Healthy Life Ad
Life Style

ဂေါက်အဆစ်ရောင်ရောဂါကုသနည်းများ (Gouty Arthritis) (၂)

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း)

မေး. ဂေါက်ရောဂါ ကုသနည်းတွေကို ပြည့်ပြည့်စုံစုံ သိပါရစေဆရာ။

ဖြေ. ဂေါက်ရောဂါကြွနေတဲ့အခါမှာ အများအားဖြင့် တစ်ပတ်လောက်ကြာရင် သူ့ဘာသာ ပျောက်သွားတတ်ပါတယ်။ ကုသမှုပေးတာကတော့ အနာသက်သာအောင်ရယ်၊ မြန်မြန်ပြန်ကောင်းသွားအောင်လို့ပါ။ ကုသရင်လည်း ရောဂါဖြစ်ဖြစ်ခြင်း မြန်မြန်ကုတာအကောင်းဆုံးပါ။ အဲဒီလိုမြန်မြန်ကုရင် ပိုပြီးမြန်မြန်ပျောက်ကင်းပါတယ်။ ရုတ်တရက်ဖြစ်တဲ့ ဂေါက်ရောဂါကိုကုသတဲ့အခါ အနာသက်သာစေတဲ့ NSAIDs ခေါ်တဲ့ ဆေးတွေပေးပြီးတော့ ကုသပါတယ်။

လူနာသက်သာလာတဲ့အခါမှာတော့ ဆေးတွေကိုလျှော့ပြီး ပေးပါတယ်။ ဆေးတွေက ကောင်းတယ်ဆိုပေမယ့်လည်း ဘေးထွက်ဆိုးကျိုးတော့ ရှိတဲ့အတွက် လူနာသက်သာလာတာနဲ့ ဆေးပမာဏကိုလျှော့ပြီး ပေးရပါတယ်။ နောက်ဒီဆေးတွေက နှလုံးအားနည်းတဲ့လူတွေကို ပေးလို့မရပါဘူး။ ကျောက်ကပ်ရောဂါရှိတဲ့သူတွေကို ပေးလို့မရဘူး။ နောက်ပြီး သွေးကျဲနေသူတွေကိုလည်း ပေးလို့မရပါဘူး။

Colchicine ဆိုတဲ့ဆေးကို ဂေါက်ရောဂါလို့ တိတိကျကျမပြောနိုင်တဲ့ အခြေအနေမှာပေးလိုက်လို့ အဆစ်ရောင်တာကျသွားတယ်၊ ရောဂါသက်သာသွားတယ်ဆိုရင် ဂေါက်ရောဂါသေချာတယ်လို့ ပြောလို့ရပါတယ်။ ဒီဆေးရဲ့ ကောင်းတဲ့အချက်တွေက ယူရစ်အက်စစ်ကို အနည်မထိုင်အောင် ကာကွယ်ပေးပါတယ်။ အဆစ်တွေမရောင်အောင် ကာကွယ်ပေးပါတယ်။ ဒီဆေးကို ဖြစ်ဖြစ်ချင်း ၁၀နာရီ-၁၁နာရီ အတွင်းမှာ ပေးနိုင်ခဲ့ရင် အတော်လေး ထိရောက်မှုရှိပါတယ်။ တစ်ရက်၊ နှစ်ရက်အတွင်းမှာ ပျောက်ကင်းသွားနိုင်ပါတယ်။

ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးလည်း ရှိတော့ရှိပါတယ်။ ဆေးက မူးတယ်၊ အန်တယ်၊ ဝမ်းသွားတယ်၊ အဲလိုတွေဖြစ်တယ်။ အဲဒီအဆင့်တွေ၊ အခြေအနေတွေမဖြစ်ရင်လည်း ဆေးကမထိရောက်ဘူးလို့ ပြောရမလိုပါပဲ။ ရောဂါက မသက်သာဘဲ ဖြစ်တတ်ပါတယ်။ ဒီလိုဘေးထွက်ဆိုးကျိုးတွေ ဝင်လာမှသာ ရောဂါက သိသိသာသာပျောက်ကင်းသွားတာပါ။ အနာမသက်သာဘဲ မူးတာ၊ အန်တာတွေဖြစ်လာရင်လည်း ဆေးကိုရပ်လိုက်ရပါတယ်။

