Healthy Life Ad
Life Style

အစာအိမ်သွေးကြောပေါက်ခြင်း

ပါမောက္ခဦးအေးမွန်( ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အစာအိမ်သွေးကြောပေါက်ရတဲ့ အကြောင်းရင်း ကို သိပါရစေ ဆရာ။
ဖြေ။ ။ အစာအိမ်သွေးကြောပေါက်တယ်ဆိုတာ အစာအိမ်အတွင်းနံရံက သွေးကြောတစ်ခုခုပေါက်တာ လည်းဖြစ်နိုင်ပါတယ်။ အစာအိမ်နဲ့ အူသိမ်ဦးမှာ ဖြစ် တဲ့အနာ(Gastric Ulcer နဲ့ Duodenal Ulcer) အခြေက သွေးကြော ပေါက်ထွက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးကြောပေါက်တယ်ဆိုတဲ့နေရာမှာ သွေးကြောတစ်ချောင်းတည်းပေါက်တာလည်း ဖြစ်နိုင်သလို သွေးကြောတွေ အများကြီး ပေါက်တာလည်း ဖြစ်နိုင်ပါတယ်။

အစာအိမ်အတွင်းနံရံက သွေးကြောပေါက်တာဟာ အကြောင်းနှစ်ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ ရှိပြီးသား အစာအိမ်အနာ(Gastric Ulcer)ေကြာင့်သွေးကြောပေါက်တာဖြစ်နိုင်သလို အစာအိမ်အတွင်းနံရံပါးသွားလို့ Erosion ကြောင့် သွေးကြောပေါက်တာလည်း ဖြစ်နိုင်ပါတယ်။ အစာအိမ်အနာကြောင့် သွေးကြောပေါက်တာက အစာအိမ်အနာပြင်းထန် ဆိုးဝါးတဲ့အချိန်မှာ သွေးကြောအနာဖြစ်ပြီး ပေါက်ထွက်ရတာပါ။ Erosion ကြောင့် သွေးကြောပေါက် ထွက်တာက အစာအိမ်နံရံ Mucosa တွေက အက်စစ်နဲ့ ဓာတုပစ္စည်းတွေကြောင့် စားသွားပြီး သွေးကြောပေါက်ထွက်ရတာ ဖြစ်ပါတယ်။

မေး။ ။ အစာအိမ်နံရံ Mucosa တွေက ဘယ်လိုအရာတွေကြောင့် တိုက်စားမှု ဖြစ်ရပါသလဲ ဆရာ။
ဖြေ။ ။ အစာအိမ်နံရံကို ထိခိုက်စေတဲ့ အရာတွေကတော့-

(၁) အကိုက်အခဲပျောက်ဆေး NSAIDs

(၂) တခြားအကိုက်အခဲပျောက်စေတဲ့ဆေး
ဥပမာ-မြန်မာဆေးတချို့၊

(၃) အရက်၊

(၄) စတီးရွိုက်ဆေးတွေ၊

(၅) ကင်ဆာကုသဆေးတွေ၊

(၆) သွေးကျဲဆေးတွေ (ဥပမာ- အက်စ်ပရင်ဆေးတွေ)ပဲ ဖြစ်ပါတယ်။

အစာအိမ်အနာ Duodenal Ulcer နဲ့ Peptic Ulcer တွေဖြစ်နေချိန် အကိုက်အခဲ ပျောက်ဆေး၊ စတီးရွိုက်ဆေး၊ ကင်ဆာကုသဆေးနဲ့ သွေးကျဲဆေးတွေ သောက်သုံးမိတာကြောင့် အနာပိုဆိုးလာပြီး သွေးကြောပေါက်ထွက်တတ်ပါတယ်။

မေး။ ။ အစာအိမ်သွေးကြောပေါက်တဲ့အခါ လူနာအနေ နဲ့ဘယ်လိုလက္ခဏာတွေကို ခံစားရတတ်ပါသလဲ ဆ ရာ။
ဖြေ။ ။ အစာအိမ်သွေးကြော ပေါက်တဲ့အခါ လူနာတွေ အဓိကက ခံစားရတဲ့ လက္ခဏာကတော့-
(၁) သွေးအန်တာ (Haemorrage) ဖြစ်ပါတယ်။ သွေးတွေက အစာအိမ်ကထွက်တဲ့ အစာခြေရည်နဲ့ ထိတွေ့ပြီး ကော်ဖီရောင်သွေးတွေအန်တတ်ပါတယ်။

