Healthy Life Ad
Life Style

အမျက်ဒေါသနှင့် စိတ်ဝေဒနာ

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အမျက်ဒေါသနဲ့ စိတ်ဝေဒနာဘာသာရပ်ကို မလေးရှားနိုင်ငံ ဆေးသိပ္ပံကျောင်းမှာ ဆေးကျောင်းသားတွေနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။ ဆွေးနွေးပွဲအစမှာ လူနာတစ်ယောက်ကိုယ်တိုင်ရေးထားတဲ့ ဆေးမှတ်တမ်းကို စာရေးသူက ဖတ်ပြပါတယ်။
“ကျွန်တော် အသက် ၄၀ ကျော်ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀လုံး ကျွန်တော်ဟာ အမျက်ဒေါသကြီး မားသူဖြစ်ခဲ့ပါတယ်။ အသက်ခြောက်နှစ်အရွယ်လောက်ကတည်းက စိတ်မထင်ရင် ဒေါသပေါက်ကွဲ အကြမ်းဖက်တတ်တဲ့ အကျင့်ရှိခဲ့တယ်။ မြီးကောင်ပေါက်အရွယ်ရောက်တော့ ကျောင်းမှာ မကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်တဲ့ ကျောင်းသားဆိုး ဖြစ်လာတယ်။ ဒါပေမဲ့ ကျွန်တော်က ကျောင်းမှန်မှန်တက် စာမှန်မှန်ကျက်တဲ့ သာမန်ကျောင်းသားပါ။ ဆိုးသွမ်းလူငယ် မဟုတ်ပါဘူး။ အိမ်ထောင်ရှင်ဖြစ်လာတဲ့အခါမှာ ဇနီးသားမယားကို အကြမ်းဖက်ရိုက်နှက်တတ်သူ ဖြစ်လာပါတယ်။ ဒါပေမဲ့

ကျွန်တော်ဟာ ဇနီးသားမယားကို တာဝန်သိသိ လုပ်ကိုင်ကျွေးမွေးသူပါ။ အမျက်ဒေါသမထွက်တဲ့အချိန်မှာ သာမန်လူတွေလိုပဲ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်ပါတယ်။
ဒေါသကို မထိန်းချုပ်နိုင်ခဲ့လို့ ပြဿနာမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတယ်။ အိမ်ထောင်ပျက်ခဲ့တာ နှစ်ကြိမ် ရှိပါပြီ။ ဒေါသပေါက်ကွဲ အကြမ်းဖက်တဲ့ အပြုအမူတွေကြောင့် ရဲစခန်းမှာ အချုပ်ခံခဲ့ရတဲ့ အကြိမ်တွေလည်း ရှိခဲ့ပါတယ်။ ရဲက ကျွန်တော့်ကို စိတ်ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံပို့ဖူးတာလည်း ရှိတယ်။

ကျွန်တော့်မှာ စိတ္တဇရောဂါ မရှိဘူး၊ ဦးနှောက်ဒဏ်ရာရလို့ ဦးနှောက်ပျက်စီးတာမရှိဘူး၊ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းဝေဒနာလည်း မရှိဘူး။ မကြာခဏ အမျက် ဒေါသပေါက်ကွဲတတ်ခြင်းသာရှိတယ်လို့ . . ဆရာဝန်တွေက မှတ်ချက်ချပါတယ်”
_ _ _

“ဒီလူနာရဲ့ မှတ်တမ်းအရ သူ့မှာဘာရောဂါရှိတယ်လို့ ထင်သလဲ”
“အမျက်ဒေါသကြီးသူပေါ့ ဆရာ”
“တရားဝင်ရောဂါ အမည်ဖော်လို့ ရသလား”
“ဆရာပြောခဲ့တဲ့ . . ‘ပြတ်တောင်းပြတ်တောင်း အမျက်ဒေါသလွန်ကဲရောဂါ’(Intermittent Explosive Disorder)လား”
“ဟုတ်ပါတယ်။ အတိုကောက် အိုင်အီးဒီ (IED)လို့ ခေါ်ပါတယ်”
“အိုင်အီးဒီက စိတ်ရောဂါလား ဆရာ။ စိတ်တိုတတ်တဲ့ လူဆိုးလူမိုက်ကိုယ်ရည်ကိုယ်သွေးချို့ယွင်းခြင်းလို့ ပြောလို့မရဘူးလား”
“ ခြားနားချက် ရှိပါတယ်။ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းဝေဒနာကြောင့် စိတ်တိုရင် အဲဒီလို အပြုအမူကို နေ့စဉ်နေ့တိုင်း နေရာတိုင်းမှာ တွေ့ရှိရတယ်။ အခုပြောခဲ့တဲ့ လူနာကတော့ မကြာခဏ အမျက်ဒေါ သပေါက်ကွဲတတ်ပေမယ့် ကျန်တဲ့အချိန်မှာ သူလိုငါလိုလူမျိုးပဲ။ ပိုပြီး ရှင်းလင်းအောင် အိုင်အီးဒီဝေဒနာရဲ့ လက္ခဏာတွေကိုလေ့လာကြမယ်”
_ _ _

