Healthy Life Ad
Life Style

ရှင်းပြပါဆရာ . . . (၂)

‘စိတ်ရောဂါရှိရင် သားသမီး ရယူသင့်/မသင့်’

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စာရေးသူကုသခဲ့တဲ့ လူနာတွေ၊ လူနာရဲ့ မိသား စုနဲ့ မိတ်ဆွေတွေအပြင် စိတ်ကျန်းမာရေးသင်တန်း သားတွေက စိတ်ကျန်းမာရေးပြဿနာနဲ့ ပတ်သက် ပြီး သူတို့သိချင်တာတွေကို မေးမြန်းလေ့ရှိပါတယ်။ အဲဒီအတွေ့အကြုံတွေကိုပြန်လည်စဉ်းစားပြီး “ရှင်း ပြပါဆရာ . . .”ဆောင်းပါးကို ရေးသားတာ ဖြစ်ပါတယ်။ အခုတစ်ပတ်မှာ စိတ်ရောဂါရှိရင် သားသမီး ရယူသင့်/မသင့်ဆိုတဲ့ မေးခွန်းကို ရှင်းလင်းဖြေ ကြားထားပါတယ်။
_ _ _

မစ်အေဟာ အသက် ၂၅ နှစ်ကျော် ရုံးစာရေး ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးလလောက်က အိမ်ထောင်ပြုခဲ့ပြီး ခင်ပွန်းက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပါ။ လက်ထက်ပြီးစ ပျော်ပျော်ရွှင် ရွှင်နေကြရပေမယ့် လွန်ခဲ့တဲ့ နှစ်လလောက်က မစ်အေ စိတ်ကျန်းမာရေးချို့တဲ့လာပါတယ်။ အိပ်ရေးပျက်၊ အစားပျက်၊ အပြောအဆိုမှား၊ နားထဲမှာ အသံတွေကြား စတဲ့ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာတယ်။ အခြေအနေဆိုးလို့ ဆေးရုံတင်ကုသရပါတယ်။ ပထမဆုံးအကြိမ် စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ (Schizophrenia Disorder) လို့ ဆရာဝန်က သတ်မှတ်ပါတယ်။ စိတ္တဇရောဂါကုဆေးနဲ့ စိတ်ကုထုံးတွေကြောင့် ရောဂါသက်သာပျောက်ကင်းလာတယ်။ စိတ္တဇရောဂါကုသဆေးကို ဆက်လက်စားသုံး ဖို့တော့ လိုအပ်သေးတယ်။

စာရေးသူ ပြန်လည်စမ်းသပ်စစ်ဆေးတဲ့နေ့မှာ ခင်ပွန်းမစ္စတာတီနဲ့ မစ်အေတို့အတူ ရောက်လာတယ်။ သူတို့ဆုံးဖြတ်ရခက်နေတဲ့ ပြဿနာတစ်ခုကို တင်ပြမေးမြန်းပါတယ်။

မစ်အေက မစ္စတာတီရဲ့ ဘယ်ဘက်လက်ခုံကို သူမရဲ့ ညာဘက်လက်နဲ့ ဆုပ်ကိုင်ပြီး စတင်မေးမြန်းတယ်။

” ကျွန်မတို့သားသမီးလိုချင်တယ် ဆရာ။ ဒါပေမဲ့ ကျွန်မမှာစိတ်ရောဂါရှိလာတော့ သားသမီးယူသင့်၊ မယူသင့်ဆိုတာကို မဝေခွဲနိုင်ဖြစ်လာပါတယ်”

ဘယ်လိုအချက်နဲ့ ပတ်သက်ပြီး မဝေခွဲနိုင်ဖြစ် နေသလဲလို့ စာရေးသူက မေးကြည့်တော့-
“ကျွန်မ ခံစားနေရတဲ့ ရောဂါက စိတ်ကစဉ့်က လျားစိတ္တဇရောဂါဆိုတော့ ကျွန်မတို့သားသမီးတွေ မှာ ဒီလိုရောဂါ ဖြစ်လာမှာကို စိုးရိမ်ပါတယ်။ နောက် ပြီး ကိုယ်ဝန်ဆောင်နေချိန်မှာ ရောဂါပြန်ထလာမှာကိုလည်း ကျွန်မ ကြောက်ပါတယ်”

