Healthy Life Ad
Life Style

အမျက်ဒေါသနှင့် စိတ်ဝေဒနာ (၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

“အမျက်ဒေါသပြေဆေး ရှိသလား”လို့ ဆေးကျောင်းသူတစ်ယောက်က မေးမြန်းပါတယ်။

“အမျက်ဒေါသကြီး အကြမ်းဖက်တိုက်ခိုက်တာဟာ စိတ်ရောဂါတစ်ခုခုကြောင့်ဖြစ်ရင် ကုသနိုင်တဲ့ ဆေးရှိပါတယ်။ လူထုအတွင်းမှာ တစ်နှစ်ထဲမှာ အကြမ်းဖက်တိုက်ခိုက်တဲ့ အပြုအမူ ၃ ရာခိုင်နှုန်းခန့်ရှိတယ်။ စိတ်ကြွစိတ်ကျရောဂါ (Bipolar Disorder) ခံစားရသူတွေထဲမှာ တစ်နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုနှုန်းက ၄ ဒသမ ၅ ရာခိုင်နှုန်းရှိတယ်။ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ (Schizophrenia) ရှိသူတွေထဲမှာ အဲဒီနှုန်းက ၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်တယ်။ စိတ်ရောဂါနဲ့ အရက်စွဲမူးယစ်ဆေးစွဲရောဂါ ပူးတွဲခံစားရသူတွေမှာ တစ်နှစ်အတွင်း အကြမ်းဖက်မှုနှုန်းက ၂၀ မှ ၂၇ ရာခိုင်နှုန်းအထိရှိပါတယ်။ ဒီစာရင်းဇယားကိုကြည့်ပြီး ဘယ်လိုကောက်ချက်ချနိုင်သလဲ”

“စိတ်ရောဂါ ခံစားနေရသူအများစု ၉၅ ရာခိုင်နှုန်းအောက်က အကြမ်းဖက်တိုက်ခိုက်တတ်တာ မရှိဘူးလို့ ဆိုနိုင်သလား ဆရာ”

“မှန်ပါတယ်။ နောက်ပြီး အရက်စွဲ မူးယစ်ဆေးစွဲရောဂါကြောင့် အကြမ်းဖက်တိုက်ခိုက်မှု ပိုမိုဖြစ်ပွားတာကို တွေ့ရပါတယ်။ စိတ်ကြွစိတ်ကျရောဂါနဲ့ စိတ်ကစဉ့်ကလျားရောဂါကြောင့် အကြမ်းဖက်တိုက်ခိုက်တဲ့ ဝေဒနာရှင်တွေကို လေ့လာကြည့်ရင် ဘာတွေ့ရသလဲ”

“ဆေးကုသမှု မခံယူတဲ့ လူနာတွေလား”

“မှန်ပါတယ်။ ဆေးကုသမှုခံယူရင်လည်း ဆေးမတိုးသူ၊ ဆေးမသောက်သူနဲ့လုံလောက်တဲ့ ကုသမှုမရရှိသူတွေဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းဝေဒနာနဲ့ အရက်စွဲ၊ မူးယစ်ဆေးစွဲရောဂါတွေကိုပါ ပူးတွဲခံစားရသူတွေဖြစ်ပါတယ်”

“ဒီတော့ အမျက်ဒေါသပျောက်ဆေးဆိုတာ စိတ်ရောဂါကုသဆေးပဲပေါ့ . . ဟုတ်လား ဆရာ”

“ပြောလို့ရပါတယ်။ စိတ်ကျရောဂါရှိသူအတွက် “စိတ်ကျရောဂါကုသဆေး” (Antidepressant Drug) ဟာ အမျက်ဒေါသပြေဆေးပဲ။ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါအတွက် အမျက်ဒေါသပြေဆေးကတော့ “စိတ္တဇရောဂါကုသဆေး” (Antipsychotic Drug) ဖြစ်တယ်။ စိတ်ကြွစိတ်ကျရောဂါရှိသူတွေအတွက် အမျက်ဒေါသပြေဆေးကတော့ “စိတ်ခံစားမှုထိန်းဆေး” (Mood Stabilizer) ဖြစ်ပါတယ်။ ဥပမာ လီသီယမ် (Lithium) လိုဆေးမျိုးပါ”

“ဦးနှောက်ဒဏ်ရာရပြီးရင် အမျက်ဒေါသ ခက်ထန်လာတတ်တယ်လို့ သိရပါတယ်။ အဲဒီလိုလူနာတွေအတွက် ဘယ်လိုဆေးမျိုးကို အသုံးပြုပါသလဲ ဆရာ”

