Healthy Life Ad
Women

ရှင်းပြပါဆရာ . . . (၃) ‘မီးနေသည် စိတ်ကျရောဂါနှင့် မီးနေသည် စိတ္တဇရောဂါ’

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စာရေးသူ ကုသခဲ့တဲ့ လူနာတွေ၊ လူနာရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ စိတ်ကျန်းမာရေး သင်တန်းသားတွေနဲ့ စိတ်ကျန်းမာရေးဝန်ထမ်းတွေက သူတို့သိချင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို မေးမြန်းလေ့ရှိပါတယ်။ အဲဒီအတွေ့အကြုံတွေကို ပြန်လည်စဉ်းစားပြီး “ရှင်းပြပါဆရာ” ဆောင်းပါးစဉ်ကို ဆက်လက်ရေးသားလိုက်ပါတယ်။ အခုအပတ်မှာတော့ သားဖွားပြီးစမိခင်တွေမှာ ဖြစ်ပွားတတ်တဲ့ “မီးနေသည် စိတ်ကျရောဂါ” (Post-partum Depression) နဲ့ “မီးနေသည် စိတ္တဇရောဂါ” (Postpartum Psychosis) အကြောင်းကို ရှင်းပြဖို့ အခွင့်အရေး ပေါ်ပေါက်လာတယ်။

ဂျမ်မာက စာရေးသူရဲ့ မိတ်ဆွေဖြစ်ပါတယ်။ သားဖွားမီးယပ် သူနာပြုဆရာမတစ်ဦးဖြစ်တယ်။ သားဖွားပြီးစ မိခင်တွေကို အိမ်တိုင်ရာရောက် လှည့်လည်စစ်ဆေးပြုစုပေးတာက ဂျမ်မာရဲ့တာဝန်ပါ။ တစ်နေ့မှာ စာရေးသူတို့အိမ်ကို ဂျမ်မာအလည်ရောက်လာတယ်။ သူကြည့်ရှုနေရတဲ့ လူနာတစ်ယောက်အကြောင်းကို ကြုံကြိုက်တုန်း မေးချင်တယ်ဆိုပြီး ဂျမ်မာက စကားစပါတယ်။

“သားဖွားပြီးစ မိခင်တစ်ယောက်ကို ကျွန်မစစ်ဆေးရပါတယ်။ ဘက်တီလို့ပဲ ခေါ်ပါစို့။ ဘက်တီမှာ အဖျားတက်တာ၊ အနာမကျက်တာ၊ သွေးဆင်းလွန်တာတွေ မရှိပါဘူး။ ကလေးရဲ့ကျန်းမာရေးကလည်း ကောင်းပါတယ်။ ကလေးနို့တိုက်တဲ့နေရာမှာတော့ အခက်အခဲနည်းနည်းရှိတယ်။ ကျွန်မစိုးရိမ်တာက ဘက်တီရဲ့ စိတ်ကျန်းမာရေးပါ ကိုအုန်းကျော်၊ သူကောင်းကောင်းအိပ်မပျော်ဘူး၊ အလိုလိုနေရင်း စိတ်တိုနေတယ်။ အကြောင်းမဲ့ ငိုကြွေးနေတတ်တယ်။ ကလေးအတွက် ပူပင်စိတ်များလွန်းနေတယ်လို့လည်း သူ့ခင်ပွန်းကပြောပါတယ်။ ဒါကြောင့် ဘက်တီရဲ့ စိတ်ကျန်းမာရေးကို ကျွန်မစိုးရိမ်လာတာပါ။ ကိုအုန်းကျော် ဘယ်လိုသဘောရသလဲ”

စာရေးသူက လက်ဖက်ရည်တစ်ကျိုက်သောက်လိုက်ပြီး အဖြေပေးပါတယ်။

“ဂျမ်မာရဲ့ လူနာဟာ ကျွန်တော်ကြည့်ရှုနေတဲ့ လူနာမဟုတ်တော့ ဂျမ်မာ ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော်က ညွှန်ကြားမပေးသင့်ဘူး။ ဒါပေမဲ့ မီးနေသည် အမျိုးသမီးတွေမှာ ဖြစ်ပွားတတ်တဲ့ စိတ်ဝေဒနာအကြောင်းကိုတော့ ရှင်းပြနိုင်ပါတယ်။ လက်ဖက်ရည်သောက်လိုက်ပါဦး”