(၂) သွေးတွေက အပေါ်ကို မဆန်တက်ဘဲ အောက်ကို ဆင်းတဲ့အခါ ဝမ်းမည်းမည်း အန်တတ်ပါတယ်။ ဒါကို Melaenaလို့ ခေါ်ပါတယ်။

(၃) ရင်ခေါင်းအောင့်တာ (Pain) ရတတ်ပါတယ်။
အဓိကကတော့ ဒီသုံးချက်ဖြစ်ပြီး ကျန်တဲ့ လက္ခဏာတွေကတော့ သွေးထွက်များတာကြောင့် သွေးပေါင်တွေကျတာ၊ ဖျော့တော့တာ၊ သွေးအားနည်းပြီး ဖြူဖတ်ဖြူရော်ဖြစ်တာ စတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ လူနာတွေအနေနဲ့ အဓိက ဖြစ်တတ်တဲ့ လက္ခဏာက သွေးအန်တာပါ။

အစာအိမ်သွေးကြောပေါက်တာနဲ့ အဓိက လွဲမှား တတ်တဲ့ရောဂါက အသည်းခြောက်ပြီး သွေးအန်တာ ပဲဖြစ်ပါတယ်။ အသည်းခြောက်ပြီး သွေးအန်တာက အစာအိမ်အဝ အစာရေမျိုပြွန် (Esophagus)မှာ ဖြစ်တာပါ။ အစာအိမ်သွေးကြောပေါက်တာမဟုတ်ပါဘူး။ အသည်းခြောက်လို့ သွေးအန်တာလား၊ အစာအိမ်သွေးကြောပေါက်လို့ အန်တာလားဆိုတာကို ခွဲခြားသိနိုင်ဖို့ဆိုရင် . . .

မေး။ ။ စာအိမ်သွေးကြောပေါက်တာမှာ ရောဂါအဆင့် သတ်မှတ်ချက်တွေ ရှိပါသလား ဆရာ။
ဖြေ။ ။ ရှိပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အပြင်းစား၊ အလတ်စားနဲ့ အပျော့စားဆိုပြီး သုံးမျိုးရှိပါတယ်။ ရော ဂါအပြင်းစားအဆင့်ဆိုတာ လူနာက သွေးအန်တာ များပြီး သွေးပေါင်ထိုးကျနေပါတယ်။ Shock တဲ့ အဆင့်ပါ။ ဒီအဆင့်မှာ အချိန်မီ ကုသမှုမပြုရင် အသက်အန္တရာယ်ရှိပါတယ်။ သွေးသွင်းကုသမှု ခံယူဖို့အရေးကြီးပါတယ်။
ရောဂါအလတ်စားအဆင့်မှာဆိုရင် လူနာက သွေးပေါင်တော့ မကျသေးပါဘူး။ သွေးအန်ပြီး သွေး အားနည်းနေပါတယ်။ လူနာက ဖျော့တော့နေတာကြောင့် ဆေးရုံတင်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
ရောဂါအပျော့စားအဆင့်မှာဆိုရင် လူနာက တစ်ခါ၊နှစ်ခါတော့ အန်ပါတယ်။ ဝမ်းမည်းမည်းလည်း သွားပါတယ်။ ဒီအဆင့်မှာလည်း ဆေးကုသမှု ခံယူဖို့ လိုပါတယ်။

မေး။ ။ အစာအိမ်သွေးကြော ပေါက်စေတဲ့ အစားအသောက်တွေ ရှိပါသလား ဆရာ။
ဖြေ။ ။ နဂိုက အစာအိမ်အနာရှိနေတဲ့သူတွေမှာ အစာ ကြမ်းကြမ်း၊ အစာမာမာတွေ စားလိုက်ရင် အစာအိမ် အနာကိုပိုဆိုးအောင် လုပ်လိုက်သလိုဖြစ်စေပြီး သွေးကြောပေါက်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အရက်၊ အပူအစပ်တွေ စားရင်လည်း အစာအိမ်အနာ ကိုပိုဆိုးစေနိုင်ပါတယ်။