မိဘ တစ်ဦးဦးမှာ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါရှိရင် သားသမီးတွေထဲမှာ ရောဂါဖြစ်နှုန်းက ၁၃ ရာခိုင်နှုန်း ဖြစ်တယ်။ မိဘနှစ်ဦးစလုံး ဒီရောဂါရှိရင် သားသမီး တွေထဲမှာ ရောဂါဖြစ်နှုန်းက ၄၆ ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။ ညီအစ်ကိုမောင်နှမတွေထဲမှာ ရောဂါရှိရင် ကျန်ညီအစ်ကိုမောင်နှမတွေမှာ ရောဂါ ဖြစ်နှုန်းက ၁၀ ရာခိုင်နှုန်းရှိပါတယ် . . .

မစ်အေပြောတာကို သဘောတူတဲ့ အမူအရာ နဲ့မစ္စတာတီက ခေါင်းညိတ်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရေရေလည်လည်ရှင်းပြ ဖို့လိုတယ်လို့ စာရေးသူ စဉ်းစားမိတယ်။ ဒါကြောင့်-
“သားသမီးယူသင့်၊ မယူသင့်ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ပေးဖို့ မသင့်တော်ပါဘူး။ မစ္စတာတီနဲ့ မစ်အေတို့ စဉ်းစားနိုင်ဖို့လိုအပ်တဲ့ အ ချက်အလက်တွေကို ကျွန်တော်ပြောပြနိုင်ပါတယ်။ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါနဲ့ ပတ်သက်ပြီး ကျွန် တော်တို့ သိရှိထားတာရှိတယ်။ ပြည်သူလူထုထဲမှာ တစ်သက်တာအတွင်း ဒီရောဂါဖြစ်ပွားနှုန်းက တစ် ရာမှာ တစ်ယောက်(တစ်ရာခိုင်နှုန်း)ရှိပါတယ်”
မစ္စတာတီက အနည်းငယ်တွေဝေစဉ်းစားပြီး မေးခွန်းထုတ်တယ်။

“တစ်သက်တာအတွင်းဆိုတာကဘာလဲဆရာ”

စာရေးသူ ဆက်လက်ဖြေကြားပေးပါတယ်။
“လူတစ်ယောက်ရဲ့ သက်တမ်းကာလတစ် လျောက်ကိုဆိုလိုတာပါ။ မွေးဖွားလာတဲ့ ကလေး တစ်ရာကို သူတို့သက်တမ်းတစ်လျောက် လိုက် ကြည့်ရင် တစ်ယောက်က စိတ်ကစဉ့်ကလျားစိတ္တဇ ရောဂါဖြစ်နိုင်တယ်လို့ ဆိုလိုတာပါ။ မိသားစုထဲမှာ ဒီရောဂါရှိရင်တော့ ရောဂါဖြစ်နှုန်းက ပိုမိုလာပါတယ်။ မိဘတစ်ဦးဦးမှာ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါရှိ ရင်သားသမီးတွေထဲမှာ ရောဂါဖြစ်နှုန်းက ၁၃ ရာခိုင် နှုန်းဖြစ်တယ်။ မိဘနှစ်ဦးစလုံး ဒီရောဂါရှိရင် သား သမီးတွေထဲမှာ ရောဂါဖြစ်နှုန်းက ၄၆ ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။ ညီအစ်ကိုမောင်နှမတွေထဲမှာ ရောဂါရှိရင် ကျန်ညီအစ်ကိုမောင်နှမတွေမှာ ရောဂါ ဖြစ်နှုန်းက ၁၀ ရာခိုင်နှုန်းရှိပါတယ်”
စာရေးသူ ဒီလိုပြောပြလိုက်တော့မစ်အေ မျက်နှာညှိုးသွားပါတယ်။ နောက်ပြီး စိုးရိမ်တဲ့ အသံနဲ့ မှတ်ချက်ချပါတယ်။