ဂျမ်မာက လက်ဖက်ရည်ခွက်ကိုင်ရင်း “ကျွန်မသိချင်ပါတယ်” လို့ ပြောပါတယ်။

စာရေးသူက မီးနေသည် စိတ်ဝေဒနာ အမျိုးမျိုးရှိတဲ့အကြောင်း စကားစပြီး ဆက်လက်ရှင်းပြပါတယ်။

“သားဖွားပြီးစ တစ်ပတ်အတွင်းမှာ မီးနေသည် ၃၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ စိတ်အပြောင်းအလဲ ဖြစ်ပွားတာရှိပါတယ်။ စိတ်လှုပ်ရှားလွယ်တာ၊ အိပ်ရေးပျက်တာ၊ အကြောင်းမဲ့ငိုချင်တာ စတဲ့လက္ခဏာတွေပါ။ အဲဒါကို “မီးနေသည် စိတ်ညစ်ညူးခြင်း” (Baby Blues) လို့ ခေါ်ပါတယ်”

ဂျမ်မာက ကြားဖြတ်ပြီး “ရပ်ကွက်ထဲမှာ မီးယပ်သွေးအပြောင်းအလဲဖြစ်တယ်လို့ ပြောကြတယ်မဟုတ်လား”

“ဟုတ်ပါတယ် ဂျမ်မာ၊ မဟော်မုန်းဓာတ်အမျိုးမျိုး အပြောင်းအလဲဖြစ်လို့ စိတ်အပြောင်းအလဲရှိတာလို့ဆိုရင် ပိုမိုတိကျပါတယ်။ မီးနေသည် စိတ်ညစ်ညူးခြင်းရှိလာတာကိုတော့ စိတ်မပူသင့်ပါဘူး။ မကြာခင် အလိုအလျောက် ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမဲ့ မီးနေသည်စိတ်ညစ်ညူးတဲ့ လက္ခဏာဟာ မီးနေသည်စိတ်ကျရောဂါ ဒါမှမဟုတ် မီးနေသည် စိတ္တဇရောဂါတစ်ခုခုရဲ့ ရောဂါနုစလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ နောက်လာမယ့် ရက်သတ္တပတ် နှစ်ပတ်ကနေ ၆ပတ်အတွင်းမှာ ပိုမိုဂရုစိုက်သင့်ပါတယ်”လို့စာရေးသူက သတိပေးသလို ပြောပြတယ်။

ဒီတော့ ဂျမ်မာက ပိုမိုစိတ်ဝင်စားသလိုအမူအရာနဲ့ တောင်းဆိုလာတယ်။

“အဲဒီရောဂါတွေအကြောင်းကို နည်းနည်းရှင်းပြပါလား”

သားဖွားမီးယပ်သူနာပြုဆရာမ ဂျမ်မာနဲ့ သူ့လူနာနဲ့ မိသားစုဝင်တွေ သိသင့်တဲ့ မီးနေသည်စိတ်ရောဂါအကြောင်းကို စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

မိဘတစ်ဦးဦးမှာ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါရှိရင် သားသမီးတွေထဲမှာ ရောဂါဖြစ်နှုန်းက ၁၃ ရာခိုင်နှုန်း ဖြစ်တယ်။ မိဘနှစ်ဦးစလုံး ဒီရောဂါရှိရင် သားသမီးတွေထဲမှာ ရောဂါဖြစ်နှုန်းက ၄၆ ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။ ညီအစ်ကိုမောင်နှမတွေထဲမှာ ရောဂါရှိရင် ကျန်ညီအစ်ကိုမောင်နှမတွေမှာ ရောဂါဖြစ်နှုန်းက ၁၀ ရာခိုင်နှုန်းရှိပါတယ် . . .

“မီးနေသည် စိတ်ညစ်ညူးတဲ့လက္ခဏာ သက်သာပျောက်ကင်းမသွားဘဲ ၂ ပတ်မှ ၆ ပတ်အတွင်း မီးနေသည် စိတ်ကျရောဂါအဆင့်အထိ ဆိုးရွားလာတာရှိနိုင်တယ်။ သားဖွားပြီးစ မိခင် ၁၀ ရာခိုင်နှုန်းခန့် မီးနေသည်စိတ်ကျရောဂါဖြစ်ပွားတာ တွေ့ရှိရတယ်”

စာရေးသူစကားမဆုံးခင် ဂျမ်မာက အလျင်စလို မေးမြန်းပါတယ်။

“မီးနေသည် စိတ်ကျရောဂါလက္ခဏာတွေကို ပြောပြပါ ကိုအုန်းကျော်”

