Healthy Life Ad
Life Style

မိုးနတ်မင်းကိုတိုင်တည်ပါတယ် . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

အခုတလော ဒေါ်လှခင်တစ်ယောက် ပါးစပ်က ပြောနေတာလိုလို၊ ဘုရားစာရွတ်သလိုလိုနဲ့ တတွတ်တွတ်ပြောနေပါတယ်။ ခက်တာက သူ ဘာတွေ ပြောနေမှန်း အိမ်ကလူတွေ သိပ်နားမလည်။ သားသမီးတွေကလည်း အလုပ်သွားသူ သွား၊ ကျောင်းတက်သူ တက်နဲ့မို့ အစပိုင်းမှာ ဒေါ်လှခင် ဘာတွေပြောနေမှန်း သိပ်ဂရုမထားမိ။

နောက်ပိုင်းကျတော့သမီးကြီးဖြစ်သူက ဒေါ်လှခင်ပြောနေတဲ့ စကားတွေကို သေချာနားထောင်တယ်။ ဒါပေမဲ့ ရေရေရာရာ နားမလည်ဘူး။
ဒေါ်လှခင်က”အဖေကြီးကို တိုင်တည်ပါတယ်။ မိုးနတ်မင်းကို တိုင်တည်ပါတယ်။ ပိုင်ရာဆိုင်ရာတွေ မစပါ. . ကျွန်တော်မျိုးမကိုစောင့်ရှောက်ပါ၊ ကျွန်တော်မျိုးမရဲ့ သားသမီးတွေကိုစောင့်ရှောက်ပါ . . ကျွန်တော်မျိုးမနေအိမ်ကိုစောင့်ရှောက်ပါ . . ကျွန်တော်မျိုးမနေထိုင်ရာ မြို့နယ်ကိုစောင့်ရှောက်ပါ . . ကမ္ဘာကြီးကို အေးချမ်းအောင် စောင့်ရှောက်ပါ . .” ဒီစကားတွေကို ခပ်တိုးတိုး ရွတ်နေပေမယ့် မြန်လွန်း လို့ သမီးဖြစ်သူက ဘာတွေဆိုနေမှန်း နားမလည်။

‘အမေဘုရားစာရွတ်နေတာနေမှာ’ဆိုတဲ့ အတွေးနဲ့ ဒီအတိုင်းထားလိုက်တယ်။နောက်တော့ ဒေါ်လှခင်က ခေါင်းမူးတယ်လို့ ပြောလာတော့ သူမနေသာတော့။”အမေ ထမင်းဟင်းတွေ ကောင်းကောင်းမစားဘူးဆို . . အစားအသောက်မှမှန်မှန် မစားတာ အမေခေါင်းမူးမှာပေါ့”လို့ ဒေါ်လှခင်ကို ပြောတော့-
“ငါက စားစရာမလိုဘူး၊ အာဟာရသိဒ္ဓိပြည့်နေပြီးသား”လို့ ပြန်ဖြေတယ်။ ပြီးတော့ သူရွတ်နေကျ ဘုရားစာလိုလို၊ ဘာလိုလိုကို တတွတ်တွတ် ရွတ်ပြန်တယ်။ သမီးကြီးလည်း အမေဖြစ်သူ ဘုရားတရားလုပ်နေတာကို မနှောင့်ယှက်ချင်တာနဲ့ တိတ်တိတ်ကလေး ထွက်လာခဲ့တယ်။
_ _ _

“အမေ မနက်က အိမ်ဘေးက ကြီးဒေါ်နဲ့ စကားများသေးတယ် မကြီး” အိမ်ပြန်ရောက်ရောက်ချင်း အလတ်မက ဆီးကြိုပြောတော့ အကြီးမစိတ်ထဲထင့်သွားတယ်။

“ကြီးဒေါ်က အမေ့ကို ပြောတာ မဟုတ်ဘူး။ သူ့ဆွေမျိုးတွေနဲ့ စကားပြောနေတာ၊ အမေက သူ့ကို စောင်းမြောင်းပြောပါတယ်ဆိုပြီး ရန်သွားဖြစ်တာ မကြီး . .ခဏနေတော့လည်း အမေက အိမ်က ဟင်းတွေယူပြီး ကြီးဒေါ်ကို သွားပေးနေတယ်၊ တစ်အိမ်လုံးစာချက်ထားတဲ့ ဟင်းတွေယူသွားတော့ဘာမှ စားစရာ မကျန်တော့ဘူး”

