုံးနဲ့ အပြင်းထန်ဆုံးပါပဲ။

C အမျိုးအစားကအလွန်ပျော့တဲ့ပိုးဖြစ်လို့ တစ်ကမ္ဘာလုံးပြန့်သွားတာမျိုးမရှိပါဘူး။ D အမျိုးအစားပိုးကတော့ လူမှာမဖြစ်ပါဘူး။ တိရစ္ဆာန်မှာပဲဖြစ်တဲ့ ပိုးတွေပါ။ အဓိကလူတွေမှာ A နဲ့ B ပဲဖြစ်ပြီး ဒုက္ခ တကယ်ပေးပြီး ပြင်းထန်တာက A တုပ်ကွေးပိုး အသစ်တွေ ပေါ်ပေါက်လာလို့ပဲဖြစ်ပါတယ်။ လူတွေမှာဖြစ်တဲ့ တုပ်ကွေးအမျိုးအစားတွေကတော့ H1N1,H1N2, H3N2,H2N2, H5N1 စတာတွေဖြစ်ပါတယ်။
တုပ်ကွေးပိုးမှာ ဖွဲ့စည်းထားတဲ့ အခြေခံအိပ်ချ် H နဲ့ အင် N ပရိုတင်းဓာတ်တွေဟာ အမျိုးပေါင်းများစွာရှိပါတယ်။ ဒီတိကျတဲ့ ပရိုတင်းတွေပြုလုပ်တာကို gene ဗီဇတွေက ထိန်းချုပ်ပါတယ်။ တုပ်ကွေးပိုးတွေရဲ့ ထူးခြားချက်တစ်ခုကတော့ ဒီ gene ဗီဇတွေဟာ မတည်ငြိမ်ဘဲ အမြဲတမ်းပြောင်းလဲနေပါတယ်။ အိပ်ချ်အမျိုးအစားပရိုတင်းက ၁ မှ ၁၈ အထိ စုစုပေါင်း ၁၈ မျိုးရှိပါတယ်။ N အင်န်အမျိုးအစားပရိုတင်းက ၁ မှ ၁၁ အထိ ၁၁ မျိုးရှိပါတယ်။ ဒီဗီဇ gene တွေဟာ ပိုးအသစ်တွေပွားနေစဉ် တည်ဆောက်မှုမတိကျဘဲ အနည်းငယ်စီ ပြောင်းလဲသွားတတ်ပြီး မူလမိခင်ပိုးနဲ့မတူတော့ဘဲ ရုပ်ပြောင်းပေးလိုက်သလိုဖြစ်သွားပါတယ်။ ဒီလိုအသေးစား ရုပ်ပြောင်းတာကတော့ ရာသီတုပ်ကွေးလို့ခေါ်တဲ့ နှစ်စဉ်လာနေကျ တုပ်ကွေးတွေမှာ အမြဲရှိပါတယ်။ Antigenic drift လို့ခေါ်ပါတယ်။ တစ်ခါတရံ H နဲ့ N ရဲ့ ဗီဇ(နံပါတ်) အမျိုးအစားတွေပြောင်းပြီး တွဲလိုက်ရင် တုပ်ကွေးပိုးအသစ်တစ်မျိုး ပေါ်ပေါက်လာတတ်ပါတယ်။ ဒါကို Antigenic drift အကြီးစား ရုပ်ပြောင်းခြင်းလို့ ခေါ်နိုင်ပါတယ်။ အဲဒီအခါဖြစ်နေကျတုပ်ကွေးမဟုတ်လို့ (ဥပမာပေးရရင် ရန်သူက ရုပ်ပြောင်းလိုက်သလိုဖြစ်သွားပြီး) ခန္ဓာကိုယ်ရဲ့ ခုခံအား အင်တီဘော်ဒီ antibody(စစ်သားတွေနဲ့ နှိုင်း ယှဉ်လို့ရပါတယ်)တွေက ဒီတုပ်ကွေးဗိုင်းရပ်စ် အသစ်ကိုလုံးဝမသိနိုင်၊ မတွေ့နိုင်တော့ဘဲ လွတ်သွားမှာဖြစ်ပါတယ်။ ပိုးတွေဝင်လာတာကို မသတ်နိုင်တော့ဘဲ ပိုးရဲ့တိုက်ခိုက်တာကို အလူးအလဲခံရပါမယ်။ ခန္ဓာကိုယ်ထိခိုက်ခံရပြီးမှ အတွေ့အကြုံအသစ် နဲ့ခုခံအားအသစ် တည်ဆောက်ရပြန်ပါတယ်။ နောက်တစ်ခါဒီပိုးပဲသာဆို သတ်နိုင်၊ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
အခုလိုအမြဲပြောင်းလဲနေတဲ့အတွက်