“ကျွန်တော် အတိုချုပ်ပြောပြမယ်။ စိတ်လှုပ်ရှားလွယ်တာ၊ အကြောင်းမဲ့ ငိုကြွေးနေတတ်တာက အချိန်ကြာလာပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာရင် စိတ်ကျရောဂါကြောင့် ဖြစ်နိုင်တယ်။ တခြားရောဂါလက္ခဏာတွေလည်း ပေါ်ပေါက်လာမယ်။ အဲဒါတွေကတော့ ကလေးငယ်ကို ချစ်ခင်ယုယချင် စိတ်မရှိတာ၊ အိမ်သူအိမ်သား မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပြောဆိုဆက်ဆံမှုလျော့နည်းလာတာ၊ အစားအသောက်ပျက်တာ၊ အိပ်လွန်းတာ ဒါမှမဟုတ် အိပ်ရေးပျက်တာ၊ မောပန်းနွမ်းနယ်လွယ်တာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ စိတ်ဝင်စားမှုမရှိတာ၊ အကြောင်းမဲ့စိတ်တိုလာတာ၊ မကြာခဏ ဒေါသပေါက်ကွဲတတ်တာ၊ အကြောင်းမဲ့ ကြောက်ရွံ့ထိတ်လန့်နေတတ်တာ၊ မိခင်ကောင်းတစ်ယောက်မဟုတ်ဘူး စသဖြင့် မိမိကိုယ်ကိုယ်အကြောင်းမဲ့ အပြစ်တင်နေတာ စတဲ့လက္ခဏာတွေပါပဲ။ ဘက်တီကိုစစ်ဆေး ရင် အထူးသတိထားကြည့်ရမယ့် လက္ခဏာတွေလည်းရှိသေးတယ်”

ဂျမ်မာက သိချင်ဇောနဲ့ မေးပါတယ်။

“ဘယ်လိုလက္ခဏာတွေလဲ”

“လူနာရဲ့ အတွေးထဲမှာ မိမိကိုယ်ကိုယ် အန္တရာယ်ပြုလိုတဲ့စိတ်၊ ကလေးငယ်ကို အန္တရာယ်ပြုလိုတဲ့ စိတ်ပေါ်ပေါက်လာတာဖြစ်တယ်။ အဲဒီလို အတွေးမျိုးဘက်တီမှာ ရှိ၊ မရှိ ဂျမ်မာ မေးမြန်းကြည့်သင့်ပါတယ်။ မေးကြည့်ရမှာကို အားမနာပါနဲ့။ အဲဒီလို မေးမြန်းလို့ လူနာရဲ့စိတ်ထဲမှာ မကောင်းတဲ့အတွေးတွေ ဝင်ရောက်လာမှာကို မစိုးရိမ်ပါနဲ့။ လူနာအတွက်အကျိုးရှိပါတယ်။ အန္တရာယ်များတဲ့ အတွေးတွေကို ဖွင့်ဟပြောပြရတာကြောင့် လူနာရဲ့စိတ်ထဲမှာ “ပေါ့ပါး”သွားနိုင်တယ်။ သူရဲ့စိတ်ဝေဒနာကို နားလည်တဲ့ စိတ်ဝင်စားတဲ့လူရှိတယ်ဆိုတဲ့ အသိကြောင့် စိတ်အားတက်လာနိုင်ပါတယ်”

စာရေးသူစကားအဆုံးမှာ လက်တွေ့ကျတဲ့ မေးခွန်းတစ်ခုကို ဂျမ်မာကမေးပါတယ်။

“ဘယ်လိုအခြေအနေမှာ စိတ်ကျန်းမာရေးစစ်ဆေးဖို့ ဘက်တီကို တိုက်တွန်းသင့်သလဲ”

လက်ဖက်ရည်ခွက်ထဲ ကျန်တဲ့ လက်ကျန်လက်ဖက်ရည်တစ်ကျိုက်ကို သောက်လိုက်ပြီး စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

“ကျွန်တော်ပြောခဲ့တဲ့ လက္ခဏာတွေက ရက်သတ္တပတ်နှစ်ပတ်အတွင်း မသက်သာဘဲ ပိုမိုဆိုးရွားလာရင် စိတ်ကျန်းမာရေးစစ်ဆေးဖို့ စီစဉ်ပေးသင့်ပါတယ်။ ဘက်တီရဲ့စိတ်ထဲမှာ အန္တရာယ်ရှိတဲ့ အတွေးမှားတွေ ပေါ်ပေါက်လာရင်တော့ စိတ်ကျန်းမာရေးဌာနကို အမြန်ဆုံးဆက်သွယ်ပြီး အကူအညီရယူသင့်တယ်။ ခင်မင်တဲ့စိတ်နဲ့ ငဲ့ညှာမနေနဲ့တော့။ အရေးကြီးတာနဲ့ပတ်သက်ပြီး ပြောပြစရာ တစ်ခုကျန်သေးတယ်”

