Healthy Life Ad
Health Tips

ကူးစက်ရောဂါ မရအောင် ဘယ်လိုကာကွယ်ကြမလဲ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကူးစက်ပိုးတွေဟာ ခန္ဓာကိုယ်ထဲကို အောက်ပါနည်းတွေနဲ့ ဝင်ရောက်နိုင်ပါတယ်။

– အရေပြားချင်းထိတွေ့မှု

– အသက်ရှူလမ်းကြောင်းကနေ ပိုးဝင်ရောက်မှု

– မသန့်ရှင်းတဲ့ အစားအစာနဲ့ရေကို စားသောက်မိခြင်း

– ခြင်နဲ့ တခြားပိုးမွှားတွေ အကိုက်ခံရမှု

– လိင်ဆက်ဆံမှု

ပိုးကူးစက်ခံရမှုနည်းအောင် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) လက်ကို စင်ကြယ်စွာဆေးကြောပါ

အစာမစားခင်၊ အိမ်သာသွားအပြီး၊ အစာမပြင်ဆင်ခင်နဲ့ ပြင်ဆင်ပြီးအချိန်တွေမှာ လက်ကိုစင်ကြယ်စွာ ဆေးကြောသင့်ပါတယ်။

(၂) ကာကွယ်ဆေးထိုးနှံပါ

ကာကွယ်ဆေးတွေဟာ ရောဂါများစွာကို လက်ခံရယူနိုင်တဲ့ အခွင့်အလမ်းကို သိသိသာသာလျော့ကျစေပါတယ်။ ဒါကြောင့် ကလေးတွေကို အသက်အရွယ်လိုအပ်တဲ့ ကာကွယ်ဆေးတွေတိုက်ကျွေးဖို့၊ ထိုးနှံဖို့လိုပါတယ်။

(၃) အိမ်မှာ နားနေပါ

အန်နေရင်၊ ဝမ်းလျှောနေရင်နဲ့ဖျားနေရင် အလုပ်အတွက်အပြင်ကိုမသွားပါနဲ့။ ကျောင်းတက်အရွယ်ဖြစ်ရင် ကျောင်းမသွားပါနဲ့။ အမြန်သက်သာဖို့ အိမ်မှာပဲနားနေသင့်ပါတယ်။

(၄) အစားအသောက်ကို အန္တရာယ်ကင်းအောင်ပြင်ဆင်ပါ

အစားအသောက်တွေကို ချက်ပြုတ်ပြင်ဆင်တဲ့အခါ အိုးခွက်ပန်းကန်တွေနဲ့ စဉ်းနှီတုံး၊ ဓားတွေကို သေချာဆေးကြောသင့်ပါတယ်။ ချက်ပြီးသားအစားအစာတွေကိုလည်း စားပြီးကျန်နေသေးရင် ရေခဲသေတ္တာထဲကို ချက်ချင်းထည့်ပါ။ ချက်ပြီးသားဟင်းလျာတွေကို အခန်းအပူချိန်မှာ အကြာကြီးထားတာမကောင်းပါဘူး။

(၅) တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ

သင် ဒါမှမဟုတ် သင့်အဖော်မှာ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါရှိဖူးရင် ဒါမှမဟုတ် ကူးစက်နေနိုင်တဲ့အပြုအမူမျိုး လုပ်ဆောင်ထားရင် ကွန်ဒုံးသုံးပါ။ အကောင်းဆုံးကတော့ အိမ်ထောင်ရှင်တွေအနေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးတာပဲဖြစ်ပါတယ်။

(၆) အသုံးအဆောင်များကို မျှဝေမသုံးပါနှင့်

သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ ဘီး၊ လက်သည်းညှပ်စတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကိုယ်ပိုင်သီးသန့်ထားရှိပြီး သုံးပေးပါ။ သူတစ်ပါးနဲ့ အတူတူမသုံးပါနဲ့။

(၇) ခရီးသွားရာမှာ ဂရုစိုက်ပါ

ဖျားနေချိန်မှာ လေယာဉ်စီးပြီး ခရီးမသွားပါနဲ့။ လေယာဉ်ထဲက တခြားခရီးသည်တွေကိုပါ ကူးစက်နိုင်ခြေများလို့ပါ။ သင့်အတွက်လည်း ခရီးကသက်သောင့်သက်သာရှိမှာ မဟုတ်ပါဘူး။ ခရီးမသွားခင်မှာ သင်သွားမယ့်ခရီးလမ်းအတွက် အထူးလိုအပ်တဲ့ ကာကွယ်ဆေးတွေကိုမှီဝဲနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top