မေး. ဂေါက်ရောဂါ မကြာခဏ ပြန်မဖြစ်အောင်၊ ရောဂါပိုမဆိုးသွားအောင် ဘယ်လိုထိန်းလို့ရပါသလဲ ဆရာ။

ဖြေ. ရောဂါကြာရှည်ကုတဲ့အခါမှာ ယူရစ်အက်စစ်အဆင့်ကို ထိန်းပေးရပါတယ်။ ယူရစ်အက်စစ်သိပ်များရင် ဂေါက်ဘုတွေ ဖြစ်လာနိုင်ပါတယ်။ ဂေါက်ရောဂါ မကြာခဏ ဖြစ်လာနိုင်ပါတယ်။ ဒီလိုထိန်းနိုင်ဖို့ ဆေးတွေအမျိုးမျိုးနဲ့ ကုသရပါတယ်။ Uricosoric Agent ကတော့ သွေးထဲက ယူရစ်အက်စစ်တွေကို ကျောက်ကပ်ကနေ စွန့်ပစ်မှုများလာအောင် ဆေးတွေပေးပြီး ကုသနည်းပါ။ Uricosoric Agent ဆိုတဲ့ ဆေးကိုပေးရင်တော့ စပေးပေးချင်း နည်းနည်းကနေ တဖြည်းဖြည်းချင်းမှ တိုးပြီးပေးရပါတယ်။ ဒီဆေးတွေက ကျောက်တည်တတ်လို့ပါ။ ကျောက်ကပ်မကောင်းရင်လည်း ဒီဆေးတွေကိုပေးလို့ မရပါဘူး။ ကျောက်ကပ်က အက်စစ်တွေကို ဆီးထဲစွန့်ပြီးတဲ့အခါမှာ ပြန်စုပ်ယူတတ်ပါတယ်။ အဲဒီဆေးတွေက ကျောက်ကပ်က ပြန်စုပ်ယူတာကို ဟန့်တားတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ပါတယ်။

Allopurinol ဆေးက သွေးထဲမှာ ဖြစ်ပေါ်နေတဲ့ ယူရစ်အက်စစ်ထုတ်လုပ်မှုကို ဟန့်တားစေပါတယ်။ Allopurinol ဆိုတဲ့ဆေးက ကျောက်ကပ်ကို ဒုက္ခမပေးပါဘူး။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားနီမြန်းတာနဲ့ ယားယံတာလောက် ဖြစ်တတ်ပါတယ်။ Fenofibrate ဆိုတဲ့ သွေးတွင်းအဆီများရင် ပေးတဲ့ဆေးကလည်း ယူရစ်အက်စစ်ကျအောင် လုပ်ပေးပါတယ်။

Pegylated Uricase ဆိုတဲ့ ဆေးက နှစ်ပတ်တစ်ခါ သွေးကြောထဲ ထိုးထည့်ရပါတယ်။ ဒီဆေးက ဆေးမတည့်တဲ့ တုန့်ပြန်မှုမျိုး ဖြစ်တတ်လို့ တခြားဆေးတွေကို ထိရောက်မှု မရှိဘူးဆိုမှ သုံးရပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို ရောဂါထနေတုန်းမှာ သွားပေးမိရင်တော့ ရောဂါကပိုဆိုးသွားတတ်ပါတယ်။ ရောဂါကုသမှုကလည်း ပိုပြီးကြာသွားပါတယ်။ ရောဂါထနေချိန်မှာ ယူရစ်အက်စစ်တွေ အများအပြားကျသွားတာက အနည်ထိုင်နေတဲ့ပုံဆောင်ခဲတွေကို ပိုမိုပြီး ကြာရှည်နေစေတယ်။ ရောဂါကျပြီး နှစ်ပတ်-သုံးပတ်လောက်ကြာမှ ရုတ်တရက် ထပ်မဖြစ်အောင် အဲဒီဆေးတွေပေးပါတယ်။ ရောဂါကျကျချင်းတော့ တန်းမပေးသင့်ပါဘူး။ ပိုဆိုးတတ်ပါတယ်။

