Healthy Life Ad
Life Style

ဉာဏ်အကောင်းဆုံး လူသားတို့၏ မှတ်ဉာဏ်ကောင်းစေသည့် အလေ့အထ ခြောက်မျိုး

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လူတိုင်းနီးပါးမှာ အခုထက်ပိုပြီး ဉာဏ်ပညာ ပိုရှိလာအောင် လုပ်နိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် သင်ဟာဉာဏ်ပညာအရှိဆုံး လူသားတွေ မျှဝေထားတဲ့ အောက်ပါ အလေ့အထခြောက်မျိုးကို ပိုမိုခိုင်မာအောင်တည်ဆောက်နိုင်မယ်ဆိုရင် အခုထက်ပိုပြီးထက်မြက်တဲ့ဉာဏ်ရည်ကို ပိုင်ဆိုင်လာမှာ မလွဲပါပဲ။

(၁) သူတို့က လူမှုဆက်ဆံရေး ကောင်းမွန်ကြတယ်
လေ့လာမှုတွေအရ တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ သူတွေဟာ အထီးကျန်နေသူတွေထက် ဉာဏ်ပညာအဆင့် ပိုမိုကြီးမားကြောင်း ပြသနိုင်တယ်လို့ သိရပါတယ်။ လူမှုဆက်ဆံရေး ကောင်းမွန်အောင် အားကစားခန်းမ၊ လူမှုရေး အလုပ်စတဲ့ အသင်းအဖွဲ့တစ်ခုခုနဲ့ ဆက်သွယ်တာ၊ လူမှုရေးကွန်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ ဆက်သွယ်တာ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကော်ဖီအတူသောက်တာ စတာတွေကို လုပ်ဆောင်ပါ။ ပါတီပွဲတွေ၊ တွေ့ဆုံပွဲတွေ ရောက်နေချိန်မှာ တစ်ဦးတည်း ရပ်နေသူတွေနဲ့ မိတ်ဖွဲ့ပြီး စကားစမြည်ပြောပေးပါ။ နားထောင်သူကောင်းဖြစ်အောင် ကြိုးစားပါ။

(၂) သူတို့က သဘောထားကြီးတဲ့ စိတ်ရှိအောင် လေ့ကျင့်ကြတယ်
ဉာဏ်ပညာရှိသူတွေက စိတ်ခံစားမှုနဲ့ ကိုယ်ပိုင်ခံစားချက်တွေကို လျစ်လျူရှုပြီး ဘက်အားလုံးကို နားလည်နိုင်စွမ်းရှိတတ်ကြပါတယ်။ လူတိုင်းမှာ သူတို့လုပ်ရတဲ့ လုပ်ဆောင်မှုတိုင်းကို လုပ်ဖြစ်အောင် လွှမ်းမိုးနေတဲ့ အကြောင်းခြင်းရာရှိမှာပဲဆိုတဲ့ သဘောထားကြီးတတ်တဲ့ စိတ်ရှိတတ်ကြပါတယ်။

(၃) “ကျွန်တော်လည်း မှားနိုင်ပါတယ်”ဆို တာကိုပြောတတ်တယ်
ဉာဏ်ပညာရှိတဲ့သူတွေက “အရာရာတိုင်းကိုသိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဘဝဆိုတာ မျှော်လင့်မထားတဲ့ အရာတွေလည်း ဖြစ်လာနိုင်တယ်”ဆိုတာကို သိနားလည်ကြပါတယ်။ သင်ရဲ့ အမှားတွေကို သိနားလည်တာက ပိုမိုကြီးမားတဲ့ ဉာဏ်ပညာကို ရရှိစေပြီး လုပ်ခဲ့တဲ့ အမှားတွေကို ဝန်ခံတာက သင်ရဲ့ ဂုဏ်ကျက်သရေနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို ပိုကောင်းအောင် တည်ဆောက်ရာ ရောက်ပါတယ်။”လူတိုင်းမှားနိုင်ပါတယ်၊ ဒါပေမဲ့ အရူးတွေကပဲ အမှားကို အမှားအတိုင်း တည်မြဲအောင် ထားတတ်တယ်”ဆိုတဲ့ ရောမဒဿနဆရာရဲ့ ဆိုရိုးတစ်ခုလည်း ရှိတာပဲ မဟုတ်ပါလား။

