Healthy Life Ad
Life Style

ယူရစ်အက်ဆစ်မြင့်တက်နေသလား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သွေးကြောထဲ ယူရစ်အက်ဆစ်မြင့်တက်နေတာကြောင့် ဂေါက်အဆစ်ရောင်နာရောဂါအဖြစ်များပါတယ်။ ဂေါက်အဆစ်ရောင်နာရောဂါမဖြစ် အောင်ကာကွယ်ဖို့ အစားအသောက်စားတဲ့ အလေ့အထကိုပြုပြင်ရင်း ဆေးကုသမှုခံယူသင့်ပါတယ်။ သွေးထဲက ယူရစ်အက်ဆစ်ပမာဏ လျော့ကျစေဖို့ အရက်၊ သကြားပါတဲ့ အစားအသောက် တွေကိုဆင်ခြင်ရပါမယ်။ အသား၊ ပင်လယ်စာတို့လို ပျူရင်းပါဝင်မှုများတဲ့အစာတွေကို လျှော့စားရ ပါမယ်။ ပန်းဂေါ်ဖီ၊ ကညွတ်၊ ဟင်းနုနယ်၊ ပဲစိမ်းနဲ့ မှိုမှာလည်း ပျူရင်းပါဝင်မှုများပါတယ်။ ပျူရင်းပြို ကွဲတဲ့အခါ ယူရစ်အက်ဆစ်တွေ ဖြစ်တတ်ပါတယ်။ ဂေါက်အဆစ်ရောင်နာဖြစ်သူတွေမှာ ယူရစ်အက် ဆစ်တွေကို မစွန့်ထုတ်နိုင်ရင် အဆစ်ရောင်တာနဲ့ နာကျင်တာတို့ ဖြစ်တတ်ပါတယ်။

(၁) ရေ
ရေဟာ ခန္ဓာကိုယ်ထဲက ယူရစ်အက်ဆစ်အပိုတွေအပါအဝင် အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးပါတယ်။ တစ်နေ့မှာ ရေအနည်းဆုံး ၈-၁၀ ခွက်ခန့် သောက်သင့်ပါတယ်။


(၂) စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးတွေ အပါအဝင် ဘယ်ရီသီးတွေမှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်။

(၃) ပန်းသီး
ပန်းသီးမှာပါတဲ့မဲလစ်အက်ဆစ်က ယူရစ်အက်ဆစ်ကို ဓာတ်ပြယ်စေပြီး ဂေါက်အဆစ်ရောင်နာ ခံ စားနေရသူတွေကို ဝေဒနာသက်သာစေပါတယ်။ အစာစားပြီး တစ်နေ့ပန်းသီးတစ်လုံး စားသင့်ပါတယ်။


(၄) ရှောက်သီး
ရှောက်သီးမှာပါတဲ့ စစ်ထရစ်အက်ဆစ်က ယူရစ်အက်ဆစ်ကို ဓာတ်ပြယ်စေပါတယ်။ ရှောက်သီး တစ်လုံးရဲ့ တစ်ဝက်ကို ရေတစ်ဖန်ခွက်ထဲ ညှစ်ထည့်ပြီး တစ်နေ့ နှစ်ကြိမ်သောက်သင့်ပါတယ်။

(၅) ရှလကာရည်
ရေရှစ်အောင်စဝင်တစ်ဖန်ခွက်ထဲ ရှလကာရည် လက်ဖက်ရည်ဇွန်း သုံးဇွန်း ထည့်ပြီး တစ်နေ့ ၂-၃ ကြိမ်လောက် သောက်ပေးပါ။ ယူရစ်အက်စစ် လျော့စေပါတယ်။

(၆) ဟင်းသီးဟင်းရွက်ဖျော်ရည်
ဥနီ (Beet root)၊ သခွားသီးနဲ့ မုန်လာဥနီတို့ကိုရောပြီး ဖျော်ရည်ဖျော်သောက်ပါ။ နွားနို့လို အဆီနည်းတဲ့ နို့နဲ့နို့ထွက်ပစ္စည်းကလည်း ယူရစ်အက်ဆစ် အဆင့်ကိုလျော့ကျစေပါတယ်။

(၇) ဗီတာမင်စီပါဝင်မှုများသည့် အစာများ
ဗီတာမင်စီပါဝင်မှုများတဲ့ အစာတွေက သွေးတွင်းယူရစ်အက်ဆစ်ကို လျော့ကျစေပါတယ်။ မာလကာသီး၊ ကီဝီသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ငရုတ်သီး၊ သံပရာသီး၊ ခရမ်းချဉ်သီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်စီပါဝင်မှုများပါတယ်။

(၈) အမျှင်ဓာတ် ပါဝင်မှုများသည့် အစာများ
မေရီလန်းဆေးစင်တာရဲ့ လေ့လာမှုအရ အမျှင်ဓာတ်ပါတဲ့ အစာတွေကို စားတာကြောင့် သွေးထဲက ယူရစ်အက်ဆစ်ပမာဏကို လျော့ကျစေတယ်လို့ သိရပါတယ်။ အမျှင်ဓာတ်က သွေး ကြောထဲက ယူရစ်အက်ဆစ်ကိုစုပ်ယူပြီး ကျောက် ကပ်ကတစ်ဆင့် စွန့်ထုတ်ပေးလို့ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ပန်းသီး၊ သစ်တော်သီး၊ စတော်ဘယ်ရီ သီး၊ သခွားသီး၊ တရုတ်နံနံနဲ့ မုန်လာဥနီတို့လို အမျှင်ဓာတ်ပါတဲ့ အစာတွေကိုစားရင် ယူရစ်အက် ဆစ်လျော့ကျစေပါတယ်။ ငှက်ပျောသီးစားတာက လည်း ယူရစ်အက်ဆစ်လျော့ကျစေပါတယ်။


(၉) လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea)
လက်ဖက်စိမ်းလက်ဖက်ရည်ကို ပုံမှန်သောက်ရင် ယူရစ်အက်ဆစ်များတာကို ထိန်းချုပ်နိုင်ပြီး ဂေါက်အဆစ်ရောင်ရောဂါဖြစ်နှုန်း လျော့ကျစေပါ တယ်။

(၁၀) ဟင်းသီးဟင်းရွက်များ
ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက ယူရစ်အက်ဆစ်လျော့ကျစေတဲ့အကောင်းဆုံး ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။ အာလူးနဲ့ ပြောင်းဖူးကလည်း ယူရစ်အက်ဆစ်လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top