Healthy Life Ad
International

တစ်ယောက်တည်း စကားကျယ်ကျယ်ပြောတတ်ခြင်းက ဉာဏ်ထက်မြက်မှု၏ လက္ခဏာဟုဆို

၊ မိုးမင်းထွန်း ၊

တခြားသူတွေနဲ့ဆက်သွယ်ဖို့ စကားကျယ်ကျယ်ပြောတတ်ကြပေမယ့် တစ်ယောက်တည်းစကားပြောနေတာကို တစ်ယောက်ယောက်မြင်သွားရင် လူအများစုက ရှက်ရွံ့တတ်ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က စမ်းသပ်ချက်အရ ဒီလိုအပြုအမူက ဉာဏ်ထက်မြက်မှုရဲ့ လက္ခဏာဖြစ်ပြီး ကျန်းမာရေးတောင် ပိုကောင်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ ဘန်ကာတက္ကသိုလ်မှ သုတေသီတွေက လူ ၂၈ ယောက်ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကို လေ့လာခဲ့ကြပါတယ်။ သူတို့ကို အလုပ်တစ်ခုခုလုပ်ဖို့ ညွှန်ကြားချက်စာရွက်တွေပေးပြီး အသံတိတ်ဖတ်တာနဲ့ အသံကျယ်ကျယ်ဖတ်တာ နှစ်မျိုးလုံးပြုလုပ်ခိုင်းခဲ့ပါတယ်။ အသံကျယ်ကျယ်ဖတ်ပြီး အလုပ်လုပ်တဲ့အခါ ပါဝင်သူတွေရဲ့ စိတ်စူးစိုက်မှုနဲ့ လုပ်ဆောင်ရည်ဟာ တိုးတက်လာတာတွေ့ရှိခဲ့ပါတယ်။ ခက်ခဲတဲ့အလုပ်တွေ လုပ်တဲ့အခါ ကိုယ့်ကိုယ်ကို အသံထွက်စကားပြောပေးတာက လုပ်ဆောင်ရည်တိုးလာစေကြောင်း ကောက်ချက်ချနိုင်ခဲ့ပါတယ်။

လေ့လာမှုရလဒ်က တင်းနစ်သမားတွေလို အားကစားသမားတွေက ပြိုင်ပွဲအဆုံးအဖြတ်အချိန်ရောက်တဲ့အခါ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ်အသံထွက် အားပေးတာမျိုး ပြုလုပ်တတ်ကြပြီး အာရုံစူးစိုက်လုပ်ဆောင်နှုန်းကောင်းမွန်အောင် ပြုလုပ်သလဲဆိုတာကို ရှင်းပြနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။ တစ်ယောက်တည်း စကားကျယ်ကျယ်ပြောတာက ဉာဏ်ရည်ပိုင်းလုပ်ဆောင်နှုန်း တိုးတက်စေတာကြောင့် ဂုဏ်ယူစွာပြောဆိုသင့်ကြောင်း သုတေသီတွေက ရှင်းပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top