မေး။ ။ အစာအိမ်သွေးကြောပေါက်တာနဲ့ လွဲမှားတတ်တဲ့ ရောဂါတွေရှိရင် သိပါရစေ ဆရာ။
ဖြေ။ ။ အစာအိမ်သွေးကြောပေါက်တာနဲ့ အဓိက လွဲမှားတတ်တဲ့ ရောဂါက အသည်းခြောက်ပြီး သွေးအန်တာပဲဖြစ်ပါတယ်။ အသည်းခြောက်ပြီး သွေးအန်တာက အစာအိမ်အဝ အစာရေမျိုပြွန် (Esophagus)မှာ ဖြစ်တာပါ။ အစာအိမ်သွေးကြောပေါက်တာ မဟုတ်ပါဘူး။ အသည်းခြောက်လို့ သွေးအန်တာလား၊ အစာအိမ်သွေးကြောပေါက်လို့ အန်တာလားဆိုတာ ကို ခွဲခြားသိနိုင်ဖို့ဆိုရင် ရောဂါရာဇဝင် (History)ကို မေး မြန်းရပါတယ်။ အသည်းခြောက်တယ်ဆိုရင် အရက် သောက်သလား၊ ရေဖျဉ်းစွဲနေသလား၊ မျက် လုံးဝါနေသလား၊ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးရှိသလား စတဲ့အချက်တွေကို စစ်ဆေးမေးမြန်း ကြည့်ရပါတယ်။ ဒီအချက်တွေ ရှိနေရင် အသည်း ခြောက်တာဖြစ်နိုင်ပြီး မရှိရင် အစာအိမ်သွေးကြော ပေါက်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

အစာအိမ်ကင်ဆာဖြစ်ရင်လည်း သွေးအန်တတ်ပါတယ်။ ကျောက်ကပ်မကောင်းတဲ့ အခြေအနေ (Chr-onic Renal Failure) မှာလည်း သွေး အန်တတ်ပါတယ်။

ကလေးတွေမှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ရင်လည်း သွေးအန်တတ်ပါတယ်။ ဒါပေမဲ့ အစာအိမ် သွေးကြောပေါက်တယ်ဆိုရင် သွေးအန်တာနဲ့အတူ ဝမ်းမည်းမည်းသွားတာ၊ သွားတဲ့ ဝမ်းက အရမ်းနံတာ တို့တွေ့ရတတ်ပါတယ်။ အူမကြီးကင်ဆာ၊ လိပ်ခေါင်း၊ အစာဟောင်းအိမ်ကင်ဆာတွေမှာလည်း သွေးဝမ်းသွားတတ်ပါတယ်။

မေး။ ။ အစာအိမ်သွေးကြောပေါက်နေသလားဆိုတာ သေချာအောင် ဘယ်လိုရောဂါစစ်ဆေးမှုတွေ ပြု လုပ်နိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အစာအိမ်သွေးကြောပေါက်နေသလား ဆိုတာ သေချာအောင် အစာအိမ်မှန်ပြောင်း (Endoscope) ကြည့်လို့ရပါတယ်။ မှန်ပြောင်းနဲ့ စစ်ဆေးကြည့်ရင် အသည်းခြောက်လို့ သွေးအန်တာလား၊ အစာအိမ် သွေးကြောပေါက်လို့ သွေးအန်တာလားဆိုတာကို ခွဲခြားသိနိုင်သလို အစာအိမ်ရဲ့ ဘယ်နေရာမှာဖြစ်တာလဲ၊ အစာအိမ်မှာလား၊ အူသိမ်ဦးမှာလား၊ အနာ (Ulcer)ကြောင့်ဖြစ်တာလား၊ တိုက်စားမှု (Erosion)ေကြာင့်ဖြစ်တာလား ဆိုတာတွေကိုပါ တိတိကျကျသိနိုင်ပါတယ်။ တကယ်လို့ ကုသဖို့လိုအပ်ရင် တောင် မှန်ပြောင်းကြည့်ရင်း ဆေးထိုးလို့ ရပါတယ်။ နောက်စစ်ဆေးမှုတစ်ခုကတော့ အာထရာဆောင်း ရိုက်တာပဲဖြစ်ပါတယ်။ တစ်ခါတလေ အသည်းခြောက်တာနဲ့ အစာအိမ်သွေးကြောပေါက်တာတွဲဖြစ်နေရင် အသည်းအခြေအနေ၊ အစာအိမ်အခြေအနေကိုပါ အတိအကျသိနိုင်ပါတယ်။

