Healthy Life Ad
Life Style

အူမကြီးကင်ဆာကုသအောင်မြင်ခဲ့ပြီးနောက် အဆုတ်နှင့်အရေပြားသို့ ပြန့်နှံ့သွားသည့်ကင်ဆာကို ကျော်လွှားအနိုင်ယူနေသည့် ကိုကြည်သာဟိန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ယခုအခါ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် နေထိုင်အလုပ်လုပ်လျက်ရှိသော ကိုကြည်သာသည် ပြီးခဲ့သော ၂၀၁၂ ခုနစ်၊ မေလတွင် စင်ကာပူနိုင်ငံ၌အလုပ်လုပ်ရင်း အသက် ၂၉ နှစ်အရွယ်တွင် ဆေးရုံစတက်ခဲ့ရသည်ဟု ဆိုသည်။

“ဝမ်းဗိုက်အောက်ပိုင်းမှာ နာကျင်နေတာ သုံးလေးပတ်လောက်ရှိပြီ။ ဂျီပီသွားပြတော့ အူရောင်တာဖြစ်မယ်ထင်တယ်ဆိုပြီး ထိုးဆေး၊ သောက်ဆေးတွေပေးလိုက်တော့ နည်းနည်းသက်သာသယောင်ရှိပေမယ့် နာကျင်မှုက ပိုဆိုးလာတယ်။ နောက်ဆုံး ဘယ်လိုမှမခံနိုင်တော့ စင်ကာပူ အထွေထွေရာဂါကုဆေးရုံရဲ့ အရေးပေါ်ကိုပြေးရတယ်။ ဆေးရုံတန်းတက်ပြီး ရောဂါရှာလိုက်တော့ အူမကြီးကင်ဆာ (Bowel cancer) ဆိုတဲ့ အဖြေထွက်လာတယ်”ဟု ကိုကြည်သာဟိန်းက ကင်ဆာခရီးလမ်းအစကို ပြန်ပြောင်းပြောပြခဲ့သည်။

ရောဂါတွေ့ချိန်တွင် ကင်ဆာအကျိတ်က အစာဟောင်းအိမ်ကို ပိတ်ဆို့လုနီးပါးဖြစ်နေသဖြင့် အူအောက်ပိုင်း ရောင်ရမ်းနာကျင်ကာ ဝမ်သွားရခက်ခဲလာခြင်းဖြစ်ကြောင်း၊ အူမကြီးကင်ဆာက အသက် ၅၀ကျော် ၆၀ အရွယ်တို့တွင် အဖြစ်များသဖြင့် ထိုကင်ဆာဖြစ်သူများထဲတွင် အလွန်ငယ်ရွယ်လွန်းကြောင်း ဆရာဝန်များက ကိုကြည်သာဟိန်းကို ရှင်းပြခဲ့သည်။

“တကယ်တော့ ဆေးရုံမရောက်ခင် လွန်ခဲ့တဲ့ တစ်လခွဲ-နှစ်လလောက်အတွင်း ဝမ်းသွားတာ ပုံမှန်မဟုတ်တာ သတိထားမိလာတယ်။ ဝမ်းသွားပြီးတိုင်း စိတ်မှာပေါ့ပါးပြီး ရှင်းလင်းသွားတယ်လို့ မခံစားရဘူး။ ဝမ်းချုပ်ရင်ချုပ်၊ မချုပ်ရင် ဝမ်လျှောချင်သလို ဖြစ်ဖြစ်နေတယ်။ နောက်ပိုင်းဝမ်းသွားရင် သွေးစလေးတွေ စတွေ့လာရတယ်။ လိပ်ခေါင်းထင်ပြီး ဆရာဝန်သွားပြ၊ ဆေးတွေသောက်လိုက်သေးတယ်။