‘အမေ ဘာတွေဖြစ်နေပါလိမ့် . .အမေ အခု တလောပါးစပ်ကနေလည်း တတွတ်တွတ် ရွတ်နေတယ်၊ အပေးအကမ်းကလည်း ရက်ရောနေတယ်၊ လှူချင်တန်းချင်တာလည်း အလွန်အကျွံပဲ . . အိမ်မှာနေရင် အိမ်နီးနားချင်းတွေနဲ့ ရန်ဖြစ်၊ ဈေးဝယ်ထွက်ရင် ဈေးသည်တွေနဲ့ရန်ဖြစ် . . ဒီလိုတွေကလည်း မကြာခဏဖြစ်လာပြီ . .ညဘက်တွေရော အမေ ကောင်းကောင်း အိပ်ပျော်ရဲ့လား . .’သမီးကြီး စိတ်ထဲ တွေးမိတယ်။

တကယ်လည်း ဒေါ်လှခင်က ညည ကောင်းကောင်း မအိပ်ပါဘူး။ တစ်ညကျတော့ သမီးကြီးဖြစ်သူက တစ်ရေးနိုး အသံကြားတာနဲ့ ဒေါ်လှခင် အခန်းဘက်ကို ထကြည့် တော့ သူ့မိခင်အသံကို ပီပီသသ ကြားရတယ်။

“အဖေကြီး . .အဖေကြီးကို တိုင်တည်ပါတယ်။ ကျွန်တော်မျိုးမကို စောင့်ရှောက်တော်မူပါ၊ကျွန်တော် မျိုးမရဲ့ သားသမီးတွေကို စောင့်ရှောက်ပါ . . ကျွန် တော်မျိုးမ နေအိမ်ကို စောင့်ရှောက်ပါ . . ကျွန်တော် မျိုးမ နေထိုင်ရာ မြို့နယ်ကို စောင့်ရှောက်ပါ . . ကမ္ဘာကြီးကို အေးချမ်းအောင် စောင့်ရှောက်ပါ . . မိုးနတ်မင်းကို တိုင်တည်ပါတယ် . . ပိုင်ရာဆိုင်ရာတွေလည်း မစပါ”
_ _ _

ဒီလိုနဲ့ သမီးကြီးဖြစ်သူက ဒေါ်လှခင်ကို ခေါ်ပြီး ဆရာ့ဆီကို လာဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။”လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အမေ ကောင်းကောင်း မအိပ်ဘူး၊ မစားဘူး ဆရာ . . စကားတွေကို တစ်ယောက်တည်း တတွတ်တွတ်နဲ့ ပြောနေတယ်၊ ဈေးဝယ်ထွက်ရင် ဈေးသည်တွေနဲ့ ရန်တွေ့ တတ်တယ်။ အိမ်နီးချင်းတွေက ဘာပြောပြော သူ့ကို စောင်းပြောတယ်ဆိုပြီး သွားရန်တွေ့တယ် ဆရာ၊ ဒါပေမဲ့လည်း ခဏနေရင် သူ့မှာ ရှိတဲ့ စားစရာတွေ ပေးချင်ပေးပစ်တာ၊ ဈေးသည်တွေဆိုလည်း ကျသင့် ငွေထက်ပိုပြီး ပေးချင်ပေးပစ်ခဲ့တာ၊ ပြောရရင် သူဌေးပုံစံမျိုးနဲ့ ဒီငွေလောက်ကို ငါက မမူဘူးဆိုပြီး ပေးပစ်ခဲ့တာတဲ့ ဆရာ၊ အလှူအတန်း အပေးအကမ်းကလည်း အရမ်းများသလို တတွတ်တွတ်ရွတ်နေတာ တွေကလည်း အခုနောက်ပိုင်း ပိုစိတ်လာတယ် ဆရာ”လို့ သမီးကြီးက ပြောပြပါတယ်။

ကျွန်မက သူတို့တွေအဆင်ပြေအောင်၊ ကျန်းမာအောင်၊ ပညာတတ်အောင် ပိုင်ရာဆိုင်ရာတွေကို တိုင်တည်နေတာပါ။ အလှူအတန်းတွေ၊ အပေး အကမ်းတွေ ရက်ရောတာကတော့ ကျွန်မဝါသနာနဲ့ စေတနာပါဆရာ။ အဖေကြီးတို့၊ ပိုင်ရာဆိုင်ရာတို့၊ မိုးနတ်မင်းတို့ကို တိုင်တည်ရတာက ကျွန်မကို စောင့်ရှောက်အောင်၊ ကျွန်မသားသမီးတွေကို စောင့်ရှောက်အောင် . . .