“ဦးနှောက်ဒဏ်ရာရပြီးသူတိုင်း အမျက်ဒေါသကြီးလာတတ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဦးနှောက်ရှေ့ပိုင်းအင်္ဂါ (Frontal Lobe)နဲ့ စိတ်ခံစားတုန့်ပြန်မှုနဲ့ သက်ဆိုင်တဲ့ ဦးနှောက်အင်္ဂါပိုင်း (ဥပမာ Amygdala နဲ့ Hippocampus) တွေမှာ ဒဏ်ရာရရင် စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ခြေလျော့နည်းလာတယ်။ အမျက်ဒေါသလွန်ကဲလာနိုင်တယ်။ အဲဒီလို လူနာတွေအတွက်” အတက်ရောဂါပျောက်ဆေး “(Anti-Epileptic Drug) ကို အသုံးပြုနိုင်ပါတယ်”

“ပြတ်တောင်း ပြတ်တောင်း အမျက်ဒေါသလွန်ကဲရောဂါ(အိုင်အီးဒီ)ကို ကုသတဲ့ဆေးရှိသလား ဆရာ”

“အိုင်အီးဒီရောဂါရှိသူက ပြတ်တောင်း ပြတ်တောင်း မကြာခဏအမျက်ဒေါသပေါက်ကွဲ အကြမ်းဖက်တတ်ပါတယ်။ ဒါကြောင့် စားဆေးကို နေ့စဉ်နေ့တိုင်း ရေရှည်သုံးစွဲသင့်၊ မသင့် ချင့်ချိန်ရပါတယ်။ ဘယ်ဆေးဟာ ဒီရောဂါအတွက် အသင့်တော်ဆုံးလဲဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်။ ဦးနှောက်ထဲမှာ ဆီရိုတိုနင်ဓာတ် များပြားလာစေတဲ့ စိတ်ကျရောဂါကုသဆေး (ဥပမာ- Fluoxetine၊ Sertraline) ကို စမ်းသပ်သုံးစွဲတာရှိပါတယ်။ စိတ်ခံစားမှုအတိုင်း ကိုယ်ထိလက်ရောက် တဇွတ်ထိုးလုပ်တဲ့ အပြုအမူဟာ ဦးနှောက်ထဲမှာ ဆီရိုတိုနင်ဓာတ်နည်းလို့ ဖြစ်တာလို့ယူဆပါတယ်။ မိမိကိုယ်ကိုယ် သတ်သေသွားသူတွေရဲ့ ဦးနှောက်ထဲမှာ ဆီရိုတိုနင်ဓာတ်လျော့နည်းနေတာကို တွေ့ရှိရတယ်”

“စိတ်ကြွစိတ်ကျရောဂါရှိသူတွေထဲက စိတ်ခံစားမှုထိန်းဆေး “လီသီယမ်” (Lithium) ဆေးကို သောက်သုံးတဲ့လူနာတွေမှာ မိမိကိုယ်ကိုယ်သတ် သေနှုန်းနည်းပါးတယ်ဆိုတာ မှန်သလားဆရာ”

“မှန်ပါတယ်။ လီသီယမ်ဆေးက တဇွတ်ထိုးလုပ်တတ်တဲ့ အပြုအမူကို ထိန်းချုပ်ပေးတဲ့ အာနိသင်ရှိတယ်။ ဒါကြောင့် အိုင်အီးဒီရောဂါမှာလည်း စမ်းသပ်သုံးစွဲတယ်။ အတက်ရောဂါမရှိပေမယ့် အတက်ရောဂါကုသဆေး (ဥပမာ- Carbamazapine၊ Valproate၊ Topiramate၊ Lamotrigine) ကို အိုင်အီးဒီရောဂါမှာ အသုံးပြုရင် အကျိုးရှိတာကို တွေ့ရပါတယ်”

“စိတ်ငြိမ်ဆေး (Anti-anxiety Drug) နဲ့ စိတ္တဇရောဂါကုသဆေးကို အိုင်အီးဒီရောဂါမှာ အသုံးမပြုဘူးလား ဆရာ”

“စိတ်ငြိမ်ဆေး (ဥပမာ- Diazepam)နဲ့ အလားတူဆေးကို သုံးစွဲရင် အိုင်အီးဒီရောဂါကို သက်သာစေတဲ့ အထောက်အထားမရှိပါဘူး။ ဆေးသောက်ပြီးပြီးချင်း စိတ်တည်ငြိမ်အေးချမ်းသလို ခံစားရပေမယ့် ရေရှည်မှာ အမျက်ဒေါသကို လျော့နည်းစေတဲ့အာနိသင်မရှိပါဘူး။ ဆေးစွဲမယ့်အန္တရာယ် သာရရှိလာနိုင်ပါတယ်။ စိတ္တဇရောဂါမရှိတဲ့သူကို စိတ္တဇရောဂါကုသဆေးနဲ့ ရေရှည်ကုသရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေရရှိလာနိုင်တယ်။ ဘေးထွက်ဆိုးကျိုးက မူလရောဂါထက် ပိုမိုဆိုးရွားနိုင်ပါတယ်”

ကြမ်းတမ်းခက်ထန်နေတဲ့သူက ခင်ဗျားတို့ရဲ့ လူနာဖြစ်နေရင် ဒါမှမဟုတ် အိမ်သားတစ်ဦးဦးဖြစ်နေရင် ထွက်ပြေးလို့လည်းမရဘူး။ ပြန်တိုက်ဖို့လည်း မဖြစ်နိုင်ဘူး။ အဲဒီလို အခြေအနေမှာ ဘယ်လိုနည်းပရိယာယ်ကိုသုံးမလဲ . . .