ကိုယ်အလေးချိန် သိသိသာသာ လျော့ကျလာတယ်။ ပုံမှန်စားနေသောက်နေရင်းနဲ့ကို တစ်လအတွင်း လေး-ငါးကီလိုလောက် ကျသွားတယ်။ လူက ပိုပြီးမောပန်းလွယ်လာတယ်”ဟု ကိုကြည်သာဟိန်းက အူမကြီးကင်ဆာဟု မသိခင်ကခံစားခဲ့ရသည့် အစောပိုင်းလက္ခဏာများကို ပြောပြခဲ့သည်။ ကိုကြည်သာဟိန်းတို့မျိုးရိုးအရ ကင်ဆာဖြစ်သူများကြောင်း၊ ဖခင်၏ဘကြီးက ခံတွင်းကင်ဆာ၊ ဘကြီးက အသည်းကင်ဆာ၊ ဦးလေးဝမ်းကွဲ အသည်းကင်ဆာ၊ အဒေါ်က သားအိမ်ကင်ဆာ၊ မိခင်က ရင်သားကင်ဆာများဖြစ်ဖူးကြောင်းသိရသည်။

ထို့ပြင် အူမကြီးကင်ဆာဖြစ်ရခြင်းအကြောင်းရင်းကို “စင်ကာပူမှာ အစားအသောက်တွေ အလွန်ပေါတယ်။ တစ်ကိုယ်ရေတကာယဆို ချက်စားတာနဲ့ ဝယ်စားတာက ကုန်ကျစရိတ်လည်း သိပ်မကွာလှဘူး။ အများအားဖြင့် သုံးနပ်စလုံး အပြင်မှာပဲစားဖြစ်တယ်။ ဆိုင်ကရောင်းတဲ့ အစားအသောက်ဆိုတာ ဘယ်လောက်ပဲသန်ရှင်းတယ်ဆိုဆို အိမ်ထမင်းဟင်းလောက် ကျန်မာရေးနဲ့ မညီညွတ်နိုင်ဘူး။

နောက်တစ်ခုက အချိုရည် (Soft drink)တွေကို အလွန်အကျွံသောက်သုံးဖြစ်တာပဲ။ ကိုကာကိုလာကြိုက်တော့ ထမင်းစားတိုင်း အချိုရည်ဘူး တစ်ဘူးလောက် အမြဲပါတယ်။ တစ်နေ့ကို အနည်းဆုံး နှစ်ဘူး-သုံးဘူး အသာလေးသောက်မိသွားတယ်။ အလုပ်ကလည်း ကွန်ပျုတာနဲ့လုပ်ရတဲ့ အလုပ်ဆိုတော့ တစ်ရက်ကို နာရီပေါင်းများစွာထိုင်ရတယ်။ ဒီအကြောင်းတွေက ကင်ဆာဖြစ်စေတဲ့ နေထိုင်စားသောက်ပုံတွေဖြစ်မယ်လို့ထင်ပါတယ်”ဟုဆိုသည်။

ဆေးရုံမတက်ခင်တုန်းက သင်္ကြန်မှာ ၁၀ ရက် တရားစခန်းဝင်ခဲ့သေးတယ်။ သဲအင်းဂူနည်းနဲ့ တရားထိုင်ခဲ့တာဆိုတော့ သည်းခံနိုင်တဲ့ စိတ်နည်းနည်းရလာတယ်။ အဲဒါကလည်း ကင်ဆာကျော်လွှားချိန်မှာ ကောင်းကောင်း အထောက်အပံ့ရတယ်။ ဒါပေမဲ့ . . .

စင်ကာပူအထွေထွေရောဂါကုဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရာ ဓာတ်ရောင်ခြည်ဌာနမှ ဆရာဝန် (radiation oncologist)က ပထမဆုံး ကိုယ်တွင်းအကျိတ် ထိန်းချုပ်ရန်နှင့် အနည်းငယ် အရွယ်အစားသေးငယ်သွားရန် ဓာတ်ရောင်ခြည်သုံးကုထုံး (radiotherapy) လုပ်ခြင်း၊ ဒုတိယအဆင့်အဖြစ် အကျိတ်ကို ခွဲစိတ်ဖြတ်တောက်ခြင်း၊ နောက်ဆုံးအဆင့်က ကင်ဆာဆေးသွင်းကုထုံး (chemotherapy) မှုတို့ပေးမည်ဖြစ်ကြောင်း ရှင်းပြပြီး ရက်ချိန်းပေးလိုက်ကြောင်း ကိုကြည်သာဟိန်းက ဆိုသည်။