တုပ်ကွေးက တစ်နှစ်နဲ့တစ်နှစ် ပြင်းထန်တာမတူပါဘူး။ တုပ်ကွေးရောဂါက ပြင်းထန်တဲ့အမျိုးအစားတွေ ဖြစ်လာရင်၊ အထူးသဖြင့် မျိုးရင်းအသစ်ပေါ်ပေါက်လာရင် အသေအပျောက် ပိုများပါတယ်။ ယခုတလောဖြစ်နေကျ ရာသီတုပ်ကွေးထဲမှာရောနှောပြီး ၂၀ဝ၉ခုနှစ်က တစ်ကမ္ဘာလုံးမှာဖြစ်ခဲ့ဖူးတဲ့ ၂၀ဝ၉ H1N1 Pandemic တုပ်ကွေးမျိုးသစ်ကို ပြန်တွေ့လာခြင်း ဖြစ်ပါတယ်။

ဒီတုပ်ကွေးအသစ်က ၂၀ဝ၉ ခုနှစ်က တစ်ကမ္ဘာလုံးဖြစ်သွားတဲ့ ပိုးအပြင်းစား တုပ်ကွေးပဲ ဖြစ်ပါတယ်။
ဒီ H1N1 2009 pandemic(Swine flu) တုပ်ကွေးပိုးကတော့ Origin မူလက ဝက်တုပ်ကွေးပိုးဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်လောက်က ဝက်တွေမှာ ဖြစ်နေတာစတင်တွေ့ရှိခဲ့ပါတယ်။ လူတွေကို သိပ်ကူးစက်လေ့မရှိပါဘူး။

ဒါပေမဲ့ ၂၀ဝ၉ H1N1 flu ဝက်တုပ်ကွေးကတော့ ဝက်တုပ်ကွေးအစစ်လိုမဟုတ်ဘဲ လူ-လူ ချင်းလည်း ကူးစက်နိုင်တဲ့ တုပ်ကွေးဖြစ်နေပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံး ပြန့်နှံ့သွားခဲ့ပါတယ်။ ပိုအရေးကြီးတာက ရောဂါပိုပြင်းထန်လို့ ကြောက်ရပါတယ်။ ဒီပိုးအသစ်ဖြစ်ပေါ်လာရပုံကတော့ ဝက်ရဲ့ ကိုယ်ထဲမှာ ဝက်တုပ်ကွေး၊ လူတုပ်ကွေးနဲ့ ငှက်တုပ်ကွေးပိုးအတူဆုံတွေ့ပြီး H နဲ့ N ပရိုတင်းရဲ့ gene ဗီဇအပိုင်းတွေ ရောနှောပေါင်းစပ်ပြီး တုပ်ကွေးပိုးအသစ်တစ်မျိုးဖြစ်လာတာလို့ ယူဆပါတယ်။ ပြင်းလည်းပြင်း၊ ကူးလည်းကူးစက်နိုင်တော့ ပိုဆိုးသွားစေပါတယ်။ တုပ်ကွေးပိုးရဲ့ အန္တရာယ်ဘယ်လောက်ကြီးပါသလဲဆိုတာ ကြည့်ကြပါမယ်။ သာမန်ဖြစ်နေကျ တုပ်ကွေးတွေလည်း အသက်အန္တရာယ်ရှိပါတယ်။

အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်းပြုလုပ်ထားတဲ့ စစ်တမ်းအရ တစ်နှစ်မှာ တုပ်ကွေးကြောင့် လူ ၃၆၀ဝ၀ သေနှုန်းရှိပြီး ၂သိန်းကျော်ခန့် ဆေးရုံတက်ရောက်ရတဲ့အထိရှိပါတယ်။ ဒါကြောင့် ရှေ့မှာဖော်ပြထားသလို တုပ်ကွေးဟာ အမြဲစိတ်ပူစရာမရှိတဲ့ရောဂါမဟုတ်ပါဘူး။ သက်ကြီးရွယ်အိုတွေ၊ တခြားရောဂါတွေ ဥပမာ-နှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါရှိသူတွေမှာ သာမန်တုပ်ကွေးဖြစ်ရင်တောင် ပိုပြီး ဆိုးတတ်ပါတယ်။ နောက်ဆက်တွဲတွေကြောင့် ရောဂါပိုဆိုးပြီး ကြာတတ်ပါတယ်။ အဆုတ်ရောင်နမိုးနီးယားရောဂါ၊ လေပြွန်ရောင်ရောဂါ၊ နားပြီယိုရောဂါ၊ နှလုံးရောင် ရောဂါစတဲ့ ဆင့်ပွားရောဂါတွေဖြစ်တတ်ကြပါတယ်။ ယခုပေါ်လာတဲ့ တုပ်ကွေးပိုး H1N1 ဟာ ၁၉၁၈ မှ ၁၉၁၉ က တစ်ကမ္ဘာလုံးမှာ လူဦးရေ သန်းပေါင်း၅၀မှ သန်း ၁၀ဝ ကို သေစေခဲ့ဖူးပါတယ်။၂၀ဝ၉ခုနှစ်က တဖန် H1N12009 pdm မျိုးစိတ်အသစ်အနေနဲ့ ထပ်မံပေါ်ပေါက်ခဲ့ပြန်ပါတယ်။

အမေရိကန်က CDC ရဲ့ခန့်မှန်းချက်အရ H1N1 ၂၀ဝ၉ တုပ်ကွေးကြောင့် စုစုပေါင်းသေဆုံးသူ တစ်ကမ္ဘာလုံးမှာ ၂၈၄çဝ၀ဝ နှစ်သိန်းကျော်ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
သေဆုံးသူရဲ့ ၈၀% ဟာ အသက် ၆၅နှစ် အောက်(၁၇ မှ ၆၄နှစ်)မှာဖြစ်တာတွေ့ရလို့ ဖြစ်နေကျတုပ်ကွေးနဲ့မတူဘဲ အသက်ပိုငယ်သူတွေဖြစ်နေတာ တွေ့ရပါတယ်။ အသက် ၆၅ နှစ်ကျော်သူ တွေဟာ ပုံမှန်တုပ်ကွေးမှာသေဆုံးသူတွေရဲ့ ၉၀% ဖြစ်ပေမယ့် H1N1 ၂၀ဝ၉မှာတော့ သေဆုံးသူတွေ ရဲ့ ၂၀%ပဲဖြစ်နေပါတယ်။ တနည်းအားဖြင့် ခြုံပြောရရင် ပုံမှန်တုပ်ကွေးမှာ အားနည်းတဲ့သက်ကြီးရွယ် အိုတွေပိုခံရပေမယ့် ပြင်းထန်တဲ့တုပ်ကွေးမှာ ခုခံအားကောင်းတဲ့ လူလတ်တွေလည်း မခံနိုင်ဘဲသေနိုင်တယ်လို့ ယူဆရပါတယ်။
တုပ်ကွေးကို ကာကွယ်တဲ့ကာကွယ်ဆေးတွေ ရှိပေမယ့် တုပ်ကွေးက တခြားဗိုင်းရပ်စ်တွေ ဥပမာ ဝက်သက်ရောဂါလိုမျိုး ကာကွယ်ဆေးတစ်ခါထိုးရုံနဲ့ တစ်သက်စာ ရောဂါပြီးသွားတာ၊ ကာကွယ်ဆေး အောင်သွားတာမျိုးမရှိပါဘူး။ တစ်နှစ်တစ်ခါ အသစ်ပြန်ထိုးနေရပါမယ်။
တုပ်ကွေးကာကွယ်ဆေးကို ဘာကြောင့် တစ်နှစ်တစ်ခါပြန်ထိုးပေးနေရသလဲဆိုတော့ အထက်မှာ ဖော်ပြထားတဲ့ တုပ်ကွေးပိုးတွေရုပ်ပြောင်းနေလို့ပါပဲ။ ဒါကြောင့်လည်း တုပ်ကွေးက နှစ်စဉ်ပြန်ဖြစ်နိုင်သလို၊ ကာကွယ်ဆေးကလည်း အသစ်ပေါ်ပေါက်လာတဲ့ ပိုးအမျိုးအစားကိုသိပြီးမှ တိကျတဲ့ ကာကွယ်ဆေးအသစ်ကို နှစ်စဉ်ဖော်ထုတ်ရမှာဖြစ်ပါတယ်။ဆေးကို ရာသီမရောက်မီ အချိန်မီ ဖော်ထုတ်ဖြန့်ဖြူးနိုင်ဖို့လိုပါတယ်။

ဆီးချိုရောဂါရှိသူတွေနဲ့ တုပ်ကွေးအကြောင်းကိုဆက်လက်ဖော်ပြပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top