“စိတ်ငြိမ်ဆေးကြောင့် လူနာက ပိုပြီး ဒေါသကြီးလာတတ်တယ်ဆိုတာ မှန်ပါသလား ဆရာ”

“မှန်ပါတယ်။ စိတ်ငြိမ်ဆေး (ဥပမာ- Benzodiazepine အနွယ်ဝင်ဆေးမျိုး)ကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတစ်မျိုးကတော့ “ဆန့်ကျင်ဘက် အာနိသင်တုန့်ပြန်ခြင်း” (Paradoxical Reaction) ဖြစ်ပါတယ်။ ဆေးကြောင့် စိတ်တည်ငြိမ်အေးချမ်းမှု ရရှိမယ့်အစား ဆန့်ကျင်ဘက်လက္ခဏာတွေကို ခံစားလာရပါတယ်။ စိတ်လှုပ်ရှားမှု လွန်ကဲလာတာ၊ အမျက်ဒေါသခက်ထန်လာတာ၊ အကြမ်းဖက်တိုက်ခိုက်တာ၊ မုဒိမ်းမှုကျူးလွန်မိတာ၊ မိမိအသက်ကို အန္တရာယ်ပြုတာ စတဲ့အပြုအမူတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဆေးသောက်သုံးသူ တစ်ရာမှာ တစ်ယောက်နှုန်း ဖြစ်ပွားနိုင်တယ်။ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းသူတွေမှာ အမျက်ဒေါသ အကြမ်းဖက်ခြင်းရှိလို့ စိတ်ငြိမ်ဆေးသုံးစွဲရင် ဆန့်ကျင်ဘက် အာနိသင် တုန့်ပြန်ခြင်းဘေးထွက်ဆိုးကျိုးဖြစ်ပွားမှု ၅၈ ရာခိုင်နှုန်းအထိရှိပါတယ်”

“ဒါကြောင့် ဒေါသကြီးတတ်သူ၊ အိုင်အီးဒီရောဂါရှိသူနဲ့ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းလို့ ကြမ်းတမ်းခက်ထန်သူတွေအတွက် “ဆေးကုထုံး” ထက် “စိတ်ကုထုံး” ကို အသုံးပြုတာဟာ အကောင်းဆုံးပါပဲ”

“စိတ်ကုထုံးကိုရှင်းပြပါ ဆရာ”

“ဒီကိစ္စမှာ နှစ်မျိုးခွဲခြား ပြောဖို့လိုပါတယ်။ (က) ဒေါသအမျက်ထွက်ပြီး ကြမ်းတမ်းနေသူနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင် ပြုမူဆောင်ရွက်နိုင်တဲ့ နည်းပရိယာယ်နဲ့ (ခ) ဒေါသကြီးတတ်သူ၊ ဒေါသကို ထိန်းချုပ်နိုင်အောင် သင်ကြားပေးတဲ့ နည်းပရိယာယ်တွေဖြစ်ပါတယ်”

“ဒေါသထွက်ပြီး အကြမ်းဖက်နေတဲ့လူနဲ့ ထိပ်တိုက်တွေ့ရင်ပြုလုပ်သင့်တဲ့နည်းကို ကျွန်မသိတယ်”

“ဘာလဲ”

“ထွက်ပြေး (Flight)ပေါ့”

အားလုံး အရယ်ရယ်သွားတော့ ဆေးကျောင်းသားတစ်ယောက်က ဝင်နှောက်လာတယ်။

“ကျွန်တော်တို့ကတော့ ခံတိုက် (Fight)မှာပဲ”

“ဒါပေမဲ့ ကြမ်းတမ်းခက်ထန်နေတဲ့သူက ခင်ဗျားတို့ရဲ့ လူနာဖြစ်နေရင် ဒါမှမဟုတ် အိမ်သားတစ်ဦးဦးဖြစ်နေရင် ထွက်ပြေးလို့လည်းမရဘူး။ ပြန်တိုက်ဖို့လည်း မဖြစ်နိုင်ဘူး။ အဲဒီလိုအခြေအနေမှာ ဘယ်လိုနည်းပရိယာယ်ကို သုံးမလဲ”

အားလုံး ငြိမ်သက်နေကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top