အိုင်အီးဒီဝေဒနာရှင်က လုံလောက်တဲ့ စိတ်တိုသင့်တဲ့အကြောင်းရင်းမရှိဘဲ ဒေါသပေါက်ကွဲတတ်တယ်။ ဒေါသထွက်စရာ အကြောင်းရင်းရှိရင်လည်း မတန်တဆလွန်လွန်ကဲကဲ တုန့်ပြန်တာဖြစ်တယ်။
အိုင်အီးဒီဝေဒနာရှင်ရဲ့ စိတ်ထဲမှာ အကြမ်းဖက်ဖို့ ကြိုတင်စီမံထားတာ မရှိပါဘူး။ တဒင်္ဂအချိန် အတွင်းမှာစိတ်ခံစားမှုကို ထိန်းချုပ်မရဘဲ တဇွတ်ထိုးပြုလုပ်မိတာဖြစ်တယ်။ (လူဆိုးလူမိုက်တွေကတော့ အကြမ်းဖက်ဖို့ အစီအစဉ် လုပ်ထားတတ်တယ်။ ကြိုတင်စဉ်းစားအကြံထုတ်ထားတတ်တယ်)။
အိုင်အီးဒီဝေဒနာရှင်ဟာ အမျက်ဒေါသစတင်ချိန်နဲ့ အကြမ်းဖက်နေတဲ့ အချိန်မှာ သာယာမှုမရှိတဲ့ စိတ်ဖိစီးမှုကိုပါ ပူးတွဲခံစားနေရတယ်။ ချွေးထွက်တာ၊ နှလုံးခုန်နှုန်းမြန်တာ၊ အသက်ရှူမဝတာ၊ ခြေလက်တုန်တုန်ယင်ယင်ဖြစ်တာစတဲ့ ခန္ဓာကိုယ်လက္ခဏာတွေကိုလည်းခံစားရတယ်။ (လူဆိုးလူမိုက်တွေလို သွေးအေးအေးနဲ့ အကြမ်းဖက်တာမျိုးမဟုတ်ဘူး)။

အိုင်အီးဒီဝေဒနာရှင်ဟာ အကြမ်းဖက်တိုက်ခိုက်ပြီးရင် စိတ်ဖိစီးမှု ခံစားရတာ သက်သာသွားတယ်။ “ရင်ပေါ့”သွားတယ်။ နောက်ပြီး သူတို့ရဲ့ အပြုအမူအတွက် ရှက်မိတယ်၊ နောင်တစိတ်ခံစားလာရတယ်။ (လူဆိုးလူမိုက်ကတော့ သူရဲ့အမှားကို ဝန်မခံချင်ဘူး၊ နောင်တစိတ်မရှိဘူး)။
ဆေးကျောင်းသားတစ်ဦးက မှတ်ချက်ချပါတယ်။