မေး. ဂေါက်ရောဂါကို ဆေးကုသမှုခံယူဖို့ အရေးကြီးပါသလား ဆရာ။

ဖြေ. ဂေါက်ရောဂါကို ဆေးကုသမှုမခံယူရင် ရောဂါ အခြေအနေပိုဆိုးတတ်ပါတယ်။ ဆေးကုရင် ရောဂါ ခဏခဏကြွတာ၊ ဂေါက်ဘုထွက်တာ၊ အဆစ်ပျက်စီးတာစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဂေါက်ရောဂါရှိရင် ဆေးကုသမှုကို ပုံမှန်ခံယူရမှာ ဖြစ်ပါတယ်။

ပျူရင်း (Purine)ဓာတ်က ယူရစ်အက်စစ်ကို မြင့်တက်စေတာကြောင့် ပျူရင်းဓာတ်များတဲ့ အစာတွေကိုရှောင်နိုင်ပါတယ်။ အဲဒါတွေက ကလီစာ၊ ဦးနှောက်၊ တောငှက်ကလေးတွေ၊ ပင်လယ်စာ၊ ငါးသေတ္တာငါး၊ ကမာ၊ မှို၊ အရက် စတာတွေဖြစ်ပါတယ် . . .

မေး.ဂေါက်ရောဂါရှိသူတွေက အစားအသောက်ရှောင်ရတယ်လို့ ဆိုကြပါတယ်။ မှန်ပါသလား ဆရာ။

ဖြေ. ဆရာတို့ မြန်မာလူမျိုးတွေက ရောဂါတစ်ခုခုဖြစ်လာရင် အရင်ဆုံးမေးတတ်တာက “ဘယ်အစားအသောက်ကို ရှောင်ရမလဲဆရာ”ဆိုတာပဲ။ တကယ်က မြန်မာလူမျိုးအများစုက အာဟာရချို့တဲ့နေတာများပါတယ်။ ရောဂါရှိလာရင်အစားရှောင်တာက အလေ့အထတစ်ခုလိုဖြစ်နေပါတယ်။ ဂေါက်ရောဂါမှာလည်း ဒီအတိုင်းပါပဲ။ ကြားဖူးနားဝရှောင်ရမယ်ဆိုတဲ့ အစာတွေရှောင်ကြတယ်။ တကယ်တော့ အစားအသောက်ကို မလိုအပ်ဘဲ မရှောင်စေချင်ပါဘူး။

အကြမ်းအားဖြင့် အစာရှောင်ချင်တယ်ဆိုရင်တော့(၁) အငန် (၂) အချို (၃) အဆီစားသုံးတာကို ရှောင်ပေးပါ။ ယူရစ်အက်စစ် အနည်းအများဖြစ်ရတဲ့ အကြောင်းရင်း ၈၅ ရာခိုင်နှုန်းက ခန္ဓာကိုယ်ကြောင့်ဖြစ်ပြီး ၁၅ ရာခိုင်နှုန်းကပဲ အစားအသောက်နဲ့ ဆက်စပ်နေတာပါ။ အစားအသောက်ကို တအားရှောင်တာကြောင့် ယူရစ်အက်စစ် လျော့ကျနိုင်ခြေက အလွန်ဆုံး 1 mg% လောက်ပဲရှိပါတယ်။