(၄) သူတို့ ဖတ်ရှုလေ့လာရမယ့် စာအုပ်အမျိုးအစားကို ရွေးတတ်ကြတယ်
လက်ရှိအဖြစ်အပျက်တွေက အရေးကြီးသလိုပဲ စိတ်ကူးယဉ်ဝတ္ထုနဲ့ သိပ္ပံစာအုပ်တွေကလည်း ကမ္ဘာလောကကြီး အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင်နဲ့ စိတ်ကူးသစ်နဲ့ အမြင်သစ်တွေသိအောင် ကူညီပေးနိုင်ပါတယ်။ သင်ရဲ့စာအုပ်စင်မှာ သမိုင်းစာပေ၊ အတ္ထုပတ္တိစာပေ၊ ရာဇဝင်၊ ဟာသစာပေစတဲ့ စာအုပ်အားလုံးကို တင်ထားရင် သင့်ကိုယဉ်ကျေးမှုတွေ၊ ခေတ်အစဉ်အဆက်တွေနဲ့ ထိတွေ့စေပါလိမ့်မယ်။

(၅) သူတို့က ကိုယ်ပိုင်ဗဟုသုတပိုတိုးအောင် ကြိုးစားကြတယ်
အသက်ရှင်နေခိုက်မှာ ဘဝဟာ လေ့လာစရာအများကြီးပါပဲ။ ကိုယ်လေ့လာထားတဲ့ အရာတွေကို ပြန်လှန်သုံးသပ်ဖို့ အချိန်ရောယူတတ် ရဲ့လား။ အခု ဒီအလေ့အထကို လုပ်ကြည့်ပါ။ သင့်ဘဝမှာအကြီးမားဆုံး ဆုံးရှုံးမှုသုံးရပ်နဲ့အကြီးမားဆုံး အောင်မြင်မှုသုံးရပ်ကို ချရေးကြည့်ပါ။ ဒီအရာတွေကိုကြည့်ပြီး သင့်အတွေ့အကြုံကနေ သင်ခန်းစာယူတတ်လာပါလိမ့်မယ်။ ဒါက နောင်တရဖို့၊ ဂုဏ်ယူဖို့ ရေးသားခိုင်းတာ မဟုတ်ပါဘူး။ အကောင်း၊ အဆိုး ဘာပဲကြုံကြုံ သင်ခန်းစာယူတတ်ပြီး ပိုကောင်းတဲ့ အနာဂတ်သစ်ကို တည်ထောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

(၆) သူတို့က သတင်းတွေကို လေ့လာတယ်
ကမ္ဘာ့အခြေအနေနဲ့ တခြားသူတွေရဲ့ အတွေ့အကြုံတွေကို နားမလည်ဘဲ မျှတတဲ့ ရွေးချယ်မှုကို သင်လုပ်နိုင်မှာမဟုတ်ပါဘူး။ သင့်အနေနဲ့ နေ့စဉ်သတင်းစာတွေ၊ အွန်လိုင်းသတင်းတွေမဖတ်ဖြစ်ရင်တောင် သတင်းခေါင်းစဉ်တွေကို ဖတ်ပြီး သင့်အတွက် အရေးပါမယ့်သတင်းကို ရွေးချယ်ဖတ်သင့်ပါတယ်။ ဒါကသင့်ကို ဉာဏ်ပညာပိုကောင်းလာစေတဲ့ အလေ့အထတစ်ရပ်လည်းဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top