“ဓာတ်ရောင်ခြည်ကုသမှု မစတင်ခင် သုံးလေးရက်အတွင်း ဗိုက်ကမခံမရပ်နိုင်အောင် ပြန်နာလာပြန်ရော။ ဒါနဲ့ ဆေးရုံပြန်တက်ရတယ်။ ပထမဆုံး ပိတ်ဆို့နေတဲ့ အစာဟောင်းအိမ်နဲ့ အူလမ်းကြောင်းကိုသက်သာစေဖို့ လမ်းကြောင်းလွှဲတဲအနေနဲ့ အူကိုချက်နားလောက်ကနေ အပြင်ထုတ်ထားဖို့ Colo-stomy လို့ခေါ်တဲ့ ခွဲစိတ်မှုလုပ်ရတယ်။ ကိုယ်တွင်းက ထွက်မယ့်အညစ်အကြေးတွေကို အဲဒီဗိုက်ပေါ်က အူပေါက်လေးကနေစွန့်ထုတ်ရတယ်။ အဲဒီနေရာမှာ stoma bag လို့ခေါ်တဲ့ အိတ်လေးကို အမြဲဝတ်ထားရတယ်။ အနံအသက်လည်း လုံးဝမထွက်ဘူး။

ဓာတ်ရောင်ခြည်ပေးကုထုံးကို ပြင်ပလူနာအနေနဲ့ ခံယူရတာဆိုတော့ အိမ်ကနေဆေးရုံကို သွားလိုက်လာလိုက်ပေါ့။ စက်အောက်ဝင်ပြီး နာရီဝက်လောက်ပဲကြာတယ်။ အဲဒီကုသမှုပြီးတော့ လူကအတော်လေးပိန်ပြီး အရိုးပေါ်အရေတင်ဖြစ်နေပြီ။ နောက်တော့ အကြိမ်ရေများလာတာနဲ့အမျှ လူကသိသိသာသာကြီး ပင်ပန်းနွမ်းနယ်လာတယ်။ တခြားသူတွေလို အရမ်းမူးဝေပြီး အန်တာတွေမရှိပေမယ့် ညဆိုခါးကိုက်လို့ ကောင်းကောင်းအိပ်မပျော်ဘူး။ နောက်ပိုင်း ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ကင်ဆာဆေးကို စုစုပေါင်း ၆ကြိမ်သွင်းရတယ်” ဟု ကိုကြည်သာဟိန်းက ဆေးကုသမှုအတွေ့အကြုံကို ပြောပြခဲ့သည်။

ဆေးရုံတက်နေချိန်တွင် စင်ကာပူတွင်ရှိသည့် ညီဖြစ်သူကပြုစုပြီး နောက်ပိုင်း ဖခင်၊ အစ်မနှင့် အမေတို့ တစ်လှည့်စီ လာရောက်ပြုစုခဲ့ကြကြောင်းသိရသည်။
“ကင်ဆာကုသရာမှာ အခက်အခဲတွေကတော့ တစ်မျိုးစီပဲ။ ဘယ်အရာက အခက်ခဲဆုံးလဲဆိုတာကျတော့ ပြောဖို့ခက်တယ်။ ခွဲစိတ်မှုပြီးတော့လည်း ပြန်နာလန်ထဖို့ အချိန်အတော်ကြာ ကြိုးစားရတယ်။ ဓာတ်ရောင်ခြည်ကုထုံး၊ ကင်ဆာဆေးသွင်းကုထုံး စတဲ့ ကုသမှုအားလုံးဟာ စိတ်ရောလူပါအတော်လေး ပင်ပန်းဆင်းရဲစေတယ်။ ကုသမှုတွေအားလုံးဟာ ဘေးထွက်ဆိုးကျိုးတွေ သိပ်များလွန်းတော့ ဒါတွေကိုကျော်လွားဖို့ စိတ်ဓာတ်ခွန်အား အတော်လေးလိုပါတယ်။

ကိုယ်တစ်ချိန်လုံး တသသနဲ့တပ်မက်နေတဲ့ ကိုယ့်ရုပ်က ကိုယ်တိုင်ယိုယွင်းလာတာကြုံရတော့ သံဝေဂတရားက အလိုလိုနေရင်းနဲ့ ရစပြုလာတယ်။ ဘုရားဟောတာနဲ့ ကိုယ်ဖြစ်နေတာကကွက်တိ အနာပေါ်တုတ်ကျသလိုပဲ။ လမ်းပျောက်နေရာကနေ ဓမ္မက ကိုယ့်ကိုပေးလိုက်တဲ့ အသိဉာဏ်ကြောင့် . . .