“သမီးပြောတာတွေထက် ဒေါ်လှခင်ပြောတာကို ပိုကြားချင်ပါတယ်၊ ပြောပါဦး”လို့ ဆိုတော့ –
“သူ ဘာမှ မသိပါဘူး ဆရာရယ်၊ ကျွန်မက သူတို့တွေ အဆင်ပြေအောင်၊ ကျန်းမာအောင်၊ ပညာတတ်အောင် ပိုင်ရာဆိုင်ရာတွေကို တိုင်တည်နေတာ ပါ။ အလှူအတန်းတွေ၊ အပေးအကမ်းတွေရက်ရော တာကတော့ ကျွန်မ ဝါသနာနဲ့ စေတနာပါ ဆရာ၊ အ ဖေကြီးတို့၊ ပိုင်ရာဆိုင်ရာတို့၊ မိုးနတ်မင်းတို့ကို တိုင် တည်ရတာက ကျွန်မကိုစောင့်ရှောက်အောင်၊ ကျွန်မ သားသမီးတွေကို စောင့်ရှောက်အောင်၊ ကျွန်မတို့ အိမ်ကိုစောင့်ရှောက်အောင်၊ ကျွန်မတို့နေတဲ့ မြို့၊ ကျွန်မတို့ နေတဲ့ နိုင်ငံတော်ကြီး၊ ကုန်ကုန်ပြောရရင် ကျွန်မတို့လူအားလုံးနေထိုင်တဲ့ ကမ္ဘာလောက တစ် ခုလုံးကိုစောင့်ရှောက်အောင်၊ အားလုံးတည်ငြိမ်အေး ချမ်းအောင် ကျွန်မကပဲ တိုင်တည်နေရတာပါ . .

အခုခေတ်လူငယ်တွေဆိုတာ အလုပ်လုပ်မယ်၊ ကျောင်းတက်မယ် . . ဒါလောက်ပဲ သိတာ၊ ဘာအစောင့်အရှောက်မှ ခံယူတာမဟုတ်ဘူး . .ဒီတော့ ဒါ တွေက ကျွန်မတာဝန်ပဲလေ . .”လို့ ဒေါ်လှခင်က ဖြေပါတယ်။

ဒေါ်လှခင် စကားတွေကို တတွတ်တွတ် ပြောနေတာ၊ ကောင်းကောင်း မစားတာ၊ ကောင်းကောင်း မအိပ်တာ၊ အလုပ်ကြီး အကိုင်ကြီး လုပ်နေတယ်လို့ ထင်တာ၊ အထက်ပိုင်ရာဆိုင်ရာတွေနဲ့ အဆက်အသွယ်တွေရပြီး အကူအညီတောင်းလို့ ရတယ်၊ စောင့်ရှောက်ခိုင်းလို့ ရတယ်ဆိုတဲ့ ကြီးကျယ်ပြီး ဘဝင်မြင့်နေတဲ့ ယုံမှားလွန်စိတ်တွေရှိနေတာစတဲ့ အချက်တွေရှိနေတာကြောင့် စိတ်ကြွနေတဲ့ အနေအထားရောက်နေတာကို သိရပါတယ်။

အရင့်အရင်က ဘာရောဂါတွေ ဖြစ်ဖူးသလဲ၊ ဆေးရုံတက်ဖူးသလား . .စသဖြင့် ရောဂါရာဇဝင်ကို အသေးစိတ် မေးကြည့်ပါတယ်။ သမီးဖြစ်သူက အရင်ကတော့ သွေးတိုးလို့ ဆေးကုနေရတာကလွဲလို့ ကျန်တာတော့ မရှိပါဘူး ဆရာလို့ ပြောပြပါတယ်။

အရင် သုံးလေးနှစ်လောက်ကလည်း လှူလိုက်တန်းလိုက် ပေးလိုက် ကမ်းလိုက် လုပ်တာတွေအပြင် ဘေးလူတွေနဲ့ ဘာမဟုတ်တဲ့ ကိစ္စအသေးအဖွဲတွေနဲ့ အကြီးအကျယ် ရန်ဖြစ်ဖူးတာတော့ နှစ်ခါ-သုံးခါ ရှိပါတယ်လို့ သမီးဖြစ်သူက ဆက်ပြောပါတယ်။
ဒေါ်လှခင်ခံစားနေရတာတွေ အမြန်ဆုံး သက်သာပျောက်ကင်းသွားဖို့ ဆေးရုံတက်ပြီး စနစ်တကျ ကုသမှု ခံယူလိုက်ပါလို့ အကြံပြုတော့ သမီးဖြစ်သူက “ဆရာရယ် . .အကာင်းဆုံးသာ စီစဉ်ဆောင်ရွက်ပေးပါ”လို့ ပြောတာနဲ့ ဆေးရုံတင်ပေးပြီး လိုအပ်တာတွေ ကုသဖို့ စီစဉ်ပေးလိုက်ရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top