“ကျွန်တော်တို့ အိမ်နီးနားချင်းတစ်ယောက်က သူ့မိန်းမကို မကြာခဏ အော်ဟစ်ကြိမ်းမောင်းဆဲဆို ရိုက်နှက်လေ့ရှိတယ်။ နောက်နေ့နံနက်ကျတော့ သူ့မိန်းမကို ချော့မော့တောင်းပန်တယ်။ သူ့အမှားကို ဝန်ခံတတ်တယ် ဆရာ . . အဲဒါ ဘာဖြစ်နိုင်သလဲ”
“အရက်မူးလို့ ဖြစ်တာလား”
“သူ အရက်မသောက်တတ်ဘူး ဆရာ”
“ဇနီးသားမယားကို အနိုင်ကျင့် ရိုက်နှက်တဲ့ အပြုအမူ (Domestic Violence)က အိုင်အီးဒီဝေဒနာကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ကားမောင်းသူအချင်းချင်း လမ်းပေါ်မှာ ရန်ဖြစ်ကြတာ၊ ကားပေါ်က ဆင်းပြီး ရိုက်နှက်ထိုးကြိတ်ကြတာ (Roadrage) တွေကိုကြားဖူးတယ်မဟုတ်ဘား။ အဲဒီလို လူမျိုးဟာ အိုင်အီးဒီဝေဒနာရှင် ဖြစ်နိုင်ပါတယ်”
“အိုင်အီးဒီရောဂါရှိသူက ပြတ်တောင်း ပြတ်တောင်း မကြာခဏ အမျက်ဒေါသထွက်တတ်တယ် ဆိုတဲ့ အချက်တော့ရှင်းပါပြီ။ ဒါပေမဲ့ “မကြာခဏ”ကို အရေအတွက်အားဖြင့် ဘယ်လိုသတ်မှတ်မလဲ ဆရာ”

“မေးသင့် မေးထိုက်တဲ့ မေးခွန်းပါ”
အမေရိကန်နိုင်ငံ စိတ်ကျန်းမာရေးဆရာဝန်ကြီးများအဖွဲ့ရောဂါစစ်တမ်းစာအုပ်မှာ အိုင်အီးဒီရောဂါကို နှစ်မျိုးခွဲခြား ဖော်ပြထားပါတယ်။
ပထမအမျိုးအစားကတော့ ရောဂါမပြင်းထန်တဲ့ အမျိုးအစားဖြစ်တယ်။ အမျက်ဒေါသထွက်လာရင် ကြမ်းကြမ်းတမ်းတမ်းဆဲဆိုကြိမ်းမောင်း ရန်တွေ့တယ်။ ကိုယ်ထိလက်ရောက် အကြမ်းဖက်ရင်လည်း ထိခိုက်ဒဏ်ရာရတဲ့အထိ အကြမ်းမကိုင်ဘူး။ ပစ္စည်းတွေပျက်စီးအောင် ရိုက်နှက်ပစ်ပေါက်တာမျိုး မလုပ်ဘူး။ အဲဒီလိုနှုတ်အားဖြင့် အကြမ်းဖက်တဲ့အပြုအမူရက်သတ္တပတ်တစ်ပတ်မှာ အနည်းဆုံးနှစ်ကြိမ် ပြုလုပ်ရင် မပြင်းထန်တဲ့အိုင်အီးဒီရောဂါရှိတယ် လို့သတ်မှတ်ပါတယ်။

ဒုတိယအမျိုးအစားကတော့ ပိုပြီးဆိုးတယ်။ မကြာခဏ နှုတ်နဲ့အကြမ်းဖက်ရန်တွေ့တာအပြင် သူတစ်ပါး ထိခိုက်ဒဏ်ရာရအောင်၊ ပစ္စည်းပျက်စီးအောင် အကြမ်းဖက်တိုက်ခိုက်တဲ့ အပြုအမူရှိတယ်။ တစ်နှစ်အတွင်းမှာ အဲဒီလို အပြုအမူတွေ အနည်းဆုံးသုံးကြိမ်ဖော်ပြရင် ပြင်းထန်တဲ့ အိုင်အီးဒီရောဂါလို့ သတ်မှတ်ပါတယ်။