ရောဂါစဖြစ်တော့ ဘာသာရေးနဲ့ဝေးတယ်။ အဲဒီမတိုင်ခင်ကလည်း ဘုရားတောင် တစ်ခါတလေ ညတိုင်းရှိခိုး၊ မအိပ်ဖြစ်ဘူး။ ဒီရောဂါဖြစ်တော့ ကိုယ်ခန္ဓာက ကိုယ်မျက်စိအောက်မှာတင် ပျက်စီးယိုယွင်းလာတာ ထင်ထင်ရှားရှားကြီးကို မြင်နေရတာ။ ကိုယ်တစ်ချိန်လုံး တသသနဲ့ တပ်မက်နေတဲ့ ကိုယ့်ရုပ်က ကိုယ်တိုင်ယိုယွင်းလာတာကြုံရတော့ သံဝေဂတရားက အလိုလိုနေရင်းနဲ့ရစပြုလာတယ်။ ဘုရားဟောတာနဲ့ ကိုယ်ဖြစ်နေတာကကွက်တိ အနာပေါ်တုတ်ကျသလိုပဲ။ လမ်းပျောက်နေရာကနေ ဓမ္မက ကိုယ့်ကိုပေးလိုက်တဲ့ အသိဉာဏ်ကြောင့် လက်ကျန်အချိန်တွေကို ဘယ်လိုကုန်ဆုံးမယ်၊ ဘာလုပ်ရမယ်ဆိုတာ ထင်ထင်ရှားရှားသိမြင်လာပါတယ်”ဟု ကိုကြည်သာဟိန်းက ဆေးကုသမှုအခက်အခဲများနှင့် ဘာသာတရားလိုက်စားဖြစ်ခဲ့ပုံများကို ပြောပြခဲ့သည်။ ကိုကြည်သာဟိန်းသည် နေပြန်ကောင်းကောင်းချင်း အလုပ်ပြန်တက်ခဲ့သော်လည်း ဆေးဒဏ်များကြောင့် အလုပ်အပေါ် ယခင်လောက် စိတ်ဝင်စားမှုမရှိတော့ကြောင်း ကိုကြည်သာဟိန်းကဆိုသည်။

အူမကြီးကင်ဆာအဆင့်(၃) ကင်ဆာကုသအောင်မြင်ရခြင်းနှင့်ပတ်သက်ပြီး “ဆေးကုသမှုနဲ့ ဆေးဝါးစောင့်ရှောက်မှု အကောင်းဆုံးနေရာတွေမှာ ရောက်နေတဲ့အတွက် ကုသိုလ်ကံအကျိုးပေးကောင်းတယ်လို့ ထင်တယ်။ ကိုယ်ဘက်ကလုပ်နိုင်တာလုပ်မယ်၊ ကုလို့ရတဲ့နည်းတွေနဲ့ ကုသမယ်။ အနေအထိုင်၊ အစားအသောက်ကို ကြိုးစားပြီး ပြုပြင်ပြောင်းလဲယူမယ်။ စိတ်ကိုတတ်နိုင်သမျှ အေးချမ်းစွာထားမယ်၊ ဒီလိုပြင်ဆင်ပြီး ဆေးဝါးကုသတယ်။ ဒီရုပ်ကြီးကတော့ သူ့သဘောအတိုင်း သူပျက်စီးနေတာပေါ့၊ ဒါပေမဲ့ ကိုယ်လုပ်နိုင်တာက ထိန်းသိမ်းစောင့်ရှောက်တဲ့အပိုင်းဆိုတော့ ရသလောက် ဂရုစိုက်စောင့်ရှောက်လို့ အောင်မြင်တယ်လို့ထင်ပါတယ်”ဟု ကိုကြည်သာဟိန်းကဆိုသည်။