မေး။ ။ အစာအိမ်သွေးကြောပေါက်တာကို ဆေးဝါးနဲ့ ကုသ လို့ရပါသလား ဆရာ။
ဖြေ။ ။ အစာအိမ်သွေးကြောက်ပေါက်တဲ့ လူနာတစ်ရာ မှာ ၉၀ က ဆေးနဲ့ ကုသရုံနဲ့ သက်သာပျောက်ကင်း နိုင်ပါတယ်။ ဆေးကုတာအပြင် သွေးသွင်းကုသမှု လုပ်ရပါတယ်။ ဆေးအနေနဲ့ Proton Pump Inhibitor တွေကိုပေးပြီး အစာအိမ်ရဲ့ အက်စစ်ပမာဏ (Acidity)ကို ချရပါတယ်။ ပြီးတော့ အစာအိမ်ကို အနားပေးလိုက်မယ်ဆိုရင် လူနာ ၁၀ဝမှာ ၉၀ လောက်က ကောင်းသွားပါတယ်။

မေး။ ။ အစာအိမ်သွေးကြောပေါက်ရင်အသက်အန္တရာယ် စိုးရိမ်ရပါသလား ဆရာ။
ဖြေ။ ။ ခန္ဓာကိုယ်ကနေ သွေးထွက်တယ်ဆိုရင် ဘယ် နေရာကပဲ ထွက်ထွက် အန္တရာယ်ရှိပါတယ်။ အ ကြောင်းကတော့ သွေးပေါင်က တအားကျသွားနိုင်လို့ပါ။ အစာအိမ်သွေးကြောပေါက်ရင် အသက် အန္တရာယ်စိုးရိမ်ရပါတယ်။ အထူးသဖြင့် ရှော့ခ်ရပြီး သွေးပေါင်တအားကျသွားတဲ့ အခြေအနေမှာ ဆေးရုံတင်ပြီး အချိန်မီကုသမှုပေးဖို့ အရေးကြီးပါတယ်။

မေး။ ။ အစာအိမ်သွေးကြောပေါက်တာ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ အစာအိမ်သွေးကြော မပေါက်အောင် ကာကွယ်ဖို့ဆိုရင် အစာအိမ်အနာရှိတဲ့အခါ အထူးဂရုစိုက်ရပါ တယ်။ နောက်တစ်ခုက အကိုက်အခဲပျောက်ဆေးနဲ့ တခြားဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့ လိုပါတယ်။ အရက်၊ အစာမာ၊ အစာကြမ်းတွေကို အလွန်အမင်း မစားသောက်သင့်ပါဘူး။

မေး။ ။ အစာအိမ်သွေးကြောပေါက်တာက ဘယ်အသက် အရွယ်မှာ အဖြစ်များပါသလဲ ဆရာ။
ဖြေ။ ။ ဒါက ပြောရခက်ပါတယ်။ ဆရာ့အတွေ့ အကြုံအရပြောရရင်တော့ အစာအိမ်နံရံ တိုက်စားမှု (Erosion) ကြောင့် သွေးကြောပေါက်ထွက်တဲ့လူနာ တွေက အသက် ၂၀ အရွယ်လောက်မှာ ဖြစ်တတ်ပါ တယ်။ အစာအိမ်အနာကြောင့် သွေးကြောပေါက်ထွက်တဲ့ လူနာတွေက အသက်၃၀-၄၀ လောက်မှာ ဖြစ်တတ်ပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင်တော့ အစာအိမ်သွေးကြော ပေါက်တာက အသက် ၂၀ ကနေ ၆၀ အတွင်းမှာဖြစ်နိုင်ပါတယ်။

မေး။ ။ အစာအိမ်သွေးကြောပေါက်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ။ ။ အစာအိမ်သွေးကြောပေါက်တဲ့အခါ အဓိကအ နေနဲ့ မှန်ပြောင်းကြည့်ပြီး ရောဂါဇစ်မြစ်ကို ရှာရပါ တယ်။ တကယ်လို့ အသည်းမကောင်းတာနဲ့ အစာ အိမ်ရောဂါတွဲနေရင် မှန်ပြောင်းကြည့်ပြီး စစ်ဆေးရပါတယ်။ မှန်ပြောင်းကြည့်လိုက်ရင် ရောဂါအခြေခံအ ကြောင်းရင်းနဲ့ သွေးထွက်ရတဲ့ အရင်းအမြစ်ကို သိနိုင်ပါတယ်။ မှန်ပြောင်းမရှိရင် ရောဂါရာဇဝင်ကို မေးမြန်းရပါတယ်။ အသည်းရောင် အသားဝါဘီပိုး ရှိသလား၊ စီပိုးရှိသလား စစ်ဆေးရပါတယ်။ စစ်ဆေး မှုတွေအားလုံးပြီးလို့ အစာအိမ်သွေးကြောပေါက် တာသေချာရင် ကုသမှုပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များHyတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top