အဲဒါ အိုင်အီးဒီရောဂါကို ခွဲခြားနားလည်နိုင်တဲ့အချက်တွေပါပဲ။ မေးချင်တာ ရှိသေးလား”
“ရှိပါတယ်ဆရာ။ ကျွန်မက ကျေးလက်ဒေသမှာနေတဲ့ တောသူပါ”
ကျောင်းသူတစ်ယောက်က အဲဒီလို စကားစလိုက်တော့ တခြားဆေးကျောင်းသားတွေရဲ့ ရယ်မောသံကို ကြားရတယ်။
“ပြောပါ . .”
“ကျွန်မတို့ရွာမှာ မကြာခင်က မှုခင်းတစ်ခု ဖြစ်ပွားပါတယ်။ အသက် ၃၀ ကျော်ရှိ လယ်သမားတစ်ဦးဟာ အလိုအလျောက် အရမ်းကြမ်းတမ်းခက်ထန်လာပြီး တွေ့ရာလူတွေကို ဓားနဲ့လိုက်ခုတ်တယ်။ ရွာထဲက ယောကျာ်းတွေ ဝိုင်းဝန်းရိုက်နှက်ပြီး အချိန်မီဖမ်းဆီးချုပ်နှောင်နိုင်လို့ လူအနည်းငယ်သာ ဒဏ်ရာရတယ်”

“ရဲကို မတိုင်ဘူးလား”
“ရွာခံလူကြီးတွေရောက်လာပြီး ‘ဒီလို ဖြစ်တာ ငါတို့ရိုးရာအယူအဆမှာ ‘အာမုတ်’(Amok)လို့ ခေါ်တယ်။ ဒီလူက လူရိုးလူကောင်းပဲ၊ ဒေါသကြီး တတ်သူ မဟုတ်ဘူး။ ကျားဆိုးဝိဉာဉ်ပူးလို့ ဖြစ်တာလို့ပြောပါတယ်။ ဒါကြောင့် ရွာသားတွေက သူ့ကို အပြစ်မတင်ကြပါဘူး။ အဲဒီလိုဖြစ်တာ အိုင်အီးဒီရောဂါကြောင့်လား ဆရာ”
“တစ်ကြိမ်တစ်ခါသာ အကြမ်းဖက်သတ်ဖြတ်တာ ဖြစ်လို့ အိုင်အီးဒီလို့ မခေါ်နိုင်ဘူး။ နောက်ပြီး အိုင်အီးဒီဝေဒနာရှင် အကြမ်းဖက်ရင် လူတွေကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်တဲ့ အပြုအမူမရှိပါဘူး။ “အာမုတ်”ရောဂါကို မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတွေမှာသာမကပါဘူး။ တခြား အာရှတိုက်နိုင်ငံတွေနဲ့ တောင်အမေရိကတိုက်နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။

‘အာမုတ်’ရောဂါဟာ ရှေးဟောင်းယဉ်ကျေးမှု ဓလေ့ထုံးစံကို မှီပြီး ဖြစ်တဲ့ စိတ်ဝေဒနာ (Culture-bound syndrome)လို့ ယူဆခဲ့ပါတယ်။ ဒါပေမဲ့ ‘အာမုတ်’ရောဂါလို့ ရုတ်တရက် စိတ်ထပြီး လူတွေကို သတ်ဖြတ်တာဟာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှာမဆို ဖြစ်ပွားတာကို လက်ခံလာပါတယ်။ နောက်ပြီး ‘အာမုတ်’ရောဂါ ဖြစ်သူဟာ စိတ်ရောဂါတစ်ခုခု ခံစားနေရတာကိုလည်း တွေ့ရှိကြပါတယ်။ ဒါကြောင့် ခုန ကပြောတဲ့ လယ်သမားကိုစိတ်ကျန်းမာရေး စစ်ဆေးဖို့ လိုပါတယ်”
_ _ _

ဆေးကျောင်းသူက ဆက်လက်ဆွေးနွေးပါတယ်။
“ကျောင်းပိတ်ရက်မှာ ကျွန်မမွေးရပ်ရွာကို အလည်သွားပါတယ်။ ဆွေမျိုးမိတ်ဆွေတွေနဲ့ တွေ့ဆုံ စကားပြောရင်း ခုနက လယ်သမားအကြောင်းကို ရောက်သွားတယ်။ ဦးလေးတစ်ယောက်က နောက်ပြောင်သလိုလိုနဲ့ မေးခွန်းထုတ်တယ် . .
‘ငါ့တူမ ဆေးကျောင်းသူကြီးကို မေးရဦးမယ်၊ အမျက်ဒေါသကြီးတဲ့သူကို ကုသဖို့ ဒေါသပြေဆေး ရှိသလား’တဲ့။
“ကျွန်မ ဘယ်လိုဖြေရမလဲဆရာ”

ရှေ့တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top