ကင်ဆာကုသအောင်မြင်ထားသူတို့ အကြောက်ဆုံးအရာက ကင်ဆာနောက်တစ်ကြိမ် ပြန်ဖြစ်မည်စိုးခြင်းပင်။ အထူးသဖြင့် ပုံမှန်ဘဝအတိုင်း နေထိုင်ရန်ကြိုးစားနေသော ကိုကြည်သာဟိန်းအတွက် သုံးလအကြာဆေးပြန်စစ်ရာ ကင်ဆာက အဆုတ်သို့ရောက်သွားပြီဆိုသည့် သတင်းဆိုးကြားရတော့သည်။ “ပထမဆုံးအကြိမ် ကင်ဆာဆိုတာ ကြားကြားချင်းထက် မလျော့တဲ့ကြောက်ရွံ့တုန်လှုပ်မှုမျိုးနဲ့ ငါနောက်တစ်ကြိမ် ဒါကြီးကို ဘယ်လိုအင်အားမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုပြီး စိတ်ဓာတ်ကျသွားတယ်။

မီလီမီတာလောက်ပဲရှိသေးတဲ့ ကင်ဆာအကျိတ်ငယ်လေးခုလောက်ကို အဆုတ်ရဲ့ ဘယ်နဲ့ညာခြမ်းနှစ်ဖက်စလုံးမှာ တွေ့ရတယ်။ အဆုတ်မှာ ပြန်တွေ့တဲ့ကင်ဆာကို ဘယ်လိုအင်အားမျိုးနဲ့ ထပ်ကုရမလဲဆိုပြီး သောကဖြစ်နေချိန်မှာ သြစတြေးလျသွားဖို့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကျော်လောက်က လျောက်ထားတဲ့ အမြဲတမ်းနေထိုင်ခွင့် ဗီဇာကကျလာတယ်။ အော်ဇီမှာ အမြဲတမ်းနေထိုင်ခွင့်ရသူဟာ သူ့နိုင်ငံသားအတိုင်း ခံစားခွင့်အကုန်ရပါတယ်။ အစိုးရရဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုက သိပ်ကိုကောင်းမွန်ပါတယ်။ အဲဒါနဲ့ သြစတြေးလျမှာ ဆက်ကုဖြစ်ခဲ့တယ်။

ပြောရရင် အူမကြီးကင်ဆာကို ကုသပြီး ၆လလောက်ကြာတော့ အဆုတ်ကို ကင်ဆာပြန့်နှံ့သွားတယ်။ နောက်သုံးနှစ်ခွဲ-လေးနှစ်နီးပါးမှာ ခေါင်းက အရေပြားပေါ်ကိုရောက်သွားတယ်။ သွေးစုနာလို Cyst အကျိတ်လေးထင်နေရာကနေ စစ်လိုက်တော့ ကင်ဆာအကျိတ်လေးဖြစ်နေတယ်။ အခုခွဲစိတ်ဖို့ ဒီအပတ်ထဲရက်ချိန်းယူထားတယ်”ဟု ကိုကြည်သာဟိန်းက လက်ရှိအရေပြားကင်ဆာအကျိတ်အတွက် ကုသမှုခံယူမည့်အကြောင်း ပြောပြခဲ့သည်။

“အခုတော့ အလွန်အမင်းပြုပြင်ထားတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်တယ်။ အသား၊ ငါးတွေမစားဘဲ နှစ်လကျော် သုံးလလောက် နေလိုက်သေးတယ်။ တလောကအဆုတ်ကို အသားစယူဖို့ခွဲစိတ်ထားပြီး နာလန်ထမှာ အားနည်းနေတာနဲ့ အခုတာ့ ကြက်ပြုတ်ရည်နဲ့ ငါးကိုပြန်စားတယ်။ အသီးအနှံနဲ့ပဲကို အဓိကစားတယ်။ ကင်ဆာကို ခုခံကာကွယ်နိုင်တဲ့ အသီးအနှံတွေကို ပိုပြီးစားသောက်ပေးတယ်။ နေ့စဉ်လမ်းလျှောက်တယ်”ဟု ကိုကြည်သာဟိန်းက လက်ရှိ သူ၏နေထိုင်စားသောက်မှုပုံစံကို ပြောပြခဲ့သည်။