ဒါကြောင့် အစားအသောက်က အဓိကကျတဲ့ အခန်းကမပါပါဘူး။ အတိုင်းအတာတစ်ခုလောက်ပဲ အရေးပါပါတယ်။ အစာမှာပါတဲ့ ပျူရင်း (Purine) ဓာတ်က ယူရစ်အက်စစ်ကို မြင့်တက်စေတာကြောင့် ပျူရင်းဓာတ်များတဲ့ အစာတွေကို ရှောင်နိုင်ပါတယ်။ အဲဒါတွေက ကလီစာ၊ ဦးနှောက်၊ တောငှက်ကလေးတွေ၊ ပင်လယ်စာ၊ ငါးသေတ္တာငါး၊ ကမာ၊ မှို၊ အရက် စတာတွေဖြစ်ပါတယ်။ ပျူရင်းဓာတ်အသင့်အတင့်ပါတဲ့ အစာတွေက ပဲပင်ပေါက်၊ ဟင်းနုနယ်၊ ကညွတ်၊ အနီရောင်အသား(အမဲသား)၊ ပဲနီလေး စတာတွေ ဖြစ်ကြပါတယ်။

ဟိုအရင်တုန်းက ဂေါက်အဆစ်ရောင် ရောဂါရှိရင် အစားအသောက်ရှောင်ဖို့ ပြောခဲ့ကြပေမယ့် အခုကသိပ်အရေးမပါတော့ပါဘူး။ အခုခေတ်မှာဆေးဝါးတွေနဲ့ သွေးထဲမှာ ယူရစ်အက်စစ်ဓာတ်ကျသွားအောင် လုပ်နိုင်တဲ့အတွက် ဆေးကုသမှုက ပိုအရေးကြီးပါတယ်။ အစားအသောက်က ဒီလောက်အထိ အရေးကြီးတဲ့ကဏ္ဍမှာမပါတော့ပါဘူး။

မေး. ဂေါက်အဆစ်ရောင်ရောဂါကို ကြာရှည်ခံစားနေရရင် ဘာတွေဆက်ဖြစ်လာနိုင်ပါသလဲ ဆရာ။

ဖြေ. ဂေါက်ရောဂါ ကြာရှည်ခံစားရသူတွေမှာ ဂေါက်ဘု (Tophus)တွေက လက်တံတောင်၊ နားရွက်၊ ခြေထောက် အစရှိတဲ့နေရာတွေမှာ ပေါ်လာတတ်ပါတယ်။ တချို့သူတွေမှာ ဂေါက်ဘုတွေကို ပုံပျက်ပန်းပျက် တွေ့ရတတ်ပါတယ်။ ဒီဂေါက်ဘုတွေက ပေါက်ထွက်လာရင် အနာဖြစ်ပြီး မြေဖြူခဲလို အမှုန်ထွက်လာတတ်ပါတယ်။ အဲဒီအခါ ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်လာပါတယ်။ တချို့လည်း အနာမပေါက်ဘဲ ကြီးမာတဲ့ ဘုကြီးဖြစ်လာပြီး နေထိုင်လှုပ်ရှားရတာ အခက်ကြုံပြီး ခွဲစိတ်ရတဲ့ အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဂေါက်ဘုတွေကို ခွဲစိတ်ကုသမှုလုပ်ရတာမလွယ်ပါဘူး။ ယူရစ်အက်စစ်ပုံဆောင်ခဲတွေက အရေပြားအောက်နားကပ်နေတာကြောင့် အရေပြားပါးပါးလေးပဲကျန်ပြီး ပြန်ချုပ်ရတာ အဆင်မပြေတတ်ပါဘူး။ အနာလည်း ကောင်းကောင်းမကျက်ချင်ပါဘူး။ နောက်တစ်ခုက အဆစ်တွေစားတတ်တာပါ။ ခြေမအဆစ်တွေစားပြီး ပျက်စီးရင် ခြေမကို ခွဲစိတ်ကုသမှုလုပ်ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top