Healthy Life Ad
Real Life

မွှေးမွှေးနှင့် မျောက်သုံးကောင်

စူး (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက မွှေးမွှေးဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိသတဲ့။ တစ်နေ့မှာတော့ မွှေးမွှေးက တောထဲကို လမ်းလျှောက်သွားတဲ့အခါ လှပတဲ့ အိမ်လေးတစ်အိမ်ကို တွေ့မြင်ခဲ့ပါသတဲ့။ အိမ်လေးရဲ့ လှပမှုက မွှေးမွှေးကို ဆွဲဆောင်လွန်းမက ဆွဲဆောင်နေတာကြောင့် မွှေးမွှေးက အိမ်လေးထဲကို ဝင်သွားခဲ့ပါတော့တယ်။

အိမ်ထဲကို စဝင်ဝင်ချင်း မွှေးမွှေးက စားပွဲပေါ်မှာ နို့ဆန်ပြုတ်ပန်းကန်လုံး သုံးပန်းကန်ကို မြင်တွေ့ခဲ့ရပါတယ်။ သူက ပထမဆုံး ပန်းကန်လုံးထဲက နို့ဆန်ပြုတ်တစ်ဇွန်းကို ခပ်ယူလိုက်တဲ့အခါ အလွန်အမင်း ပူနေတာကို ခံစားလိုက်ရပါတယ်။ ဒုတိယ ပန်းကန်လုံးထဲက နို့ဆန်ပြုတ်တစ်ဇွန်းကို ခပ်ယူပြီး မြည်းကြည့်လိုက်တော့ အလွန်အမင်း အေးစက်နေတာကို ခံစားလိုက်ရပါတယ်။ တတိယပန်းကန်လုံးထဲက နို့ဆန်ပြုတ်တစွန်းကို ခပ်ယူပြီး မြည်းကြည့်တော့ သိပ်အဆင်ပြေပြီး အရသာရှိနေတာကို ခံစားလိုက်ရပါသတဲ့။

အဲဒီနောက် မတူညီတဲ့ အရွယ်အစားတွေရှိတဲ့ ထိုင်ခုံသုံးခုံကိုလည်း တွေ့လိုက်ရပါသတဲ့။ အကြီးစားထိုင်ခုံရယ်၊ အလတ်စားထိုင်ခုံရယ်၊ ကလေးထိုင်ခုံလေးရယ်ဆိုပြီး သုံးခုံတွေ့တဲ့အခါ မွှေးမွှေးက ဝင်ထိုင်ကြည့်ခဲ့ပါတယ်။ ပထမဆုံး ထိုင်ခုံနှစ်ခုက ကြီးလွန်းလို့ သူ့အတွက် သက်သောင့်သက်သာ မရှိခဲ့ပါဘူး။ တတိယထိုင်ခုံကတော့ အနေတော်ပါပဲ။ ထိုင်ခုံကြီးတွေပေါ်ထိုင်ရင်း ထိုင်ခုံတွေက အနည်းငယ် ထိခိုက်သွားခဲ့ပါတယ်။

လျှောက်ကြည့်ရင်း ပင်ပန်းလာတဲ့ မွှေးမွှေးက အိပ်ခန်းထဲကို ဝင်သွားခဲ့ပါတယ်။ အိုး . .အိပ်ခန်းထဲမှာလည်း မတူညီတဲ့ အိပ်ရာသုံးခုပါလား။ ပထမဆုံး အိပ်ရာက မွှေးမွှေးအတွက် မာလွန်းတယ်၊ ဒုတိယအိပ်ရာက နူးညံ့လွန်းနေတယ်။ တတိယမွှေ့ရာက မွှေးမွှေးအကြိုက်ဆုံးပဲ။ ဒါနဲ့ မွှေးမွှေးတစ်ယောက် မွှေ့ရာပေါ်မှာ အိပ်မောကျသွားခဲ့ပါတော့တယ်။

ဒီအချိန်မှာပဲ အိမ်ရှင်တွေ ပြန်ရောက်ပါလေရော။ သူတို့က မျောက်လေးသုံးကောင် ဖြစ်နေခဲ့တယ်။ မျောက်ဖေဖေ၊ မျောက်မေမေနဲ့ မျောက်သားလေးပေါ့။ အိမ်ထဲဝင်တဲ့အချိန်မှာ ဆန်ပြုတ်လေးတွေ၊ ထိုင်ခုံလေးတွေ အနေအထားပျက်နေတာကို စသတိထားမိပါသတဲ့။ နောက်ဆုံးမှာ မျောက်ငယ်လေးရဲ့ အိပ်ရာပေါ် အိပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်တော့ ဒေါသတွေ ထွက်ကြတာပေါ့။ ဒါပေမဲ့ မွှေးမွှေးလေးကို ကြည့်ရတာ အပူအပင်ကင်းကင်းနဲ့ အိပ်ပျော်နေလို့ သူတို့က အန္တရာယ်မပြုဘဲ အသာအယာ လှုပ်နှိုးခဲ့ပါတယ်။

လန့်နိုးလာတဲ့ မွှေးမွှေးက မျောက်သုံးကောင်ကိုမြင်တော့ ထိတ်လန့်မသွားဘဲ “ကျေးဇူးတင်ပါတယ်” လို့ပြောပြီး လက်ကမ်းပွေ့ဖက်ခဲ့တယ်။ အားလုံးက အံ့အားသင့်သွားပြီး “ငါတို့ကို မကြောက်ဘူးလား”လို့ မေးခဲ့ပေမယ့် မွှေးမွှေးက ခေါင်းယမ်းပြခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မွှေးမွှေးဟာ မွေးကတည်းက ဘယ်သူ့ကိုမဆို ချစ်ခင်ဖို့နဲ့ အကူအညီပေးသူကို ကျေးဇူးတင်ဖို့သာ သိနားလည်ခဲ့ပြီး အမုန်းတရားနဲ့ ကြောက်စိတ်ဆိုတာကို မသိခဲ့ဘူးတဲ့။ နောက်ဆုံးမှာတော့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ စိတ်ထားပိုင်ဆိုင်တဲ့ မွှေးမွှေးလေးကို မျောက်သုံးကောင်က ချစ်ခင်စွာနဲ့ နေချင်သလောက်နေဆိုပြီး လက်ခံခဲ့ပါတော့သတဲ့ကွယ်။

Most Popular

Healthy Life Ad
To Top