“ဆရာ ပြောသလိုဆိုရင် ကျွန်မခံစားနေရတဲ့ စိတ်ကစဉ့်ကလျားရောဂါက မျိုးရိုးလိုက်တတ်တဲ့ ရောဂါမျိုးပေါ့”
သူတို့လင်မယား အမြင်မှားသွားမှာ စိုးရိမ်မိလို့ စာရေးသူက သူတို့မျက်နှာကို ကြည့်ပြီး လေးလေး နက်နက်ဆက်လက်ပြောပါတယ်။
“အဲဒီလို အတိအကျ ကောက်ချက်ချလို့ မရပါ ဘူး မစ်အေ။ ဗီဇမျိုးစေ့ရှိတိုင်း ဒီလိုရောဂါ ဖြစ်တော့မယ်လို့ တပ်အပ်ပြောလို့ မရပါဘူး။ ဥပမာ-မျိုးဥတူ အမြွှာပူးတွေကိုကြည့်ပါ။ မျိုးဥတူ အမြွှာပူးဆိုတာ တစ်ဦးနဲ့တစ်ဦး ဗီဇမျိုးစေ့ပုံတူပါရှိတဲ့ အမြွှာပူး။ သားဥတစ်လုံးထဲက သန္ဓေသားနှစ်ယောက် ဖြစ်ပွားလာတဲ့ အမြွှာပူးကိုပြောတာပါ။ အဲဒီလို မျိုးဥတူ အမြွှာပူး တစ်ယောက်မှာ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါရှိရင် ကျန်အမြွှာပူးတစ်ယောက် အလားတူ ရောဂါရရှိဖို့က ၄၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ ရာခိုင်နှုန်းပြည့် မဟုတ်ဘူး။ ဒီအချက်က ဘာကိုဖော်ပြသလဲ။ ဗီဇမျိုးစေ့ပါရှိ တိုင်းရောဂါဖြစ်ပွားမလာဘူးဆိုတာကို ထောက်ပြတဲ့ သဘောပါ။

မစ်အေက အားတက်လာတဲ့ အမူအရာနဲ့ သေချာအောင် မေးပါတယ်။
“ဒီလိုဆိုတော့ ကျွန်မရဲ့ရောဂါ ဗီဇမျိုးစေ့ပါရှိတိုင်း ကျွန်မကလေးမှာ ရောဂါရရှိလာမှာ မဟုတ်ဘူးပေါ့”
စာရေးသူက ထပ်ဆင့်ပြောပါတယ်။

“မှန်ပါတယ်။ မိဘတစ်ဦးဦးမှာ ဒီရောဂါရှိပေမယ့် သားသမီးတွေထဲမှာ ၈၇ ရာခိုင်နှုန်းကျော်ဟာ ရောဂါ ဖြစ်မလာဘူးဆိုတာလည်း သတိမူသင့်ပါတယ်”

တစ်ချိန်လုံး ငြိမ်ငြိမ်သက်သက် နားထောင်နေတဲ့ မစ္စတာတီက အရေးကြီးတဲ့ မေးခွန်းတစ်ခုကို မေးပါတယ်။
“ဒီလိုဆိုတော့ မျိုးရိုးဗီဇအပြင် ဒီရောဂါ ဖြစ်ပွားဖို့ အလားအလာများစေတဲ့ တခြားအကြောင်းရင်းတွေ ရှိသလား ဆရာ”
စာရေးသူက အလျင်အမြန် ဖြေဆိုလိုက်တယ်။

“ရှိပါတယ်။ အဲဒီအချက်တွေကတော့-

– မိခင်ကိုယ်ဝန်ရှိချိန်မှာ တုပ်ကွေးရောဂါ၊ ရေယုန်ရောဂါ စတဲ့ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုး ရောဂါခံစားရခြင်း၊

– ကိုယ်ဝန်ဆောင်မိခင် အာဟာရချို့တဲ့ခြင်း၊

– သားဖွားချိန်မှာ မွေးကင်းစကလေး ဒဏ်ရာရရှိခြင်း၊

– မွေးကင်းစကလေး အောက်ဆီဂျင်ဓာတ်နည်းလို့ အသားပြာခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊

– ကလေးငယ်ဘဝမှာ ဦးနှောက်ဒဏ်ရာရခြင်း၊ ဦး နှောက်ရောင်ရောဂါ ခံစားရခြင်း၊

– မိခင်နဲ့ သားသမီးဆက်ဆံရေးပုံသဏ္ဍာန် မမှန်ခြင်း၊

– ကလေးဘဝမှာ ရိုက်နှက်ညှင်းဆဲတာ၊ လိင်စော်ကားတာ ခံစားရခြင်း၊

– ငယ်စဉ်ကစပြီး မူးယစ်ဆေးသုံးစွဲခြင်း၊

– အရွယ်ရောက်ချိန်မှာ နိုင်ငံခြား သွားရောက်နေ ထိုင်ခြင်း၊ လူဦးရေထူထပ်တဲ့ မြို့ကြီးတွေမှာ နေ ထိုင်ခြင်း စတဲ့ဘဝအတွေ့အကြုံတွေ ဖြစ်ပါတယ်။

“ကျွန်တော်တို့ သားသမီးလိုချင်ရင် ဆရာပြော တဲ့အချက်အလက် အကြောင်းရင်းတွေကို ရှောင်ဖို့လိုတာပေါ့”
မစ္စတာတီရဲ့ မေးခွန်းက လက်တွေ့ကျတဲ့ မေးခွန်းပါ။
“မှန်ပါတယ် မစ္စတာတီ”လို့ စာရေးသူက လေးလေးနက်နက် ထောက်ခံဖြေကြားပါတယ်။ ဆက်ပြီး ပြောတာက-
“အထူးသဖြင့် သန္ဓေသားဘဝနဲ့ ကလေးငယ် ဘဝမှာ ဦးနှောက်ထိခိုက်တဲ့ ဒဏ်ရာမရရှိဖို့ အရေး ကြီးပါတယ်။ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါက ဦးနှောက်အင်္ဂါပိုင်းတစ်ခုနဲ့ တစ်ခု ဆက်သွယ်ပေးတဲ့ အာရုံကြောမျှင်တွေ တိုးတက်ကြီးထွားဖြန့်ဝေပုံမူမမှန်လို့ဖြစ်ပွားတာလို့ ယူဆပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးကိုဂရုစိုက်ရင် စိတ်ရောဂါကာကွယ်နည်းတစ်မျိုးလို့ ယူဆ နိုင်ပါတယ်”

စာရေးသူ ရှင်းပြတာကြောင့် မစ်အေရဲ့ စိတ်ထဲမှာ တစ်ခုခုကို ဆုံးဖြတ်လိုက်တာ ဖြစ်နိ်ုင်တယ်။ သူမကမေးပါတယ်။
“ကျွန်မ ကိုယ်ဝန်ရှိလာရင် ဒီရောဂါ ပြန်ဖြစ် နိုင်သလား ဆရာ”
စာရေးသူ အတိအကျ ကတိမပေးနိုင်တဲ့ မေးခွန်းဖြစ်ပါတယ်။
“စိတ္တဇရောဂါ ဖြစ်ပွားဖူးသူ ကိုယ်ဝန်ရှိလာရင် ရောဂါအကင်းသေနေတာ ရှိသလို ရောဂါဆိုးရွားလာ တာလည်း ရှိပါတယ်။ စိတ္တဇရောဂါကုသဆေးဆက် လက်မှီဝဲဖို့လိုရင် ဆက်လက်မှီဝဲသင့်ပါတယ်။ သန္ဓေသားအတွက်အန္တရာယ်အနည်းဆုံးဆေးကို ရွေးချယ် အသုံးပြုပါတယ်။ ကိုယ်ဝန်ဆောင်စ ပထမသုံးလနဲ့ မွေးဖွားမယ့်ရက်မရောက်ခင်လပိုင်းအတွင်းမှာ ဆေး ရပ်နိုင်ရင် ကောင်းပါတယ်။ ဆေးရပ်ထားဖို့ မသင့် တော်ရင် ဆေးအချိန်အတွယ် အနည်းဆုံးပေးပြီး ရောဂါကို ထိန်းချုပ်ထားဖို့ ကြိုးစားရမှာပါ။ မစ္စတာ တီနဲ့ မစ်အေတို့ သားသမီးယူဖို့ ဆုံးဖြတ်ပြီးလို့ မစ် အေကိုယ်ဝန်ယူတော့မယ်ဆိုရင် ကျွန်တော်နဲ့ လာရောက် ဆွေးနွေးကြပါ”
“ကျေးဇူးတင်ပါတယ် ဆရာ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top