“အားမနာပါနဲ့ကိုအုန်းကျော်၊ ကျွန်မနားထောင်နေပါတယ်”လို့ ဂျမ်မာက ပြုံးပြီးပြောပါတယ်။

“အရေးကြီးတယ်ဆိုတာက ဘက်တီမှာ မီးနေသည် စိတ္တဇရောဂါလက္ခဏာတွေ အစပျိုးပေါ်ပေါက်လာတာ ရှိ၊ မရှိကို သတိထားဖို့ လိုတဲ့အချက်ပါ။ မီးနေသည် စိတ္တဇရောဂါက သားဖွားမိခင်တစ်ထောင်မှာ တစ်ယောက်မှ နှစ်ယောက်နှုန်းအထိ ဖြစ်ပွားနိုင်ပါတယ်။ သားဖွားပြီး ရက်သတ္တပတ်နှစ်ပတ်မှ ၆ပတ်အတွင်း ပေါ်ပေါက်လာတတ်တယ်။ ၅၀ ရာခိုင်နှုန်းကျော်ဟာ ပထမဆုံးသားဖွားမိခင်တွေမှာ တွေ့ရှိရတယ်။ စိတ်ကျရောဂါလက္ခဏာတွေအပြင် စိတ္တဇ ရောဂါလက္ခဏာတွေကိုလည်း တွေ့ရှိရမယ်”

ဂျမ်မာက “စိတ္တဇရောဂါလက္ခဏာတွေက ဘာတွေလဲ”လို့ မေးတော့ စာရေးသူဆက်ပြောပါတယ်။

“နေရာ၊ အချိန်နဲ့ လူတွေကို ဝေခွဲရခက်တဲ့ ကယောင်ကတမ်းလက္ခဏာ၊ သံသယစိတ်လွန်ကဲလာတာ၊ စကားပြောမမှန်တာ၊ ပေါက်ကရပြောဆိုလာတာမျိုး ဖြစ်ပါတယ်။ ပိုမိုဆိုးရွားတဲ့ ယုံကြည်မှုအတွေးမှားတဲ့ လက္ခဏာကတော့ကလေးငယ်နဲ့ ပတ်သက်တယ်။ ကလေးမှာ အင်္ဂါချို့ယွင်းနေတယ်၊ ကလေးအသက် မရှူတော့ဘူး၊ သေနေပြီ၊ ဒီကလေးဟာ ငါ့ကလေးမဟုတ်ဘူး စတဲ့ ယုံကြည်ချက်မှားယွင်းမှုတွေ ဖြစ်ပါတယ်။ မီးနေသည်စိတ္တဇရောဂါဟာ အသက်အန္တရာယ်များတဲ့ ရောဂါဖြစ်တယ်။ မီးနေသည်စိတ္တဇရောဂါခံစားနေရတဲ့ မိခင် ၅ ရာခိုင်နှုန်းက မိမိကိုယ်ကိုယ် သတ်သေတာရှိတယ်။ ၄ရာခိုင်နှုန်းကတော့ ကလေးငယ်ကိုပါ သူတို့နဲ့အတူ ခေါ်ယူသွားတတ်ကြတယ်။

ဒါကြောင့် ဘက်တီမှာ မီးနေသည်စိတ္တဇရောဂါ လက္ခဏာတွေကို တွေ့ရှိရရင် အမြန်ဆုံး ဆေးရုံတင်ကုသရမယ်။ အဲဒီရောဂါအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကုထုံးတစ်ခုရှိတယ်။ အဲဒါကတော့ “အီးစီတီ” (ECT)လို့ခေါ်တဲ့ လျှပ်စစ်ဓာတ်နဲ့ ကုသတဲ့နည်းဖြစ်ပါတယ်။ ကုသရင် အလွယ်တကူ ပျောက်ကင်းနိုင်တဲ့ ဆိုးရွားတဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ဘက်တီကို စစ်ဆေးတဲ့အခါ ဂျမ်မာစဉ်းစားရမယ့်အချက်တွေ လုံလောက်ပြီလို့ဆိုရမယ် ထင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top