အရင်က ကိုယ်တိုင်သရုပ်ဆောင်ပြီး ဇာတ်လမ်းထဲမှာ စည်းမျောနေတာ၊ ကိုယ်ဘာဖြစ်လို့ ဖြစ်နေမှန်းမသိဘူး။ လောဘတွေ သိပ်ကြီးနေလား၊ ဒေါသတွေ ထွက်နေလား၊ စိတ်ဓာတ်တွေကျနေလား။ အခုတော့ ကိုယ်ဘဝကိုယ် ပြန်လည်သုံးသပ်ဖို့ အချိန်ရလာတယ် . . .

ယခုအခါ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ကိုကြည်သာဟိန်းက ကင်ဆာဝေဒနာရှင်များ၊ ကင်ဆာကုသနေသူများအား-

“အူမကြီးကင်ဆာမဖြစ်ခင်နဲ့ ဖြစ်ပြီးပြောင်းလဲသွားတာကတော့ အခုရထားတဲ့ ဘဝအပေါ်ထားတဲ့ သဘောထားပဲ။ ဘာနဲ့တူလဲဆိုတော့ ပြဇာတ်တစ်ခုထဲမှာ ကိုယ်တိုင်ပါဝင်ကပြနေတာကနေ ခဏဘေးထွက်ပြီး ရပ်ကြည့်ခိုင်းထားသလိုပဲ။ အဲဒီကြမှပဲ ကိုယ်ဇာတ်ရုပ်ကို ကိုယ်ပြန်လည်သုံးသပ်ခွင့်ရတယ်။ အရင်က ကိုယ်တိုင်သရုပ်ဆောင်ပြီး ဇာတ်လမ်းထဲမှာ စည်းမျောနေတာ၊ ကိုယ်ဘာဖြစ်လို့ ဖြစ်နေမှန်းမသိဘူး။ လောဘတွေ သိပ်ကြီးနေလား၊ ဒေါသတွေ ထွက်နေလား၊ စိတ်ဓာတ်တွေကျနေလား။ အခုတော့ ကိုယ်ဘဝကိုယ် ပြန်လည်သုံးသပ်ဖို့ အချိန်ရလာတယ်။ အသိဉာဏ်လည်း ဒီအသက်အရွယ်နဲ့မရနိုင်တဲ့ ရင့်ကျက်တဲ့ အသိဉာဏ်ကိုပေးစွမ်းတယ်။ ပြောရရင် ကင်ဆာက ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာစေပါတယ်။

ကိုယ့်လိုပဲ ကင်ဆာရောဂါကုသနေတဲ့သူတွေကို ပြောချင်တဲ့အားပေးစကားက စိတ်ခွန်အားကိုမြှင့်တင်ထားပါ။ စိတ်ဓာတ်မကျဖို့၊ စိတ်ထောင်းကိုယ်ကြေမဖြစ်ဖို့ အားပေးချင်ပါတယ်။ စိတ်ဓာတ်ကတော့ အနည်းနဲ့အများမကျဘဲမနေဘူး။ ဒါပေမဲ့ ဒီရောဂါကြီးအပေါ်မှာ တစ်ချိန်လုံးသောကရောက်နေတဲ့ စိတ်မျိုးမထားဘဲ ကိုယ့်ဘက်က ပြုပြင်လို့ရတဲ့ စိတ်၊ ဥတု၊ အာဟာရ စတာတွေကို ရအောင်ပြုပြင်ပြီး ကိုယ်ကိုယ်ကိုယ် စောင့်ရှာက်ဖို့ပါပဲ။ အသက်ကို ဉာဏ်စောင့်ဆိုတဲ့စကားအတိုင်း သတိကြီးကြီးနဲ့ လက်ကျန်အချိန်တွေကို နေထိုင်သွားဖို့ပါပဲ”ဟု သူ့အတွေ့အကြုံအရ အားပေးစကားပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top